(စ)-မြောင်းမြမြို့နယ်တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) ခရိုင်ရုံးအသစ် ပြန်လည်ဖွင့်လှစ် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၃.၁.၂၀၁၈)

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြောင်းမြခရိုင်ရုံးကို ၁၉၈၇ မှစတင်၍ ၁၉၉၂ အထိ ငါးနှစ်အကြာ ဖွင့်လှစ်ခဲ့ပြီးနောက် မြောင်းမြခရိုင်ရုံးကို ပိတ်သိမ်းပြီး မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင် အတွင်းရှိ ယာဉ်နှင့်ယာဉ်မောင်းလိုင်စင် လုပ်ငန်းများကို ပုသိမ်တိုင်းဦးစီးရုံးတွင် ယနေ့အထိတာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုသိမ်တိုင်းဦးစီးရုံးမှနေပြီး  မြောင်းမြခရိုင်အတွင်းရှိ မြို့များကို ခြောက်လတစ်ကြိမ်၊ လပွတ္တာခရိုင်အတွင်းရှိ မြို့များကို တစ်နှစ်တစ်ကြိမ် နယ်လှည့်ကွင်းဆင်းပြီး ဆောင်ရွက်ပေးနိုင်ပါကြောင်း၊

ထို့ကြောင့် နယ်လှည့်ချိန်များကို ယာဉ်ပိုင်ရှင်များက စောင့်ဆိုင်းရသည့်အတွက်ကြောင့် အခွန်အခများ၊ ဒဏ်ကြေးများ၊ လလွန်ကြေးများကို ပိုမိုကုန်ကျသည်ကို တွေ့ရှိရပါကြောင်း၊ ကျန်သည့်လများတွင် မြောင်းမြကနေပြီး ၃၂ မိုင်၊ လပွတ္တာမြို့ကနေ ၇၅ မိုင်ကွာဝေးသည့် ပုသိမ်ရုံးတွင်သွားရောက် ဆောင်ရွက်ရသည့်အတွက်ကြောင့် သွားလာစရိတ်များ၊ စားစရိတ်များ ပိုမိုကုန်ကျလျက်ရှိသည့်အပြင် စာရွက်စာတမ်းများစုံလင်ပြီး ယာဉ်ကြံ့ခိုင်မှု စစ်ဆေးအောင်မြင်ပါက နေ့ချင်းပြီးသော်လည်း အထောက်အထားမစုံလင်ခြင်း၊ ယာဉ်ကြံ့ခိုင်မှု အားနည်းခြင်းကြောင့် ပြန်လည်ပြင်ဆင်ရပါက တစ်ရက်တည်းမပြီးခြင်းကြောင့် အချိန်ကုန်လူပမ်းပြီး စရိတ်ထောင်းကာ အခက်အခဲများနှင့် ရင်ဆိုင်ရပါကြောင်း၊  မြောင်းမြခရိုင်တစ်ခုတည်းတွင် ယာဉ်အရေအတွက် ၄၀၀၀၀ ကျော်ရှိသော်လည်း ရုံးမရှိသေးပါကြောင်း၊ ဖျာပုံခရိုင်တွင် ယာဉ်အရေအတွက် ၂၈၀၀၀ ကျော်ရှိေသော်လည်း ခရိုင်ရုံး ဖွင်‌့လှစ်ပေးပြီး ဖြစ်ပါကြောင်း၊ ထူးခြားချက်မှာ မြောင်းမြခရိုင်တွင် ယာဉ်အရေအတွက် ၄၃၀၀၀ ကျော်ရှိသော်လည်း ယာဉ်မောင်းလိုင်စင်အရေအတွက် ၂၄၀၀၀ ကျော်သာရှိသည်ကို တွေ့မြင်ကြရမှာဖြစ်ပါကြောင်း၊ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် လိုင်စင်မဲ့ယာဉ်မောင်း အများအပြားရှိခြင်းကို တွေ့ရှိရပြီး ယာဉ်မောင်းလိုင်စင်လျှောက်ထားရာတွင် အခက်အခဲများ တွေ့ရှိရမည်ကိုလည်း မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊

