(ဃ)-မဘိမ်းသစ်ထုတ်လုပ်ရေးဒေသမှ ထုတ်လုပ်မည့် သစ်မာတန် (၂၀၀၀) နှင့် ရွှေလီ၊ မဘိမ်း သစ်ထုတ်လုပ်ရေးဒေသမှ ထုတ်လုပ်မည့် သစ်မာတန် (၁၀၀၀) အား အငှားကားတိုက်ရာတွင် ဒေသခံပြည်သူများ လုပ်ကိုင်ခွင့်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၅.၁.၂၀၁၈)

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်၊ မဘိမ်းသစ်ထုတ်ရေးဒေသမှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် သစ်မာတန် ၁၁၀၀၀ နှင်‌့ ရွှေလီသစ်ထုတ်ရေးဒေသမှ သစ်မာတန် ၃၀၀၀ အား ထုတ်လုပ်မည်ဟု သိရှိရပါကြောင်း၊ ဌာနကားနှင့်တိုက်မှာက ၉၀၀၀ ဖြစ်ပြီး ပိုသည့်တန် ၃၀၀၀ ကို ဒေသခံအငှားကားများနှင့် တိုက်မည်ဟု ရည်ရွယ်ပြောဆိုခဲ့လျှင် မိမိအနေဖြင့် ၂၈-၁၁-၂၀၁၆ ရက်နေ့ အမြဲသိမ်းဂျာနယ်တွင် ဝန်ကြီးပြောထားချက်အရ မိုးမိတ်မြို့နယ်က ဒေသခံကားခေါင်းဆောင်ဖြစ်သည့် ကိုအောင်ဇင်ဦးမှ လျှောက်ထားခဲ့ပါကြောင်း၊ ပိုသည့်တန် ၃၀၀၀ ကို ဒေသခံကားများ အလုပ်အကိုင်အခွင်‌့အလမ်းပေးရန် လျှောက်ထားခဲ့ပါကြောင်း၊ တင်ပြတောင်းခံခဲ့သည့်အပေါ် သဘာဝသယံဇာတ ဝန်ကြီးနှင့် ၁၈-၉-၂၀၁၇ ရက်နေ့တွင် တွေ့ဆုံခဲ့သည့်အခါ ဒေသခံကားများနှင့် တိုက်ရန်၊ ဒေသတာဝန်ခံ၏ ညွှန်ကြားမှုကိုလိုက်နာပြီး ဒေသခံကားများဖြင့်သာ လုပ်ငန်း ဆောင်ရွက်ရန် ညွှန်ကြားခဲ့သော်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် ပြည်ထောင်စုဝန်ကြီး၏ နှုတ်မိန့်ဖြင့် မှာကြားခဲ့သည့် သဘောထားမှတ်ချက်ကို ဝန်ကြီးဌာန၏ လက်အောက်အဆင့်ဆင်‌့ရှိ အကြီးအကဲများ အကောင်အထည်ဖော် ဆောင်မှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊

ဒေသခံပြည်သူများ အလုပ်အကိုင်၊ အခွင်‌့အလမ်း နည်းပါးကြပါကြောင်း၊ မိမိတို့တိုင်းပြည်တွင် အလုပ်အကိုင်၊ အခွင်‌့အလမ်းနည်းပါးသည့်အတွက် ဆင်းရဲသည့် ပြည်သူများ အများကြီးရှိပါကြောင်း၊ ယခုလိုအလုပ်အကိုင် အခွင့်အလမ်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ခွင်‌့ရှိသည့်အချိန်တွင် ပိုသည့်သစ်ကိုတိုက်ရန် တောင်းဆိုခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ပိုသည့်တန် ၃၀၀၀ ကို ဒေသခံပြည်သူများ အလုပ်အကိုင်၊ အခွင်‌့အလမ်းရရှိရန်အတွက် အခွင်‌့အလမ်း ဆောင်ရွက်ပေးမှု ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
သယံဇာတနှင်‌့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
အဖြေ

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကစပြီး ပဲခူးရိုးမရှိ ပဲခူးရိုးမနှင့်မြန်မာနိုင်ငံတစ်ခုလုံးရှိ သစ်ထုတ်လုပ်ခြင်းကို ရပ်နားထားပါကြောင်း၊ ပဲခူးရိုးမသည် ၁၀ နှစ်ဖြစ်ပြီး တစ်ခြားတိုင်းနှင့် ပြည်နယ်များတွင် တစ်နှစ်ရပ်နားထားပါကြောင်း၊ ထို့နောက် ၂၀၁၇-၁၈ ခုနှစ်တွင် သစ်တိုက်သည့် လုပ်ငန်းကိုပြန်ပြီး သစ်ပြန်ထုတ်ပါကြောင်း၊ ထုတ်သည့်နေရာတွင် မြန်မာ့သစ်လုပ်ငန်းအနေဖြင့် မြန်မာတစ်နိုင်ငံလုံး ကျွန်း ၁၅၀၀၀ ပါ၊ သစ်မာ ၃၅၀၀၀၀ ဌာနအားနှင့်ထုတ်ရန် ရည်မှန်းထားပါကြောင်း၊ အကယ်၍ ဌာနအင်အားနှင့် မလုံလောက်ပါက လုပ်ငန်းတစ်ခုချင်းအလိုက် သစ်တန်များကို အငှားကားဖြင့် ဆောင်ရွက်သွားမည်ဟု အစည်းအဝေးတွင် ဆုံးဖြတ်ထားပါကြောင်း၊ တိုင်းနှင့်ပြည်နယ်ရှိ မန်နေဂျာများကိုလည်း အမိန့်ချမှတ်ထားပါကြောင်း၊ 

