(ဈ)-မန်တုံမြို့နယ်တွင် မြန်မာ့စီးပွားရေး ဘဏ်(ခွဲ)ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၂.၁.၂၀၁၈)

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်သည် ၃၈ မိုင်ကွာဝေးပြီး နမ့်ဆန်မြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲတစ်ခုရှိပြီး မန်တုံမြို့နယ်တွင် လက်ရှိအချိန်အထိ ဘဏ်မရှိသေးပါကြောင်း၊ မန်တုံမြို့နယ်တွင် ဌာနဆိုင်ရာပေါင်းစုံရှိပြီး ပညာရေးဌာနတစ်ခုတည်း ဝန်ထမ်းဦးရေ ၇၀၀ ကျော် အများဆုံးဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများအားလုံး၏ လစာကို လစဉ်လတိုင်း ၃၈ မိုင်ကွာဝေးသည့် နမ္မတူမြို့၊ မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ဌာနဆိုင်ရာများ ပေါင်းစုပြီး လစာထုတ် ယူနေရပါကြောင်း၊ ယခုလိုသွားရောက် ထုတ်ယူရခြင်းအားဖြင့် ဝန်ထမ်းများအချင်းချင်း အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်စေပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၄-၁၅ ခုနှစ်တွင် မြို့နယ်ပညာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မြို့နယ်ပညာရေးမှူးသည် ပညာရေးဝန်ထမ်းများ အားလုံး၏ လစာကို ၃၈ မိုင်ကွာဝေးသည့် နမ္မတူမြို့ကို လစဉ်သွားထုတ်သည့်အတွက် ခရီးစရိတ်ကို လစဉ်တစ်သိန်းဆိုပြီး ဆရာ/မများ၏ လစာထဲမှ လစဉ်ဖြတ်တောက်ခံခဲ့ရပါကြောင်း၊ ၎င်းကိစ္စသည် မိမိတို့၏မြို့နယ်မှာ ဘဏ်မရှိခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်တစ်ခုဖြစ်ပါကြောင်း၊ ယခုချိန် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ အသေးစားလုပ်ငန်းရှင်များသည် နမ္မတူ၊ လားရှိုးသို့သွားရောက်ပြီး ငွေသွင်းငွေထုတ်လုပ်နေရသည့် အတွက်ကြောင့် အချိန်ကုန်လူပင်ပမ်းသည့်အပြင် ငြိမ်းချမ်းမှုမရှိသည့်အတွက်ကြောင့် လမ်းတွင် ကြန့်ကြာနေသည့် အခါမျိုးလည်း ရှိခဲ့ပါကြောင်း၊ မန်တုံမြို့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲတစ်ခု ဖွင့်လှစ်မည်ဆိုပါက ဘဏ်ဖွင့်လှစ်နိုင်ရန်အတွက်လည်း မိမိတို့မြို့ မြို့နယ်ရဲစခန်းဘေး နံရံကပ်ရပ်နေရာတွင် နေရာချထားပြီး မြေနေရာလည်းရရှိပြီးသား ဖြစ်သည့်အတွက်ကြောင့် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နိုင်ငံတော်က ရာနှုန်းပြည့်ပိုင်ဆိုင်သော မြန်မာ့စီးပွားရေးဘဏ် ရုံးချုပ်ဌာနကြီးခြောက်ခု၊ တိုင်းဒေသကြီး/ပြည်နယ်ရုံး ၁၄ ခု၊ ခရိုင်ဘဏ်ခွဲ ၇၆ ခု၊ မြို့နယ်ဘဏ်ခွဲ ၂၁၅ ခု၊ ဘဏ်ငွေတိုက်ခွဲ ၁၈ ခု၊ ကိုယ်စားလှယ်ရုံးခွဲခြောက်ခု