ရုံးဆောက်ရန်မြေနေရာကိုလည်း မြောင်းမြမြို့နယ် မြေချထားရေးကော်မတီနှင့် ညှိနှိုင်းလျာထားပြီး အခြားမိတ်ဖက်ရုံးများဖြစ်သည့် မြန်မာ့အာမခံလုပ်ငန်း၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ လုပ်ငန်းလိုင်စင်ရုံးများလည်း ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ ဆိုင်ကယ်အရောင်းပြခန်းငါးခုနှင့် ပုဂ္ဂလိကယာဉ်မောင်း သင်တန်းကျောင်းနှစ်ခုလည်း ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ က.ည.န ရုံးဆောက်ရန် လျာထားသည့် မြေနေရာရှိပါကြောင်း၊ သို့ဖြစ်ပါသောကြောင့် က.ည.န မြောင်းမြခရိုင်ရုံးအသစ် ဖွင်‌့လှစ်ခြင်းအားဖြင့် မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်နှစ်ခုထဲရှိ  ပြည်သူများအနေဖြင့် ယာဉ်မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင်လုပ်ငန်းများ လွယ်ကူသက်သာစွာ ဆောင်ရွက်နိုင်ခြင်း၊ မိတ်ဖက်ရုံးများဖြစ်သောကြောင်‌့ မှတ်ပုံတင်လုပ်ငန်းများ ချိတ်ဆက်၍ One Stop Service ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံတော်အခွန်အခများ အချိန်နှင့်တစ်ပြေးညီ ကောက်ခံနိုင်ခြင်း၊ လမ်းစည်းကမ်း/ယာဉ်စည်းကမ်း ပညာပေးစစ်ဆေးအရေယူမှု လုပ်ငန်းများကို ထိရောက်မြန်ဆန် လာခြင်း၊ ယာဉ်မောင်းလိုင်စင်များ ပိုမိုလွယ်ကူစွာ လျှောက်ထားနိုင်ခြင်းဖြင့် လိုင်စင်မဲ့ယာဉ်မောင်း အရေအတွက်ကို ထိရောက်စွာ လျော့ချနိုင်ခြင်း၊ တရားဝင်လိုင်စင်ယာဉ်/ ဆိုင်ကယ်များ တိုးတက်များပြားလာသည့်အတွက် သယ်ယူပို့ဆောင်မှု၊ ကုန်စည်စီးဆင်းမှုများ ချောမွေ့လာသည်နှင့်အမျှ မြောင်းမြမြို့၏ စီးပွားရေးဖွံ့ဖြိုးမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်  ကုန်းလမ်းပို့ဆောင်ရေး ညွှန်းကြားမှုဦးစီးဌာန (က.ည.န) ခရိုင်ရုံးအသစ် ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည်‌့ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်ပြီး မည်သည့်နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