မိုးမိတ်တွင် သစ်မာ ၁၁၀၀၀၊ ရွှေလီ၊ မဘိမ်းတွင် ၄၀၀၀ စုစုပေါင်း ၁၅၀၀၀ ဖြစ်ပါကြောင်း၊ မိုးမိတ်ဒေသတွင် ထုတ်လုပ်မည့် သစ်မာတန် ၁၁၀၀၀ အနက် ဌာနအင်အားဖြင့် ၉၀၀၀၊ အငှားအားနှင့် ၂၀၀၀ ကားတိုက်ရန် စီစဉ်ထားသော်လည်း တကယ်တမ်း ပင်ထောင်တောထဲ တိုက်သည့်အခါ သစ်မာတန်က အားလုံးပေါင်းမှ ၉၀၀၀ ကျော် ထွက်ခြင်းကြောင်‌့ ဌာနကကားနှင့် တိုက်ထုတ်ပြီး အငှားကားနှင့် လုံးဝတိုက်စရာ မလိုသည့်အတွက်ကြောင့် အငှားကားကို အသုံးမပြုရခြင်း ဖြစ်ပါကြောင်း၊ ရွှေလီ၊ မဘိမ်းတွင်လည်း သစ်မာတန် ၄၀၀၀ နှင့် ဌာနအားနှင့် ၃၀၀၀၊ အငှားအားနှင့် ၁၀၀၀ တိုက်မည်ဟု ရည်ရွယ်ထားပါကြောင်း၊ သို့သော်လည်း ပဲခူးတိုင်းဒေသကြီးတွင် သစ်ထုတ်လုပ်ခြင်းကို ၁၀ နှစ်နားသည့်အတွက်ကြောင့် ၎င်းမှာ ရှိသည့်ကားများကို ကားလိုအပ်သည့်နေရာများကို မိမိတို့ပို့ပါကြောင်း၊ သစ်ထုတ်လုပ်ရေးဒေသက သစ်တိုက်ကား ၃ စီး ရွှေ့ပြောင်းပြီး ဌာနအင်အားနှင့် ဆောင်ရွက်ရန်စီစဉ်ထားပါကြောင်း၊ ဒေသခံများကို အလုပ်အကိုင် ပေးချင်သော်လည်း ဌာနတွင်ရှိသည့်အင်အားနှင့် ပြည်‌့စုံသည့်အတွက်ကြောင်‌့ မလိုအပ်ခြင်း ဖြစ်ပါကြောင်း၊

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဒုတိယအထွေထွေမန်နေဂျာ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကို ၂၈-၁၀-၂၀၁၇ ရက်နေ့တွင် အငှားကားလျောက်ထားရန်အတွက် ဦးအောင်ဇင်ဦး၊ ဦးဟန်ချယ်၊ ဦးစောတိုးတိုး၊ ဦးသီဟအောင်ခြူးနှင့် ဒေါ်သန်းသန်းဌေးတို့ကို အစည်းအဝေးခေါ်သည့် နေရာတွင် လျှောက်ထားသူများ လုံလောက်လို့ရှိလျှင် ဌာနအစီအစဉ်ဖြင့်သာ ဆောင်ရွက်လိုပါကြောင်း၊ ထိုနည်းတူ ဌာနအင်အားနှင့် ကားတိုက်လုပ်ငန်းဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်ပြီး ဌာနအင်အားဖြင့် ဆောင်ရွက်မည့်ကိစ္စကို  အထူးပြောစရာမရှိပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနမှ ထုတ်လုပ်မည့် မူများအရ အဖြစ်နိုင်ဆုံး ဌာနအင်အားဖြင့် ထုတ်ပါမည်။ ဌာနအင်အားနှင့်မလုံလောက်ပါက ပြင်ပကနေငှားပါမည်။ ငှားမယ်‌့နေရာမှာလည်း ဒေသခံများကို အဓိကဦးစားပေးပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိုးမိတ်၊ မဘိမ်းဒေသတွင် သစ်ထုတ်ရန်အတွက် မလုံလောက်သော်လည်း မြန်မာ့သစ်တော ဦးစီးဌာနက ဖမ်းဆီးရမိသည့် သစ်များကို ကားတိုက်ရန်ရှိသည့်နေရာ သို့မဟုတ် အခုလောလောဆယ် သစ်ထုတ်နေသည့် နေရာတွင်လည်း မိုးရွာလျှင် ရှိသည့်အင်အားနှင့် မလုံလောက်ပါက ဒေသခံများကို ဦးစားပေးပြီး အလုပ်အကိုင်အခွင်‌့အရေးရအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။