ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၄၃၃)ဦးအနက် (၃၉၆)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင်ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးမြစိန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်မှ မေးမြန်းသော တရားရုံးအဆင့်ဆင့်ရှိ တရားသူကြီးမဟုတ်သော အချို့သော ဘီလစ်စာရေးများ၊ ရှေ့ဖတ်စာရေးများ၊ ရုံးအကူများမှာ အနေကြာသူ ဝန်ထမ်းများဖြစ်၍ သင့်တင့်သော အချိုးဖြင့် အသုတ်လိုက် ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေရန် အစီစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင် က တိုင်းဒေသကြီး/ပြည်နယ်များ၌ လုပ်ငန်းလိုအပ်ချက်အရလည်းကောင်း ၊ ရာထူးတိုးမြှင့်ပေးသည့်အခါများတွင် အခြားအဆင့်ဝန်ထမ်းများကို သင့်တော်ရာဒေသရှိ တရားရုံးများသို့ ပြောင်းရွှေ့နေရာ ချထားဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် တရားရုံးအဆင့်ဆင့်ရှိ အနေကြာဝန်ထမ်း များအား သင့်တင့်သောအချိုးဖြင့် အသုတ်လိုက်ပြောင်းရွှေ့တာဝန် ထမ်းဆောင်စေရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးစိုင်းကျော်မိုး၊ မိုင်းပန်မဲဆန္ဒနယ်မှ မေးမြန်းသော မိုင်းပန်မြို့နယ်အတွင်း နားမွန်ကျေးရွာအုပ်စုနှင့် ဝိုးလိုင်းကျေးရွာအုပ်စုတို့တွင် မိုဘိုင်းဖုန်းဆက်သွယ်ရေး ရရှိ စေရန်အတွက် မိုဘိုင်းဖုန်းဆက်သွယ်ရေး တာဝါတိုင်(သို့) အခြားတာဝါတိုင်များ တပ်ဆင် ပေးနိုင်ခြင်း ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက လောလောဆယ်တွင် အစီအစဉ်မရှိသေးပါကြောင်းနှင့် Universal Service Fund ကို တည်ထောင်သည့်အချိန်တွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဦးစားပေးအဆင့်လိုက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၃) ဦးဝင်းဝင်း၊ မင်းဘူးမဲဆန္ဒနယ်မှ မေးမြန်းသော မင်းဘူး(စကု)မြို့နယ်အတွင်း ဖြတ်သန်းဖောက်လုပ်ခဲ့သော ပခုက္ကူ-ကြံခင်း ရထားလမ်းအပိုင်းနှင့်မင်းဘူးမှ အမ်းသို့ ဖောက်လုပ်မည်ဟုဆိုသော မြေပေါင်များဖို့ထား၍ နစ်နာခဲ့သော တောင်သူများအား မည်သည့်အချိန်တွင် မည်သည့်နှုန်းထားများဖြင့် တွက်ချက်၍ ပေးလျော်သွားမည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက နီးစပ်ရာဘဏ္ဍာနှစ်တွင် နိုင်ငံတော်သို့ ဘဏ္ဍာငွေတင်ပြ တောင်းခံပြီး ခွင့်ပြုချက်ရရှိပါက လျော်ကြေးငွေပေးချေခြင်းများ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးခွန်သန်းထူး၊ ဆီဆိုင်မဲဆန္ဒနယ်မှ မေးမြန်းသော ဆီဆိုင်မြို့နယ်၏ အရှေ့ခြမ်း တစ်လျှောက်နှင့်မောက်မယ်မြို့နယ်အနောက်ခြမ်း ဆက်စပ်နေထိုင်ကြသော ဒေသခံ တိုင်းရင်းသားကျေးလက်ပြည်သူများသည် မြို့နေပြည်သူများကဲ့သို့ Mobile ဖုန်းများ အသုံးပြုနိုင်ရန် လိုအပ်သောနေရာများမှာ MPT တာဝါတိုင် တိုးချဲ့တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက လောလောဆယ်တွင် အစီအစဉ်မရှိသေး ပါကြောင်းနှင့် Universal Service Fund ကို တည်ထောင်သည့်အချိန်တွင် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ဦးစားပေးအဆင့်လိုက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးစဲကီကော်၊ မိုင်းခတ်မဲဆန္ဒနယ်မှ မေးမြန်းသော မိုင်းခတ်မြို့နယ်ရှိ ဝေးလံခေါင်သီ အရပ်ဒေသများဖြစ်သော မိုင်းညှင်းဒေသရှိ မိုင်းညှင်း၊ ဟုတ်ပုံ၊ ဝမ်ပင်း၊ ဝမ်အွမ်နှင့် ပါပွန်းကျေးရွာအုပ်စု အနောက်ဘက်ခြမ်းတွင် မြန်မာ့ဆက်သွယ်ရေး (MPT-GSM) လက်ကိုင်ဖုန်း အသုံးပြုခွင့်ရရှိရန် ဆောင်ရွက်ပေးမည့် အစီအစဉ်များကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက လောလောဆယ်တွင် အစီအစဉ်မရှိသေးပါကြောင်းနှင့်အခြေခံ ဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေးဆိုင်ရာရန်ပုံငွေ (Universal Service Fund ) ကို တည်ထောင်သည့်အချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဦးစားပေးအဆင့်လိုက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဒေါက်တာဦးစိုးမိုးသူ၊ မြောင်းမြမဲဆန္ဒနယ်မှ မေးမြန်းသော မြောင်းမြမြို့နယ်တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(က.ည.န) ခရိုင်ရုံးအသစ် ပြန်လည်ဖွင့်လှစ် ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက လောလောဆယ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ရုံးသစ်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သောဝန်ထမ်းဖွဲ့စည်းပုံ ခွင့်ပြုချက်ရရှိပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိသည့်အချိန်တွင် ရုံးဖွင့်လှစ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) ဥပဒေကြမ်းတင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေ(The Caste Disabilities Removal Act) ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၂၅.၁.၂၀၁၈ ရက်(ကြာသပတေးနေ့) ညနေ(၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
၃။ အစည်းအဝေးကို နံနက်( ၁၁ )နာရီတိတိတွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပမည့်ရက်ကို ၂၅.၁.၂၀၁၈ ရက်( ကြာသပတေးနေ့ )နံနက် ၁၀ နာရီတွင် လျာထားပါသည်။