ကုန်းလမ်းပို့ဆောင်ရး ညွှန်ကြးမှုဦးစီးဌာန (က.ည.န) ၏ ဧရာဝတီတိုင်းဒေသကြီးရုံး (ပုသိမ်) က ဆိုလျှင် ‌မြောင်းမြခရိုင်ရှိ  ‌မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ဝါးခယ်မမြို့နယ်နှင့် လပွတ္တာမြို့နယ်များရှိ မော်တော်ယာဉ် မှတ်ပုံတင်လုပ်ငန်းနှင့် ယာဉ်မောင်းလိုင်စင်လုပ်ငန်းများကို နှစ်စဉ်နယ်လှည့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခင်က ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး (မြောင်းမြ) ကို ၁၉၈၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးနောက် လုပ်ငန်းပမာဏနည်းပါးသဖြင့် ၁၉၉၂ ခုနှစ်တွင် ရုံးများစုဖွဲ့၍ ‌မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်းရှိ ယာဉ်နှင့်ယာဉ်မောင်းလိုင်စင်များကို တိုင်းဒေသကြီးရုံး (ပုသိမ်) မှ တာဝန်ယူဆောင်ရွက်ခဲ့ပါကြေင်း၊ လက်ရှိမြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်နှင်‌့ ဝါးခယ်မမြို့နယ် သုံးမြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၇ ခုနှစ် နိုင်ဝင်ဘာလအထိ မှတ်ပုံတင်ယာဉ်စီးရေ ၄၃၇၉၈ စီးနှင့် ယာဉ်မောင်းလိုင်စင်စောင်ရေ ၂၄၈၇၁ စောင်သာ မှတ်ပုံတင်ထားရှိပါကြောင်း၊ ၂၁-၇-၂၀၁၅ ရက်နေ့တွင် အသစ်ဖွင့်လှစ်ခဲ့သည့် ခရိုင်ရုံး (ဖျာပုံ) တွင် ဖျာပုံမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် ဒေးဒရဲမြို့နယ်တို့ပါဝင်ပြီး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအထိ မှတ်ပုံတင်ယာဉ်စီးရေ ၃၀၁၆၅ စီးနှင့် ယာဉ်မောင်းလိုင်စင်စောင်ရေ ၃၅၆၇၇ စောင်မှတ်ပုံတင်ထားရှိပါကြောင်း၊ မြောင်းမြခရိုင်အတွင်းရှိ ယာဉ်စီးရေမှာ ဖျာပုံခရိုင်ထက် ၁၃၆၃၃ စီး ပိုမိုသော်လည်း လိုင်စင်စောင်ရေမှာ ဖျာပုံခရိုင်ထက် ၁၀၈၀၆ စောင် လျော့နည်းလျက် ရှိပါကြောင်း၊

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဖွဲ့စည်းပုံအင်အား ကန့်သတ်ချက်အရ မြောင်းမြခရိုင်၌ ဝန်ထမ်းဖွဲ့စည်းပုံ ခွင့်ပြုထားခြင်း မရှိပါသဖြင့် ရုံးဖွင့်လှစ်နိုင်ခြင်းမရှိသေးသော်လည်း အဆိုပါ ခရိုင်အတွင်းရှိ မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်လုပ်ငန်းများကို တိုင်းဒေသကြီးရုံး (ပုသိမ်) မှ ဝန်ထမ်းအင်အားဖြင့် တစ်နှစ်လျှင်အနည်းဆုံး လေးကြိမ်သွားရောက်၍ မှတ်ပုံတင်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

မြောင်းမြခရိုင်တွင် မှတ်ပုံတင်ထားသည့် ယာဉ်စီးရေနှင့် ယာဉ်မောင်းလိုင်စင် စောင်ရေတို့မှာ အခြားခရိုင်များနှင့် နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိနေသေးကြောင်း၊ သို့ရာတွင် ရုံးဖွင့်လှစ်နိုင်ပါက ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်သူလူထုသည် နယ်လှည့်မှတ်ပုံတင်ဆောင်ရွက်သည့် အချိန်ကို စောင့်ဆိုင်းစရာမလိုဘဲ ရုံးဖွင်‌့ရက်များတွင် လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် မြောင်းမြ-လပွတ္တာ ကားလမ်းမကြီးဘေးရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မုဆိုးကွင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၇၆-က) ဧရိယာ ၂.၁၀ ဧကရှိမြေနေရာကို ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးဆောက်လုပ်ရန် လျာထားပေးခဲ့သဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ် အောက်တိုဘာလမှ စက်တင်ဘာလတွင် ရုံးအသစ်ဆောက်လုပ်ရန် ရန်ပုံငွေကျပ် ၂၃၀.၄ သန်း လျာထားတင်ပြ ထားပါကြောင်း၊

