မိုင်းခတ်မြို့နယ်တစ်မြို့နယ်လုံးတွင် MPT တာဝါတိုင်နှစ်တိုင်သာရှိသည့် အတွက် မိုင်းခတ်မြို့အနီး ပတ်ဝန်းကျင်တွင် ဖုန်းအဆက်အသွယ်ပြောဆိုရာတွင် လွယ်ကူသော်လည်း၊ မိုင် ၂၀ ရှိတွင်ရှိသည့် မိုင်းညှင်းဒေသတွင် ဖုန်းပြော၍ မရဖြစ်နေပါကြောင်း၊ မိုင်းညှင်းဒေသတွင် ကျေးရွာအုပ်စုငါးခု ရှိပါကြောင်း၊ ၎င်းကျေးရွာအုပ်စုငါးခုတွင် မိုင်းခတ်တစ်မြို့နယ်လုံး၏လူဦးရေ ငါးပုံနှစ်ပုံရှိပါကြောင်း၊ မိုင်းညှင်းဒေသတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများသည် မြန်မာပြည်အနှံ့မှ ရောက်ရှိလာ သော ဝန်ထမ်းများဖြစ်ကြပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိသည့် အတွက် မိုင်းခတ် မြို့နယ်သို့ သွားလိုပါက ပွင့်လင်းရာသီတွင် သွားရပါကြောင်း၊ မိုးတွင်းတွင် ဘယ်လိုမှသွား၍ မရသော လမ်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝေးလံခေါင်သီဒေသတွင် အထူးလိုအပ်နေသော မြန်မာ့ဆက်သွယ် ရေး MPT သို့မဟုတ် GSM လက်ကိုင်ဖုန်းများ အသုံးပြုနိုင်ရေး အတွက် တာဝါတိုင် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည် ကိုလည်းကောင်း၊ အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့် ဆောင်ရွက်မပေးနိုင်ဘူးဆိုသည်ကို သိလိုပါကြောင်း ဖြင့်မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်းရှိ လွယ်မီးကျေးရွာတွင် CDMA-450 MHz စခန်းတစ်ခု၊ GSM စခန်းတစ်ခု၊ ဝမ်ခုတ်ကျေးရွာအုပ်စု သံခမောက်တောင်မှာ GSM စခန်းတစ်ခုနှင့် မိုင်းခတ်မြို့မှာ GSM စခန်းတစ်ခု စုစုပေါင်းစခန်း လေးခုကို ဖွင့်လှစ်၍ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်ပဆက်သွယ်ရေးအော်ပရေတာများဖြစ်သည့် တယ်လီနော မြန်မာလီမိတက်နှင့် အော်ရီဒူးမြန်မာ လီမိတက်တို့အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ် မြို့နယ်အတွင်း တာဝါတိုင်များ တည်ဆောက်ပေးရန် လောလောဆယ်အားဖြင့် အစီအစဉ်မရှိသေးဟု သိရပါကြောင်း၊ မြန်မာနိုင်ငံ၏ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် တာဝါတိုင်များ တည် ဆောက်၍ မိုဘိုင်းဆက်သွယ်ရေးစခန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ နေရာဒေသ၏ အခြေအနေ အရပ်ရပ်ကို စိစစ်တိုင်းတာ၍ ဆက်စပ်လုပ်ငန်းများကို ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက် နေရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ မိုင်းညှင်းဒေသရှိ မိုင်းညှင်းကျေးရွာအုပ်စု၊ ဟုတ်ပုံကျေးရွာအုပ်စု၊ ဝမ်ပင်းကျေးရွာအုပ်စု၊ ဝမ်အွမ်ကျေးရွာအုပ်စုနှင့် ပါပွန်း ကျေးရွာအုပ်စုအနောက်ဘက်ခြမ်းတို့တွင် မြန်မာ့ဆက်သွယ်ရေး (MPT-GSM) လက်ကိုင်ဖုန်းများ အသုံးပြုခွင့် ရရှိရန် မိုဘိုင်းဆက်သွယ်ရေးစခန်းများနှင့် တာဝါတိုင်များ တည်ဆောက်ပေးရန် လောလောဆယ်တွင် အစီအစဉ်မရှိသေးပါကြောင်းနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ ထည့်ဝင် ငွေဖြင့် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးဆိုင်ရာရန်ပုံငွေ(Universal Service Fund)ကို တည်ထောင်သည့်အချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဦးစားပေးအဆင့်လိုက် ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
မေးခွန်းသုံးခုကို ဖြေကြားခဲ့ရာ မိမိအနေဖြင့် Universal Service Fund တည်ထောင်သည့်အချိန်တွင် ဆောင်ရွက် ပေးနိုင်မည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ၎င်းအစီအစဉ်ကို ဆောင်ရွက်ရန်အတွက်ကို ယခုဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မူဝါဒနှင့် နည်းဗျူဟာများ ချမှတ်ပြီး ကမ္ဘာ့ဘဏ်အကူအညီဖြင့် အတိုင်ပင်ခံအနေဖြင့် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ၎င်းနှစ်အတွင်း အော်ပရေတာများသည် ၎င်းတို့ဝင်ငွေ၏နှစ်ရာခိုင်နှုန်းကို စပြီးထည့်ဝင်ရမည် ဖြစ်သည့်အတွက် နှစ်နှစ်အတွင်း ဘီလီယံ ၄၀ လောက် ရရှိမည်ဟုခန့်မှန်းပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ ဝေးလံခေါင်သီသည့် နေရာများ တွင် ပုံမှန်အားဖြင့် စီးပွားရေးတွက်ချေကိုက်မှု ၂၅ ရာခိုင်နှုန်းနှင့် ၇၅ ရာခိုင်နှုန်း ကြားမှာရှိသည့် နေရာများ ကို မိမိတို့က အကြံပေးအဖွဲ့များနှင့်စိစစ်ပြီး ဦးစားပေးအဆင့်လိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ၎င်းအစီအစဉ်ကို သက်ဆိုင်ရာ လုပ်ငန်းလုပ်ကိုင် သူများနှင့်ညှိနှိုင်း ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြသွားပါသည်။
