(ခ)-မိုင်းပန်မြို့နယ်အတွင်း နားမွန်ကျေးရွာအုပ်စုနှင့် ဝိုးလိုင်းကျေးရွာအုပ်စုတို့တွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေး ရရှိစေရန်အတွက် မိုဘိုင်းဖုန်းဆက်သွယ်ရေး တာဝါတိုင် (သို့) အခြားတာဝါတိုင်များ တပ်ဆင်ပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၃.၁.၂၀၁၈)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့သည် နယ်စပ် ဒေသလမ်းပန်းဆက်သွယ်ရေး ခက်ခဲဝေးလံသည့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် မြို့တစ်မြို့ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၇-၇-၁၉၇၂ ရက်စွဲပါ အမိန့်အရ မြို့နယ်အဖြစ် ဖွဲ့စည်းမိန့်ရရှိခဲ့သည် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ မြို့နယ်တစ်ခုလုံးဧရိယာ၏ ၉၅၀ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းရင်းသားများ အများစုနေထိုင်ကြပါကြောင်း၊ မြို့နယ်တစ်ခုလုံး အလွန် ကျယ်ဝန်းသည့်အတွက် ကျေးလက်လမ်းများသည် ‌ကျေးရွာအနှံ့အပြားကို ဖောက်လုပ်နိုင်ခြင်း မရှိသည် အတွက် သွားလာမှုခက်ခဲလျက်ရှိပါကြောင်း၊ ထို့ကြောင့် အရေးပေါ်ဆက်သွယ်ရန် လိုအပ်ပါ က မိုဘိုင်းဖုန်းများနှင့်သာ ဆက်သွယ်ကြရပါကြောင်း၊ မိုင်းပန် မြို့နယ်တွင်  ၂၀၁၄  ခုနှစ်မှစ၍ မိုဘိုင်း ဖုန်းများ သုံးစွဲခဲ့ပါကြောင်း၊ လိုင်းကြပ်ခြင်း၊ လိုင်းပြတ်ခြင်းများ မကြာခဏဖြစ်ပေါ်ပြီး ဆက်သွယ်မှု များခက်ခဲကြန့်ကြာခဲ့ရ ပါကြောင်း၊ မိုင်းပန်မြို့ပေါ်တွင် Station တာဝါတိုင်စိုက်ထူခဲ့သည့် မိုင်းပန် မြို့တစ်မြို့သာ အသုံးပြုနိုင်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင်  MPT GSM အပြင်၊ အောရီဒူး၊ တယ်လီနော ကုမ္ပဏီများ ရောက်ရှိလာပြီး မိုင်းပန်မြို့ပေါ်တွင် တာဝါတိုင်စိုက်ထူခဲ့သည့် အတွက် မိုင်းပန်မြို့ပေါ်နှင့် တောင်ကြီး-လင်းခေး-မိုင်းပန် ပြည်ထောင်စုလမ်းမကြီးဘေးအထိ ရောက်ရှိသုံးစွဲနိုင်ခဲ့ပါကြောင်း။ ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် နိုင်ငံတော်အစိုးရနှင့် စာချုပ်ချုပ်ဆိုစဉ် ကုမ္ပဏီများသည် ဆက်သွယ်ရေးလမ်းကြောင်းများ၏ ဆက်ကြောင်းများအရ တာဝါတိုင်များကို နှစ်အလိုက်စိုက်ထူရ မည်ဟု သိရှိရပါကြောင်း၊ ယခုအချိန်တွင် လူဦးရေသိပ်သည်းမှုအနေဖြင ဆက်သွယ်ရေး ကုမ္ပဏီများသည် ဖုန်းသုံးစွဲမှု၊ ငွေကြေးရရှိမှုများ အတွက်သာ အဓိကထားပြီး မြို့ပေါ်နှင့် လမ်းမကြီးဘေးဝဲ/ယာများတွင် စိုက်ထူတာသည်ကိုတွေ့ရှိရပြီး