စုစုပေါင်းဘဏ်ခွဲ ၃၃၅ ခု၊ ဝန်ထမ်းဦးရေ ၈၆၆၈ ဦးခန့်ဖြင်‌့ ပြည်သူလူထုအတွက် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသတွင် ခရိုင်ဘဏ်ခွဲသုံးခု၊ မြို့နယ်ဘဏ်ခွဲ ၁၅ ခုရှိပါကြောင်း၊ ၎င်းတို့မှာ လားရှိုးခရိုင်ဘဏ်ခွဲ ကွပ်ကဲမှုအောက်တွင် ကွမ်းလုံမြို့နယ်၊ သိန္နီမြို့နယ်၊ တန့်ယန်းမြို့နယ်၊ လောက်ကိုင်မြို့နယ်ဘဏ်ခွဲနှင့် မိုင်းရယ်မြို့နယ်ဘဏ်ခွဲ၊ ဟိုပန်မြို့နယ်ဘဏ်ခွဲတို့ဖြစ်ပါကြောင်း၊ ကျောက်မဲခရိုင် ဘဏ်ခွဲကွပ်ကဲမှုအောက်တွင် သီပေါ၊ နောင်ချို၊ နမ္မတူ၊ နမ့်စန်(မြောက်)၊ မိုးမိတ်မြို့နယ်ဘဏ်ခွဲနှင့် မဘိမ်းမြို့နယ်ဘဏ်ခွဲတို့ဖြစ်ပါကြောင်း၊ မူဆယ်ခရိုင်ဘဏ်ခွဲ၏ ကွပ်ကဲမှုအောက်တွင် ကွတ်ခိုင်မြို့နယ်ဘဏ်ခွဲ၊ နန့်ခမ်းမြို့နယ်ဘဏ်ခွဲနှင့် ကြူကုတ်မြို့နယ်ဘဏ်ခွဲတို့ ဖြစ်ပါကြောင်း၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင်‌့ရဒေသ၊ မန်တုံမြို့တွင် ရုံးစိုက်ဌာန ၂၄ ဌာနရှိပြီး လက်ရှိ ဝန်ထမ်း ၆၆၇ ဦး၊ ပင်စင်စားဝန်ထမ်းတစ်ဦး၊ နယ်မြေခံတပ်ရင်းတစ်ရင်းရှိပါကြောင်း၊ ၎င်းတို့၏ ငွေကြေးကိစ္စရပ်များကို မန်တုံမြို့နယ်မှ ၃၇ မိုင်ကွာဝေးသည့် နမ္မတူဘဏ်ခွဲက တာဝန်ယူဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မန်တုံမြို့ရှိဝန်ထမ်းများ၏ လစဉ်ဝန်ထမ်းလစာထုတ်ယူမှု အနေအထားမှာ ကျပ်သိန်းတစ်ထာင် ဝန်းကျင်ရှိပြီး ငွေစုဘဏ်စုဆောင်းမှုအနေဖြင့်လည်း စုဆောင်းသူဦးရေ ၁၀၀ ဦးခန့်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မန်တုံမြို့အနေဖြင့် မြေမျက်နှာသွင်ပြင်အနေအထားအရ မြေပြန့်လွင်ပြင်နည်းပါးပြီး တောင်ကုန်းတောင်တန်းများပေါ်တွင် တည်ရှိ၍ နမ္မတူ- မန်တုံလမ်းသည် ကျောက်ခင်းတောင်ပတ်လမ်းဖြစ်၍ ဆိုင်ကယ်ဖြင့်သာသွားလာနိုင်သည့် အခြေအနေရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိသေးသည့်အပြင် လတ်တလောအခြေအနေတွင်  နယ်မြေလုံခြုံရေးအပြည့်အဝ ရရှိမှုမရှိသေးသည့် အခြေအနေဖြစ်ပါကြောင်း၊ ဘဏ်ခွဲအသစ်တစ်ခု ဖွင့်လှစ်ရန်အတွက် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် စီးပွားရေးတွက်ချေကိုက်မှုကို အဓိကဦးစားပေးပြီး ရွေးချယ်ခြင်းမဟုတ်သော်လည်း နယ်မြေလုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ငွေကြေးလုံခြုံရေး၊ ဖွဲ့စည်းပုံတိုးချဲ့ရန်လိုအပ်မှုနှင့် ဘဏ်ခွဲဖွင့်လှစ်ရန်သင့်လျော်သည့် လုပ်ငန်းပမာဏရှိမှုစသည့် အချက်များအပေါ်ချိန်ဆပြီး ဖွင့်လှစ်ရခြင်းဖြစ်ပါသဖြင့် လောလောဆယ် ဘဏ်ခွဲဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် အချိန်ကာလ၊ဒေသအခြေအနေပေါ် မူတည်ပြီး အထက်ပါတင်ပြသည့် အချက်များပြည့်စုံလာပါက သုံးသပ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ရှင်းလင်းဖြေကြားပါသည်။