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရုံးအသစ်တစ်ရုံးဖွင်‌့လှစ်မည်ဆိုလျှင် ရုံးဆောက်လုပ်ရန် မြေနေရာရှာဖွေ တောင်းခံခြင်း၊ ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင် အတည်ပြုခြင်း၊ နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်းတွင် ရုံးအဆောက်အဦ၊ ရုံးသုံးပရိဘောဂ၊ ရုံးသုံးစက်ကိရိယာ၊ ယာဉ်စစ်ဆေးရေး စက်ကရိယာများ၊ ရုံးအသုံးအဆောင်ပစ္စည်းများ စသည်တို့အတွက် ငွေလုံးငွေရင်း အသုံးစရိတ်များ တောင်းခံခြင်း၊ ဝန်ထမ်းဖွဲ့စည်းပုံနှင့်အညီ ဝန်ထမ်းများ ခန့်ခွင့်ပြုနိုင်ရန် တင်ပြ တောင်းခံခြင်း၊ ခန့်ထားမည့် ဝန်ထမ်းများ၏ လစာစရိတ်များ ကျခံရန်အတွက် သာမန်အသုံးစရိတ် ဘတ်ဂျက်ခွင့်ပြုငွေ တင်ပြတောင်းခံခြင်းများ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊

ညောင်ဦးမြို့၊ ကသာမြို့၊ သံတွဲမြို့တို့တွင် က.ည.န ရုံးအသစ်များ ဖွင့်လှစ်နိုင်ရန်တင်ပြခဲ့သည့် လိုအပ်ချက်များကို ဆက်လက်ဖြည့်ဆည်းနိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ တိုးချဲ့ရေးဆွဲထားသည့် ဝန်ထမ်းဖွဲ့စည်းပုံကို ၂၀၁၇ ခုနှစ် ဇူလိုင်လက တင်ပြထားခဲ့ပြီး အဆင့်ဆင့်စိစစ် လျက်ရှိပါကြောင်း၊

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးရုံး (ပုသိမ်) အနေဖြင့် မြောင်းမြ ခရိုင်အတွင်း နေထိုင်သည့်ပြည်သူများ သွားလာလွယ်ကူစေရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ချောမွေ့စေရေးအတွက် ၂၀၁၇ ခုနှစ်တွင် ယာဉ်မှတ်ပုံတင်လုပ်ငန်းနှင့် ယာဉ်မောင်းလိုင်စင်လုပ်ငန်း များကို မြောင်းမြမြို့နယ်၌ ဖေဖော်ဝါရီလ၊ မေလ၊ စက်တင်ဘာလနှင့် ဒီဇင်ဘာလများတွင် လည်းကောင်း၊ အိမ်မဲမြို့နယ် ဇူလိုင်လနှင့်ဝါးခယ်မမြို့နယ်၌ ဖေဖော်ဝါရီလတို့တွင်လည်းကောင်း နယ်လှည့်ကွင်းဆင်းခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

သို့ဖြစ်ပါ၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် မြောင်းမြခရိုင်အတွင်း၌ ယာဉ်စီးရေနှင့်ယာဉ်မောင်းလိုင်စင် စောင်ရေများ ယခုထက်ပိုမိုတိုးတက် များပြားလာပါက လည်းကောင်း၊ ဒေသဆိုင်ရာအာဏာပိုင်များ သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်ကြီးများမှ လိုအပ် သည့်အခါ ညှိနှိုင်းလာပါကလည်းကောင်း၊ နယ်လှည့်ကွင်းဆင်းခြင်း အကြိမ်ရေ တိုးမြင့်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်းနှင့် မြောင်းမြခရိုင် က.ည.န ရုံးဖွင်‌့လှစ်ရန် လောလောဆယ် ဆောင်ရွက် ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ရုံးသစ်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် ဝန်ထမ်းဖွဲ့စည်းပုံ ခွင့်ပြုချက်ရရှိပြီး ရန်ပုံငွေခွင့်ပြုချက် ရရှိသည့်အချိန်တွင် ရုံးဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။