ပြည်သူများအားလုံး ဆက်သွယ်ရေး ကွန်ရက်လွှမ်းခြုံမှုမရရှိသည့်အတွက် အချို့ကျေးရွာများတွင် ဆက်သွယ်ရေးအလွန်အင်မတန် ခက်ခဲ လျက်ရှိတာကို တွေ့ရပါကြောင်း၊ မိုင်းပန်မြို့တောင်ဘက် ၃၆ မိုင်ကွာဝေးသည့် နားမွန် ကျေးရွာ အုပ်စု နောင်လေ၊ မိုင်းပုတ်၊ ပန်ပိ၊ ဆမ်ကွယ်နောင်ချိုကျေးရွာတို့တွင် လူဦးရေ ၂၀၀၀ ကျော်ရှိပြီး မည်သည့် ဆက်သွယ်ရေး တာဝါတိုင်မှ စိုက်ထူခြင်းမရှိသည့်အတွက် ဆက်သွယ်မှုသွားလာ ခက်ခဲလျက်ရှိပါ ကြောင်း၊  မိုင်းပန်မှ တာဆန်း၊ မိုင်းတုံသွား ပြည်ထောင်စုကားလမ်းမကြီးဘေးရှိ ဝိုးလိုင်းကျေးရွာအုပ်စု တုံတစ်ကျေးရွာ၊ ကိုးမိုင်ကျေးရွာ၊ ဝမ်ထမ်ကျေးရွာနှင့် ရွာသာယာကျေးရွာ၊ တာဆန်းကျေးရွာ တို့တွင် လူဦးရေများပြားပြီး လမ်းမကြီးဘေးတွင်ရှိသော်လည်း မည်သည့် ဆက်သွယ်ရေးတာဝါတိုင်မှ ယနေ့ အထိ လာရောက်စိုက်ထူခြင်း မရှိသည့်အတွက် ဆက်သွယ်ရေး အင်မတန်ခက်ခဲလျက်ရှိပါကြောင်း၊ ဝိုးလိုင်းကျေးရွာအုပ်စုနှင့် နားမွန်ကျေးရွာအုပ်စု ကျေးရွာများတွင် ဆက်သွယ်မှုရရှိစေရန် မိုဘိုင်းဖုန်း ဆက်သွယ်ရေးတာဝါတိုင်များကို မည်သည့်အစီအစဉ်နှင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးကျော်မျိုး
အဖြေ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုင်းပန်မြို့ပေါ်၌ CDMA- 450 စခန်းတစ်ခုနှင့် GSM စခန်းတစ်ခု၊ နောင်ပါးမွန် ကျေးရွာ၊ ဟိုမိန်းကျေးရွာနှင့် ဆွေဟွေ ကျေးရွာတို့၌ GSM စခန်းတစ်ခုစီဖြင့် စုစုပေါင်း GSM စခန်းလေးခုတို့ကို ဖွင့်လှစ်ထားရှိပြီး မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ တယ်လီနောမြန်မာမှ မိုင်းပန်မြို့နယ်တွင် လင်းခေး-မိုင်းပန် အဝေးပြေးလမ်းအနီး နားလောကျေးရွာနှင့် ဆွတ်ဟွေကျေးရွာ ကမာတန်ဘုန်းကြီးကျောင်းတို့၌ GSM စခန်းတစ်ခုစီဖြင့် စုစုပေါင်း GSM စခန်းနှစ်ခုကို ဖွင့်လှစ်ထား ရှိပါကြောင်း၊ အော်ရီဒူးမြန်မာ လီမိတက်အနေဖြင့် မိုင်းပန်မြို့နယ်အတွင်းရှိ ညောင်ပင်သာမြို့ပတ်လမ်း အလယ်ရပ်ကွက်၌ GSM စခန်းတစ်ခုကို ဖွင့်လှစ်ထားရှိပြီး မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း များ ကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တယ်လီနောမြန်မာ လီမိတက်နှင့် အော်ရီဒူးမြန်မာလီမိတက်တို့သည် နိုင်ငံတစ်ဝန်လုံးရှိ မြို့ပြနှင့် ကျေးလက်ဒေသများပါ မကျန် ဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေရန်အတွက် မိုဘိုင်းဆက်သွယ်ရေးစခန်း