ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်ရန်အတွက်ဆိုလျှင် ကျန်းမာသန်စွမ်းသည့် မျိုးဆက်သစ်လူငယ်များ၏အပေါ် များစွာမူတည် နေပါကြောင်း၊ လူငယ်လူရွယ်များအနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးများတွင် တိုးတက်လာအောင် ကြိုးစားဖို့လိုသကဲ့သို့ ကိုယ်ကာယနှင့် စိတ်ဓာတ်ကြံ့ခိုင်ရေးအတွက်လည်း အားကစားပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မြို့တိုင်း၊ နယ်တိုင်းတွင် အားကစားပြိုင်ပွဲများ ကျင်းပပေးရန်အတွက် အားကစားကွင်းများ ရှိရန်လည်းလိုအပ်ပါကြောင်း၊
လယ်ဝေးမြို့နယ်ပိုင် ဘောလုံးအားကစားကွင်းကြီးကို ၁၉၈၉ ခုနှစ်ခန့်က မြို့လူထုအားဖြင့် အကောင်အထည် ဖော်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ၎င်းဘောလုံးကွင်းကြီးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲကြီးတွင် အသုံးပြုရန်ဟုဆိုကာ နိုင်ငံတော်အဆင့် လေ့ကျင့်ရေးကွင်း Training Center (2) အဖြစ် အားကစားဝန်ကြီးဌာနက ၂၀၁၁ ခုနှစ်တွင် သိမ်းယူခဲ့ပါကြောင်း၊ ယင်းနောက် လယ်ဝေးမြို့နယ်အတွက် ဘောလုံးကွင်းအသစ်ကို အမှတ် (၃) ရပ်ကွက်အတွင်း အစားထိုးပြန်လည်ချပေးခဲ့ပါကြောင်း၊ ယခုလို အစားထိုးပြန်လည်ချပေးခဲ့သည့် ဘောလုံးကွင်းအသစ်က လက်ရှိတွင် ဂိုးတိုင်နှင့်ခြံစည်းရိုးရှိခြင်းကြောင့် ဘောလုံးကစားရန် မရရှိသေးပါကြောင်း၊ ထို့ကြောင့် အစားထိုးပြန်လည်ချပေးသည့် ဘောလုံးအားကစား ကွင်းပြင်ဆင်ခြင်းများ၊ ပွဲကြည့်စင်များ၊ အားကစားသမားများ နားနေမည့်အဆောင်များစသည့် မြို့နယ်အဆင့် ဘောလုံးကွင်း အင်္ဂါရပ်နှင့်ကိုက်ညီသည့် အနေအထားမျိုး ရောက်ရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊
ဆီးဂိမ်းပြိုင်ပွဲများကျင်းပပြီးနောက် လေ့ကျင့်ရေးကွင်းအဖြစ် သိမ်းယူထားသော လယ်ဝေးမြို့နယ်ပိုင် အားကစားကွင်းဟောင်းကို တာဝန်ယူရသည့် ကွင်းတာဝန်ခံဆိုသူမှ ဘောလုံးပွဲတစ်ပွဲ ကန်မည်ဆိုပါက နှစ်သောင်းကျပ်နှုန်းဖြင့် ကွင်းအသုံးပြုကြေးကို ကောက်ခံနေသည်ကိုလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် ဘောလုံးကစားချင်ကြသည့် လူငယ်များ အနေဖြင့် အစားထိုးပေးသည့် ဘောလုံးကွင်းသစ်ကလည်း ဘောလုံးကန်ရန် အဆင်မပြေဘဲ ကွင်းဟောင်းတွင် ကန်မည်ဆိုသော်လည်း တစ်ပွဲကန်တိုင်း နှစ်သောင်းကျပ် ပေးနေရသည့်အတွက် အဆင်မပြေမှုများစွာဖြင့် ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ လယ်ဝေးမြို့နယ်ပိုင် အားကစားကွင်း အသစ်တည်ဆောက်နေမှုကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်တည်ဆောက်ပေးမည်ကို သိလိုခြင်းနှင့် အားကစားကွင်းအသစ်မပြီးခင် အားကစားသမားများ လေ့ကျင့်ခန်းဆင်းခြင်း၊ ဘောလုံးကစားခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပိုင် လေ့ကျင့်ရေးကွင်းတွင် အခမဲ့ကစားခွင့်ပြု/မပြုကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လယ်ဝေးမြို့နယ်ပိုင် အားကစားကွင်းသစ် တည်ဆောက်ခြင်းလုပ်ငန်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၁၅-၁၆ ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုငွေကျပ် ၁၀ သန်းဖြင့် စတင်တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်များတွင် လယ်ဝေးမြို့နယ်အားကစားကွင်းသစ် တည်ဆောက်ခြင်း လုပ်ငန်းအတွက် ခွင့်ပြုငွေရရှိခဲ့ခြင်း မရှိပါကြောင်း၊ သို့သော် ယခုပထမ ခြောက်လပတ် ဧပြီလ ၁ ရက်နေ့၊ ၂၀၁၈ ခုနှစ်မှစ၍ခြောက်လ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေမှာ မီတာ ၄၀၀ ပြေးလမ်း ကျောက်မှုန်ခင်းခြင်း၊ ဘောလုံးကွင်း ရေစိမ့်မြောင်းတည်ဆောက်ခြင်း၊ 315 KVA Transformer တစ်လုံးတပ်ဆင်ခြင်း၊ ပွဲကြည့်စင် (၁၀၀ ပေ x ၃၆ ပေ) တည်ဆောက်ခြင်း၊ Score Board ပြုလုပ်ခြင်း၊ ဘောလုံးကွင်းမြက်စိုက်ခြင်း၊ လေးခန်းတွဲဝန်ထမ်းအိမ်ရာ (၈၀ ပေ x ၃၄ ပေ) တည်ဆောက်ခြင်း၊ ရေရရှိရေးအတွက် ရေဖြန်းစနစ်များ တည်ဆောက်ခြင်း လုပ်ငန်းအတွက် စုစုပေါင်း ကုန်ကျငွေ ၄၂၄.၇၂၀ သန်းအား ခွင့်ပြုရန်ပုံငွေရရှိပြီး ဖြစ်သည့်အတွက် ၂၀၁၈ ခုနှစ် ဧပြီလမှစ၍ လယ်ဝေးအားကစားကွင်းသစ် တည်ဆောက်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊
ယခင်ကလည်း လယ်ဝေးမြို့နယ်အတွင်းရှိ အားကစားသမားများ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဘောလုံးကစားခြင်း၊ လယ်ဝေးမြို့နယ်အုပ်ချုပ်ရေးမှူးဒိုင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား ဘောလုံးပွဲအစရှိသည့် အားကစားလှုပ်ရှားမှုများကို သက်ဆိုင်ရာအဖွဲ့ အစည်းများ၏ ကြိုတင်အကြောင်းကြား ခွင့်ပြုမိန့်ရမည်ဆိုပါက Training Center (2) ယခင်မြို့နယ် အားကစားကွင်းဟောင်းတွင် အခမဲ့ကစားရန် ခွင့်ပြုလျက်ရှိပြီး လက်ရှိတွင် လယ်ဝေးမြို့နယ် ကြက်တောင်ဆပ် ကော်မတီ၏ တင်ပြချက်အရလည်း တစ်နှစ်ပတ်လုံး လေ့ကျင့်ကစားနိုင်ရေးအတွက် ခွင့်ပြုပေးထားပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင်ရှိသော ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်များရှိမည်သည့် အားကစားကွင်းတွင်မဆို အခမဲ့ကစားနိုင်ကြောင်း ကိုလည်း ပြည်သူများအား ၁၈-၁၀-၂၀၁၇ ရက်နေ့ထုတ် ကြေးမုံ၊ မြန်မာ့အလင်းနှင့် မြဝတီ သတင်းစာများတွင် ကြေညာထားပြီး ဖြစ်ပါကြောင်း၊ တစ်ပွဲကစားလျှင် ကွင်းခမှာနှစ်သောင်းပေးသည့် ကိစ္စကို မိမိဘက်မှပြန်လည်ပြီး စုံစမ်းစစ်ဆေးပြီး လိုအပ်သည့်အရေးယူမှုကို ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ အကယ်၍သာ ထပ်ပြီးငွေတောင်းခြင်းကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ သိရှိပါက မိမိထံချက်ချင်း ဖုန်းဆက်၍ အကြောင်းကြားစေလိုပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
