(ဂ)-ပခုက္ကူ-ကြံခင်းရထားလမ်းအပိုင်းနှင့် မင်းဘူးမှအမ်းသို့ ဖောက်လုပ်မည်ဟုဆိုသော မြေပေါင်များ ဖို့ထား၍ နစ်နာခဲ့သော တောင်သူများအား မည်သည့်နှုန်းထားများဖြင့် တွက်ချက်၍ ပေးလျော်သွားမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၃.၁.၂၀၁၈)

မင်းဘူး(စကု)မြို့နယ်တွင် ကြံခင်း-ပခုက္ကူရထားလမ်းနှင့် မင်းဘူး-အမ်းလမ်းဆိုပြီး ရထားလမ်းနှစ်လမ်း ဖြတ်သန်း ဖောက်လုပ်ထားပါကြောင်း၊ ကြံခင်း-ပခုက္ကူလမ်းကို ၂၀၀၆-၀၇ တွင် စီမံကိန်းစတင်ပြီး ၂၀၁၀-၁၁ တွင် စီမံကိန်းပြီးစီးခဲ့ပါကြောင်း၊ မင်းဘူးနှင့်ပွင့်ဖြူအပိုင်းကို ၂၂-၁-၂၀၁၁ ရက်နေ့တွင် စတင် ပြေးဆွဲခဲ့ပြီး  စီးမည့်သူမရှိသည့်အတွက် ၂၀၁၂ ခုနှစ် ဇွန်လတွင် ရပ်ခဲ့ရသည့်အတွက် ပွင့်ဖြူ-စလင်းအပိုင်းနှင့် မင်းဘူးအပိုင်းကို ပြေးဆွဲခြင်း မရှိတော့ပါကြောင်း၊ မင်းဘူး-အမ်း-စစ်တွေလမ်းကို ၃၀-၈-၂၀၁၀ တွင် စီမံကိန်းစတင်ပြီး ၂၁-၄-၂၀၁၁ တွင် စီမံကိန်းရပ်ခဲ့ရပါကြောင်း၊ မင်းဘူး-အမ်း-စစ်တွေလမ်း၏ မြေကြီးတိုင်းတာမှုအနေဖြင့် ၄၁ မိုင်ခန့် တိုင်းတာခဲ့ပြီး မြေပြုပြင်ခြင်းလုပ်ငန်းကို ၁၉ မိုင်ခန့် ပြီးစီးခဲ့ပါကြောင်း၊ ထို့ကြောင့် မင်းဘူး(စကု)မြို့နယ်အတွင်း ဖြတ်သန်းဖောက်လုပ်ခဲ့သည့် ပခုက္ကူ-ကြံခင်းရထားလမ်းအပိုင်းနှင့် မင်းဘူး-အမ်း ဖောက်လုပ်ထားတဲ့ရထားလမ်းပေါင်များအတွက် နစ်နာခဲ့ရသည့် တောင်သူများအတွက် မည်သည့်အချိန်တွင် မည်သည့်နှုန်းထားများဖြင့် တွက်ချက်၍ လျော်ကြေးပေးသွားမည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်မျိုး
အဖြေ