ဒေါ်နန်းမိုး (မန်တုံမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

‌ဝန်ကြီးပြောသွားသည့်အထဲတွင် ယခုချိန်အထိ ဆိုင်ကယ်နှင့်သာ သွားနေရတယ်ဆိုသည်မှာ မှားပါကြောင်း၊ နမ္မတူ-မန်တုံက နေ့ချင်းပြန်သွားလို့ရသော်လည်း လမ်းတွင် ဒေသမငြိမ်းချမ်းသည့် အတွက်ကြောင်‌့ အခက်အခဲနည်းနည်းလေးရှိပါကြောင်း၊ ယခု ပုဂ္ဂလိကအသေးစား Mobile Banking တောင်မှ လုံးဝ Security မရှိဘဲ သူတို့ Mobile Banking အသေးစားလေး ဖွင့်ထားပါကြောင်း၊ မည်သူတစ်ဦးတစ်ယောက်မျှ ဓါးပြလာတိုက်ခြင်းမျိုး မိမိတို့မြို့နယ်တွင် မရှိသေးပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မိမိတို့ဌာနဆိုင်ရာများ၊ ပြည်သူများ၏အကျိုးကို ရှေးရှုပြီးလာမည့် ဘဏ္ဍာရေးနှစ်တွင် ဘဏ်ခွဲဖွင့်လှစ်ပေးရန် စိတ်ကူးရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း

ဘဏ်စနစ်ကလည်း နောက်ပိုင်းတွင် ပြောင်းလဲလာသည့် နိုင်ငံတကာလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၏ အခြေအနေကို ကြည့်မည်ဆိုလျှင် ဘဏ်ခွဲများတိုးဖွင့်‌သည့်စနစ်ထက်ကို ငွေကြေးများသုံးစွဲသည့်အစား Electronic Card များသုံးလာကြောင်း၊ ထို့နောက် ကတ်များကတစ်ဆင့် Mobile ဘက်ကို တစ်ဆင့်တက်လာပြီး Mobile ဘဏ်လုပ်ငန်းများ လုပ်နေပြီဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ဘဏ်ခွဲများဖွင့်သည့်အတွက် ကုန်ကျမည့်စရိတ်များကို ရှောင်ရှားပြီး ဘဏ်ခွဲအစားကို Agent Bank ၊ ရွေ့လျားဘဏ်များအဖြစ်နှင့် ကိုယ်စားလှယ်များထားပြီး ငွေကြေးဝန်ဆောင်မှုများကို ပေးနေသည့်အခြေအနေဖြစ်ပါကြောင်း၊ ယခင်ဘဏ်ခွဲတစ်ခုကို ဖြေကြားခဲ့စဉ်ကလည်း ၎င်းအတိုင်း ‌ဖြေကြားခဲ့ခြင်းဖြစ်သည့်အတွက် ယခုမန်တုံနှင့်ပတ်သက်ပြီး အကယ်၍ ဘဏ်ခွဲဖွင့်လှစ်ရန်အတွက် လုံခြုံရေးအခြေအနေအရ၊ ဖွဲ့စည်းပုံတိုးချဲ့မည့်အခြေအနေအရ၊ ဘဏ်ခွဲဖွင့်လှစ်မည့် ကုန်ကျစရိတ်အနေအထားအရ တွက်ခြေမကိုက်ဘူးဆိုလျှင် Mobile ဘဏ်လုပ်ငန်းနှင့် Agent ရှာပြီး မန်တုံ၏လိုအပ်နေသည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန်အတွက် မြန်မာ့စီးပွားရေးဘဏ်ကို တာဝန်ပေးပြီး Feasibility Study လုပ်ပြီး လေ့လာဆောင်ရွက်နိုင်မည့် နည်းလမ်းကို ပြန်ကြားပေးမည် ဆိုသည့်အကြောင်း ရှင်းလင်းဖြေကြားပါသည်။