ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်သည် အရှေ့ဘက်မှာ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်နှင့် လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တို့နှင့် ဆက်စပ်လျက်ရှိပြီး ပွင့်ချောင်းတစ်လျှောက် တွင် တောင်ကုန်းတောင်တန်းများ ကာရံထားပြီး ပေ ၇၈၀၀ ခန့်မြင့်မားသည့် လွင်မောတောင်ကြီး တည်ရှိ ပါကြောင်း၊ အရှေ့ဘက်ခြမ်းနှင့် အရှေ့မြောက်ခြမ်းရှိ ကျေးရွာများသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲ ခြင်း၊ ကျေးရွာအချို့တွင် ရေရှားပါးခြင်း၊ တောင်ကုန်းတောင်တန်းများ ထူထပ်စွာတည်ရှိခြင်းကြောင့် လူမှုဘဝဖွံ့ဖြိုးမှု နောက်ကျလျက်ရှိပါကြောင်း၊ ၎င်းဒေသသည် သွားရေးလာရေးခက်ခဲသည့်အပြင် Mobile တာဝါတိုင်မရှိသဖြင့် နေရာအတော်များများတွင် ဖုန်းပြောဆိုလို့မရပါကြောင်း၊ အချို့ငွေကြေးတတ်နိုင်သူ များမှ အထိုင်ဖုန်းများဝယ်ယူပြီး အိမ်၌ဖုန်းပြောနိုင်ကြသော်လည်း ကျန်လူအများစုမှာ ဖုန်းလိုင်းမိသည့် တောင်ထိပ်များ၊ ကျေးရွာရှိကုန်းမြင့်များသို့ အချိန်ပေးပြီး သွားရောက်ဖုန်းပြောနေကြရသဖြင့် အချိန်ကုန်၊ ငွေကုန် များစွာဖြင့် ကြုံတွေ့နေရပါကြောင်း၊ တာဝါတိုင်ထားရှိပေးပါက နေရာမရွေးဖုန်းအသုံးပြုနိုင်ပြီး ကျေးလက်နေပြည်သူများအနေဖြင့် မိမိတို့၏ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့်လူမှုကိစ္စအဝဝများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပြီး တောနှင့်မြို့ ဖွံ့ဖြိုးတိုးတက်ကွာဟမှုကို ပိုမိုကျဉ်းမြောင်းလာစေရေးရန် အတွက် များစွာအထောက် အကူပြုနိုင်မည်ဖြစ်သောကြောင့် မောက်မယ်မြို့နယ်၊ လွိုင်လင်မြို့နယ်နှင့် ဆက်စပ်နေ သည့်ဒေသနေ တိုင်းရင်းသားပြည်သူများ မြို့နေပြည်သူများကဲ့သို့ မိုဘိုင်းဖုန်းများ အသုံးပြုနိုင် ရန် အတွက် လိုအပ်သောနေရာများတွင် တာဝါတိုင်တိုးချဲ့ တည်ဆောက်ပေးမည့် အစီအစဉ်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းရှိ ပြင်သာယာကျေးရွာ၊ တောင်းတပ်ကျေးရွာနှင့် နောင်ထော်ကျေးရွာတို့မှာ GSM စခန်းတစ်ခုစီနှင့် မောက်မယ်မြို့နယ် အနောက်ဘက်ခြမ်းရှိ ပူးရာစန့် ကျေးရွာတွင် GSM စခန်းတစ်ခု စုစုပေါင်း GSM စခန်းလေးခုကို ဖွင့်လှစ်၍ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တယ်လီနောမြန်မာလီမိတက် အနေဖြင့် ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းရှိ ပြင်သာယာကျေးရွာ၊ တောင်းတပ်ကျေးရွာနှင့် နောင်ထော်ကျေးရွာတို့မှာ GSM စခန်းတစ်ခုစီအပြင် ဆီဆိုင်မြို့ပေါ်မှာ GSM စခန်းသုံးခု၊ ဆီဆိုင်မြို့နယ် အတွင်း နောင်ခလောက် ကျေးရွာ၊ နောင်ဘိုကျေးရွာ၊ ဘန်းယဉ်ကျေးရွာ၊ နောင်မွန်ကျေးရွာ၊ ကျောင်းချယ် ကျေးရွာ ရေဖြူကျေးရွာ၊ ဟော်တောင်ကျေးရွာနှင့် လွယ်ဆမ်ဆစ်ကျေးရွာတို့မှာ GSM စခန်းတစ်ခုစီနှင့် မောက်မယ်မြို့နယ် အနောက်ဘက်ခြမ်း ပူးရာစန့်ကျေးရွာတွင် GSM စခန်းတစ်ခု စုစုပေါင်း GSM စခန်း ၁၅ ခုကိုဖွင့်လှစ်၍ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၎င်းအပြင် အော်ရီဒူး မြန်မာလီမိတက်မှ ဆီဆိုင်မြို့နယ်အတွင်း ဘန်းယဉ်ကျေးရွာ၊ နန်းစေမြဲကျေးရွာ၊ ဟော်တောင်ကျေးရွာ၊ ရေဖြူကျေးရွာ၊ နောင်ခလောက်ကျေးရွာနှင့် နောင်မွန်ကျေးရွာ တို့တွင် GSM စခန်းတစ်ခုစီဖြင့် စုစုပေါင်း GSM စခန်းခြောက်ခုကိုဖွင့်လှစ်၍ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် တာဝါတိုင်များ တည်ဆောက်၍ မိုဘိုင်းဆက်သွယ်ရေးစခန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ နေရာဒေသ၏ အခြေအနေ အရပ်ရပ်ကို စိစစ်တိုင်း တာပြီး ဆက်စပ်လုပ်ငန်းများကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်နေရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၏အရှေ့ဘက်ခြမ်းတစ်လျှောက် နှင့် မောက်မယ်မြို့ နယ် အနောက်ဘက်ခြမ်း ဆက်စပ်လျက်ရှိသည့်နေရာများတွင် တာဝါတိုင်များနှင့်မိုဘိုင်း ဆက်သွယ်ရေး စခန်းများ တိုးချဲ့တည်ဆောက်ပေးရန် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်း နှင့် ဆက်သွယ်ရေး အော်ပရေတာများမှ ထည့်ဝင်ငွေဖြင့် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေးဆိုင်ရာ ရန်ပုံငွေ Universal Service Fund ကို တည်ထောင်သည့်အချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဦးစားပေး အဆင့်လိုက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