ပခုက္ကူ-ကြံခင်းရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်သည့် သိမ်းဆည်းမြေများအတွက် လျော်ကြေး၊ နစ်နာ ကြေးငွေများကို သက်ဆိုင်ရာတိုင်းဒေသကြီးများ၏ လျော်ကြေးတန်ဖိုး အတည်ပြုချက်ပေါ်မူ တည်၍ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အထိ မြေဧရိယာ ၁၁၈၄.၃ ဧကအတွက် လယ်ယာမြေ လျော်ကြေးငွေ စုစုပေါင်း ကျပ် ၂၃၉၅.၇၇၇၅ သန်းပေးလျော်ခဲ့ပြီးဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် တွင် သိမ်းဆည်းမြေ ၂၂၉၂.၁၆ ဧကအတွက် လျော်ကြေးငွေကျပ် ၃၂၄၀.၂၅ သန်းကို ကာယကံရှင်များထံ ပေးထားပြီးဖြစ်ပါကြောင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု၁၅ အုပ်စု အတွက် မြေယာ လျော်ကြေး ပေးချေရန် ကျန်ရှိနေပြီး ၎င်းကျေးရွာများအတွက် လျော်ကြေးငွေများကို သက်ဆိုင်ရာ မြို့နယ်/ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ တင်ပြချက်အပေါ်မူတည်၍ မကွေးတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ အတည်ပြုချက်ရရှိပါက ဝန်ကြီးဌာနအနေဖြင့် နီးစပ်ရာဘဏ္ဍာရေးနှစ်မှာ ဘဏ္ဍာငွေ တင်ပြတောင်းခံသွားပြီး ဘဏ္ဍာငွေရရှိပါက ပေးလျော်သွားမှာဖြစ်ကြောင်း၊ မင်းဘူး-အမ်း-စစ်တွေ ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းကို ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ပြီး မင်းဘူးဘက်ခြမ်း တွင် မင်းဘူး-ပဒါန်းကြား မင်းဘူးဘူတာမှ လေးပင်ကျေးရွာအလွန်ထိ ရထားလမ်းတာဘောင်အရှည် မိုင် ၂၀ အတွက် မြေသားလုပ်ငန်းဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ မင်းဘူး - အမ်း ရထားလမ်း ဖောက်လုပ် ရာတွင် မင်းဘူး(စကု)မြို့နယ်၊ ကျေးရွာအုပ်စု ငါးအုပ်စုအတွက် ပါဝင်သည့်မြေများကို တိုင်းတာစိစစ်ပြီး မင်းဘူးမြို့နယ်၊ ကန်ရေကျေးရွာအုပ်စုရှိ မြေ ၃၁.၆၆ ဧကအတွက် မကွေးတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ အတည်ပြုချက်အရ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် လျော်ကြေး ငွေကျပ် ၇၂.၉၃၃ သန်း ပေးချေထားပြီးဖြစ်ပါကြောင်း၊ မင်းဘူး-အမ်း-စစ်တွေ ရထားလမ်း ဖောက်လုပ်မှုကြောင့် မင်းဘူး-ပဒါန်းကြား၊ မင်းဘူး(စကု) မြို့နယ်အတွင်း လျော်ကြေးပေးချေရန် ကျန်ရှိသည့် ကျေးရွာအုပ်စု လေးစု အတွက် မြေတိုင်းတာစိစစ်ပြီး ဖြစ်၍ သိမ်းဆည်းမြေ ၂၁၃.၆၂ ဧက အတွက် လျော်ကြေးတန်ဖိုးများကို သက်ဆိုင်ရာမြို့နယ်/ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တင်ပြချက်များအပေါ် မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏အတည်ပြုချက်ရရှိပါက  ဝန်ကြီးဌာနအနေဖြင့် နီးစပ်ရာ ဘဏ္ဍာရေး နှစ်တွင် ဘဏ္ဍာငွေတင်ပြတောင်းခံသွားပြီး ဘဏ္ဍာငွေရရှိပါက ပေးလျော်သွားမည် ဖြစ်ပါကြောင်း၊ သိမ်ဆည်း မြေများနှင့်ပတ်သက်၍ တောင်သူတစ်ဦးချင်းစီ၏ သိမ်းဆည်းမြေဧကကို မြေအမျိုးအစားအလိုက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ စိစစ်အတည်ပြုပြီး မြေလျော်ကြေး/နစ်နာကြေး တစ်ဧက ဈေးနှုန်းဖြင့် တွက်ချက်မှုပုံစံ(၁၂)ကို မြို့နယ်မှ တွက်ချက်အတည်ပြုပြီး ၎င်းမှတစ်ဆင့် သက်ဆိုင် ရာခရိုင်နှင့် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ အတည်ပြုချက်ရရှိရေးအတွက် အဆင့်ဆင့် တင်ပြ ဆောင်ရွက်ရပြီး လျော်ကြေးတန်ဖိုးအတည်ပြုချက်ရရှိမှသာ ဝန်ကြီးဌာနမှ နီးစပ်ရာဘဏ္ဍာရေးနှစ် တွင် နိုင်ငံတော်သို့ ဘဏ္ဍာငွေတင်ပြ တောင်းခံပြီး ခွင့်ပြုချက်ရရှိပါက လျော်ကြေးပေးချေခြင်းများ ဆက်လက်ဆောင်ရွက်သွားရခြင်း ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

ဦးဝင်းဝင်း(မင်းဘူးမဲဆန္ဒနယ်)မှဆက်စပ်မေးခွန်မေးမြန်းပါသည်။

လျော်ကြေးပေးသည့်အခါ ဘဏ္ဍာငွေအခြေအနေအရ တင်ပြတောင်းခံပြီးရရှိမှ လျော်ကြေးပေးမည် ပြည်သူများကို နားလည်အောင်ရှင်းပြထားပါကြောင်း၊  သို့သော် ၂၀၁၀ ခုနှစ် မှ ယခုအချိန်ထိ တွက်ချက် မှု၊ တိုင်းတာမှု၊ ကွင်းဆင်းတိုင်းတာမှုများမလုပ်ရသေးသည့် ကျေးရွာများကျန်ရှိနေသေးကြောင်း၊ ကွင်းဆင်း တိုင်းတာသည့်နေရာတွင် မိမိတို့က မီးရထားကိုပြောပါကြောင်း၊ မီးရထားက မြေစာရင်းကို လွှဲပါကြောင်း၊ မြေစာရင်းကလည်း မီးရထားအဖွဲ့ပါမှ တိုင်းတာလို့ရမည်ဟု ပြောပါကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် လွှဲချနေသည့် အခြေအနေများကို ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် လျော်ကြေးမရသေးသော် တိုင်းတာ ရန်ကျန်ခဲ့သည့် မြေနေရာများကို တိုင်းတာတွက်ချက်ပြီး အမြန်ဆုံးတင်ပြရန် ညွှန်ကြားပေးခြင်း  အစီအစဉ် ရှိ/မရှိ ကိုသိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်း အားမေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်မျိုး

ဝန်ကြီးဌာနအနေဖြင့် ယခုလိုတိုင်းတာသည့်နေရာတွင် မိမိတို့ဝန်ကြီးဌာန တစ်ခုထဲမဟုတ်ဘဲ သက်ဆိုင် ရာ၊ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် မိမိတို့လက်အောက်ခံတွင်ရှိသည့်ဌာန၊ ဥပမာ-မြန်မာ့မီးရထားအနေဖြင့် ယခုလိုတိုင်းတာ စိစစ်သည့် နေရာတွင် နှောင့်နှေးမှုမရှိရန် ညွှန်ကြားသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။