များတည်ဆောက်ဖွင့်လှစ်ပေးလျက်ရှိရာ ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်၊ လူဦးရေသိပ်သည်းဆ၊ ဆက်စပ် နေသည့် မိုက္ကရိုဝေ့ဗ်၊ ဖိုင်ဘာ၊ ဂြိုလ်တု စသည့် အဝေးဆက်သွယ်ရေးဆက်ကြောင်းများ တည်ဆောက် ရခြင်း၊ လျှပ်စစ်မီးရရှိနိုင်မှုအခြေအနေ၊ ပထဝီ အသွင်အပြင်နှင့် မြေပြင်အနေအထား၊ ရာသီဥတုအခြေ အနေစသည်တို့အပေါ်မူတည်၍ ထည့်သွင်းစဉ်းစား တည်ဆောက်ရခြင်းဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် လိုင်စင်သက်တမ်းငါးနှစ်တာကာလအတွင်း ပထဝီဧရိယာ (Geographic)  လွှမ်းခြုံမှုအနေဖြင့် မြန်မာနိုင်ငံဧရိယာ၏ ၈၀ ရာခိုင်နှုန်းကျော်အထိ ကွန်ရက်ဖြန့်ကျက်ရန် ကတိထားရှိ ခဲ့ပြီး ယခု လေးနှစ်မြောက်လိုင်စင်သက်တမ်းတွင် လူဦးရေ(Population) လွှမ်းခြုံမှုကို မြန်မာနိုင်ငံ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်အထိ ကွန်ရက်ဖြန့်ကျက်ဆောင်ရွက်သွားရန် ပြောင်းလဲခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ပြောင်းလဲရခြင်းမှာ လိုင်စင်သက်တမ်းခြောက်နှစ်တွင်း မြန်မာနိုင်ငံ အတွင်းရှိ အခြေခံဆက်သွယ်ရေးဖွံ့ဖြိုးမှု နောက်ကျနေသည့် နယ်မြေဒေသများတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု များ တိုးချဲ့တည်ဆောက်နိုင်ရေးအတွက် Universal Service Fund ဟုခေါ်သည့် အခြေခံဆက်သွယ် ရေးလိုအပ်ချက်ဖြည့်ဆည်းရေးဆိုင်ရာ ရန်ပုံငွေကို ဆက်သွယ်ရေးအော်ပရေတာများမှ ၎င်းတို့ဝင်ငွေ၏ နှစ်ရာခိုင်နှုန်း နှစ်စဉ်ထည့်ဝင်၍ တည်ထောင်ရန်ဖြစ်သော်လည်း ယခုလေးနှစ်မြောက်လိုင်စင် သက်တမ်း တွင် စတင်ထည့်ဝင်ရန် ညှိနှိုင်းသဘောတူ ခဲ့ခြင်းကြောင့်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်း နားမွန်ကျေးရွာအုပ်စုရှိ နောင်လေ၊ မိုက်ပုတ်(ပန်ပိ)၊ ဆမ်ကွယ်ကျေးရွာတို့နှင့် ဝိုးလိုင်းကျေးရွာအုပ်စုရှိ တုံတစ်ခြောက်မိုင်ရွာ၊ ကိုးမိုင်ရွာ၊ ဝမ်ထမ်(၁၂)မိုင်ရွာ၊ ရွာသာယာ (၁၈) မိုင်ရွာနှင့် တာဆန်းရွာတို့မှာ တာဝါတိုင်များနှင့် မိုဘိုင်း ဆက်သွယ်ရေး စခန်းများ တိုးချဲ့တည်ဆောက်ပေးရန် လောလောဆယ်တွင် အစီအစဉ်မရှိသေး ပါကြောင်းနှင့် Universal Service Fund ကို တည်ထောင်သည့်အချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဦးစားပေးအဆင့်လိုက် ညှိနှိုင်းဆောင်ရွက်ပေး သွားမှာဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။