ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ကချင်ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များအား မတ်လ ၂၄ ရက် မွန်းလွဲ ၃ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်ရုံး၌ တွေ့ဆုံပြီး ဥပဒေပြုရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လွှတ်တော် အတွေ့အကြုံများ  ရှင်းလင်းပြောကြားသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံကို ဒီမိုကရေစီနိုင်ငံ အဖြစ် တည်ဆောက်မည်ဆိုပါက လွှတ်တော်၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံတိုင်းတွင် ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်သည် လွှတ်တော်ဖြစ်သည်ကို အထင်အရှား တွေ့ရမည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှဆင်းသက်ပါကြောင်း၊ အချုပ်အခြာအာဏာသည် ပြည်သူများ၏ လက်ဝယ်တွင်ရှိပါကြောင်း။

ပြည်သူများက အားကိုးယုံကြည်မှုဖြင့် ရွေးချယ်တင်မြောက်လိုက်သည့် ကိုယ်စား လှယ်များသည် နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများ၏အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက် နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင် ကြရန်လိုအပ်ပါကြောင်း၊ ထို့အတူ လွှတ်တော်ဝန်ထမ်းများ၏ အခန်းကဏ္ဍသည်လည်း အရေးပါသည့်အတွက် အရည်အသွေးမြင့်မားရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စွမ်းဆောင်ရည်မြင့်မားပြီး လွှတ်တော်ဆိုင် ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာ ထားရန်လိုအပ်ပါကြောင်း၊ မေးမြန်းသည့်မေးခွန်း၊ တင်သွင်းသည့် အဆိုများသည် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများတွင်ပါရှိသည့် မေးခွန်း၊ အဆိုတို့နှင့်စပ်လျဉ်းသည့် စည်းကမ်းချက်များ၊ ကန့်သတ်ချက်များကို လိုက်နာကြရန်လိုပါကြောင်း။

ဥပဒေကြမ်းများရေးဆွဲရာတွင်လည်း တိကျ မှန်ကန်၊ ရှင်းလင်း ပြတ်သားရန် လိုအပ် ပြီး တရားမျှတရန်လည်းလိုအပ်ပါကြောင်း၊ ဥပဒေပြဋ္ဌာန်းရာတွင် နိုင်ငံတော်နှင့် နိုင်ငံသား များအတွက် အကျိုးရှိသည့် ဥပဒေဖြစ်ရန်လိုကြောင်း၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားဖြစ် ထွန်းစေရန် တည်ဆဲဥပဒေများကို ပြန်လည်သုံးသပ်ခြင်း၊ ခေတ်ကာလအခြေအနေတို့နှင့် လိုက်လျောညီထွေမှုမရှိသည့် ဥပဒေများကို ပြင်ဆင်ဖြည့်စွက်ခြင်း ပြုလုပ်ရန်လိုကြောင်း၊ ထို့ပြင် ပြည်သူများ လေးစားလိုက်နာနိုင်သည့် ဥပဒေဖြစ်ရန်လည်း အထူးလိုအပ်ပါကြောင်း။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်း၊ အပြန်အလှန်ထိန်းကျောင်းခြင်းတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ Check and Balance ပြုလုပ်သည့်နေရာ တွင် ကန့်သတ်ချက်ဘောင်များကို ကျော်လွန်ပြီး ဝင်ရောက် စွက်ဖက်ခြင်းမျိုး မဖြစ်ရအောင် အထူးသတိပြုရန်လိုကြောင်း၊ မိမိတို့ မဲဆန္ဒနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံ လွှတ်တော်ဆိုင်ရာဥပဒေနှင့်အညီ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပေါင်းစပ်ခွင့်ရှိပါကြောင်း။

ဒီမိုကရေစီစနစ်တွင် ပြည်သူကိုဗဟိုပြုသည့်အတွက် ပြည်သူများ၏ အသံ၊ ဆန္ဒနှင့် သဘေထားတို့ကို နားထောင်ပြီး ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေး ရန်လိုအပ်ကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် ကျင့်ဝတ်သိက္ခာများကိုလည်း ထိန်းသိမ်း လိုက်နာရန်လိုအပ်ပါကြောင်း၊ မိမိတို့၏လုပ်ပိုင်ခွင့်ကို အလွဲသုံးစားမှု၊ လာဒ်ပေးလာဒ်ယူမှု တို့မပြုလုပ်ရန် လိုအပ်ပါကြောင်း။

မိမိတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ထွန်းကားမှသာ တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း။

ဒီမိုကရေစီနိုင်ငံတည်ဆောက်မည်ဆိုပါက သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့် လွှတ်ခြင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်း၊ နားလည်မှုရှိခြင်း၊ ယုံကြည်မှုရှိခြင်းများ ဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အနာဂတ်မျိုးဆက်များအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ၏ ပြယုဂ်သည် လွှတ်တော်များဖြစ်သည့် အတွက် လွှတ်တော်လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းစွာ လည်ပတ်နိုင်ရန် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များက အစဉ်ကြိုးပမ်းရမည်ဖြစ်ကြောင်း။

မိမိတို့တာဝန်ယူရသည့် ကာလတွင် လိပ်ပြာသန့်သန့်ဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန်၊ တရားမျှတ သည့် လူ့အဖွဲ့အစည်းထူထောင်ရန်၊ အဂတိကင်းသည့် လူ့အသိုင်းအဝိုင်းဖော်ဆောင် ကြရန် လိုအပ်ပါ ကြောင်းပြောကြားသည်။

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် လွှတ်တော်တွင်း ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြပြီး သိရှိလိုသည်များကို မေးမြန်းရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကချင်ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ဒုတိယဥက္ကဌ ဦးဒိန်ခန်ဖုန်၊ ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

မတ်လ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ တပ်ကုန်းအင်ဂျန်ဒုံ IDP Camp ရှိ နယ်မြေလုံခြုံရေး အခြေအနေရ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့ နေထိုင်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ရာ စခန်း တာဝန်ခံက လက်ခံရယူသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကယ်ဆယ်ရေးစခန်း များအတွင်း နေထိုင်ကြသည့် မိသားစုများထံ ဆန်အိတ်များ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ အနွေထည်များနှင့် ရေသန့်အစရှိသည့် ထောက်ပံ့ပစ္စည်းများကို  ပေးအပ်သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ကယ်ဆယ်ရေးစခန်းတွင် နေထိုင်ကြသည့် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

၂၀၁၇ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့

 

 

 

Standard (Image)