မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှုစီမံကိန်း နှစ်ဆင့်ချေးငွေ Agricultural and Rural JICA Two Step Loan (ARTSL) နှင့်စပ်လျဉ်းပြီး လယ်ယာကဏ္ဍ (Farming)နှင့် လယ်ယာကဏ္ဍကိုအခြေခံသော စီးပွားရေးကဏ္ဍ (Agri-business) လုပ်ငန်း ဆောင်ရွက်သည့်တောင်သူများသို့ နှစ်တိုနှစ်ရှည်ချေးငွေ များကို JICA Two Step Loan ချေးငွေဖြင့် Two Step Loan နှစ်တိုနှစ်ရှည်ချေးငွေများကို တစ်ဧကမှ ၅၀ ဧကအထိ လုပ်ကိုင်သော တောင်သူများသို့ တစ်ဦးချင်း အနေဖြင့်လည်းကောင်း၊ လယ်သမားအစုအဖွဲ့အနေဖြင့်လည်းကောင်း ထုတ်ချေးမည်ဟု သိရပါကြောင်း၊ ချေးငွေစည်းကမ်းချက်များ အနေဖြင့် အမှတ်စဉ်(က)မှ (ဍ)အထိ (၁၃)ချက်ပါဝင်ပြီး ချေးငွေ ယူခွင့်မပြုသူများကိုလည်း အချက်ခုနစ်ချက်နှင့် ကန့်သတ်ထားပါကြောင်း။ တောင်သူတစ်ဦးချင်းသည် ချေးငွေအတွက် အာမခံတင်သွင်းရာတွင် (က) ချေးငွေ၏ ၃၀ ရာခိုင်နှုန်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ သက်ဆိုင်ရာမြို့နယ် ဘဏ်ခွဲများတွင် စုဆောင်းရန်၊ (ခ) လယ်ယာ မြေ လုပ်ကိုင်ခွင်လက်မှတ် ပုံစံ(၇) မူရင်းနှင့် သက်သေခံမြေပုံ (၁၀၅) မူရင်းကို ဘဏ်တွင် အပေါင် ထားရှိရန်၊ (ဂ) ဘဏ်ချေးငွေဖြင့်ဝယ်ယူထားသော လယ်ယာသုံး စက်ကိရိယာများ၊ လယ်ယာကို အခြေခံသော စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုသည့်စက်များနှင့် ယာဉ်များ၊ ဘဏ်ချေးငွေဖြင့် တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ တိုးချဲ့ခြင်းပြုလုပ်သည့် Agri-business လုပ်ငန်းဖြစ်သည့် စက်ရုံများ၊ ဂိုဒေါင်နှင့် သိုလှောင်ရုံများ စသည်တို့ကို ချေးငွေမကျေမချင်း ဘဏ်သို့ အာမခံတင်သွင်း ရန်၊ (ဃ) ချေးငွေအတွက် အထက်ဖော်ပြပါ(က)၊ (ခ)၊ (ဂ)တို့အရ တင်သွင်း သောအပေါင်ပစ္စည်းဖြင့် မလုံလောက်ပါက ချေးငွေယူသူ၏ ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ဘဏ်သို့အာမခံတင်သွင်းရန်၊ လိုအပ်ပါက မရွှေ့ပြောင်းနိုင်သော ပစ္စည်းများအတွက် မီးအာမခံထား ရှိရန်၊ (င) ချေးငွေအတွက် အာမခံပေးမည့်သူနှစ်ဦးလိုအပ်မည်ဖြစ်ပြီး အဆိုပါအာမခံသည့်၊ တင်သွင်း ထားသည့်သူနှစ်ဦး၏ ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ခိုင်လုံမှုပုံစံ ပိုင်ဆိုင်မှုရှိစေရန်၊ အကယ်၍ ချေးငွေအတွက် အာမခံထားသည့် မိုးလေဝသအာမခံအမျိုးအစားများကို အာမခံထားရှိပါက အပေါင်ပစ္စည်းလိုအပ်မှုကို လျှော့ပေါ့ စဉ်းစားမည်ဖြစ်ကြောင်းကိုလည်း ညွှန်ကြား ချက်ထဲတွင် တွေ့ရှိရပါကြောင်း၊ ချေးငွေနှင့်ပတ်သက်ပြီး တောင်သူလယ်သမား တစ်ဦးချင်းအတွက် အများဆုံးချေးငွေပမာဏမှာ ကျပ်သန်း ၅၀၊ လယ်သမားအစုအဖွဲ့အတွက် အများဆုံးချေးငွေ ပမာဏမှာ ကျပ်သန်း ၅၀၀ ဖြစ်ပြီး တောင်သူ၏အမှန်လိုအပ်ချက်၊ ပြန်လည်ပေးဆပ်နိုင်စွမ်း၊ ချေးငွေ စည်းကမ်းချက်များနှင့်အညီ စိစစ်ပြီး ငွေပမာဏကိုထုတ်ချေးမည်ဖြစ်ကြောင်း၊ ချေးငွေသက်တမ်းမှာ နှစ်တိုချေးငွေ လေးနှစ်၊ နှစ်ရှည်ချေးငွေ ငါးနှစ်ဖြစ်ပြီး နှစ်ချင်းပထမအရစ်၊ ဒုတိယအရစ် စသဖြင့် ပြန်လည်ပေးဆပ် ရမည်ဖြစ်ကြောင်း၊ ချေးငွေ၏ ၃၀ ရာခိုင်နှုန်းကို စုငွေအဖြစ်လည်းကောင်း၊ ၂၀ ရာခိုင်နှုန်းကို လုပ်ငန်း လှည့်ပတ်ငွေအဖြစ်လည်းကောင်း၊ ကျန်ငွေကို စက်ကိရိယာဝယ်ယူရန် အတွက် လည်းကောင်း သတ်မှတ်ထားသည်ကို တွေ့ရှိရသည့်အတွက် လုပ်ကွက်ငယ်တောင်သူလယ်သမားများ အတွက် ငွေထုတ်ချေးရန် အခက်အခဲများရှိလာနိုင်သလို မဝံ့မရဲဖြစ်လာနိုင်ပါကြောင်း၊ JICA မှ စတင်ထုတ်ချေးငွေမှာ အတိုး ဝ.၀၁ ရာခိုင်နှုန်းဖြစ်သော်လည်း တောင်သူများသို့ထုတ်ချေးသည့် ချေးငွေအတိုးမှာ ရှစ်ရာခိုင်နှုန်းယူသည့်အတွက် အတိုးပေးရန် မြင့်မားလျက်ရှိပါကြောင်း၊ ချေးငွေ၏ စနစ်မှာ လယ်ယာသုံးစက်ကိရိယာများကို ဝယ်ယူသုံးစွဲရန် အဓိကထားဆောင်ရွက်သည်ကို တွေ့ရှိရပါ ကြောင်း၊ ၎င်းချေးငွေစနစ်မှာ တောင်သူလယ်သမားကြီးများနှင့် စိုက်ပျိုးရေးလုပ်ငန်းနှင့်ဆက်စပ်သော ကုန်သည်ကြီးများသာ ပိုမိုအဆင်ပြေ အကျိုးရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိသိလိုသည်မှာ (၁) JICA Two Step Loan ဖြင့် ချေးငွေထုတ်ချေးရာတွင် မြို့နယ်များအားလုံး ထုတ်ချေးပေးနိုင်ခြင်းရှိ/မရှိ၊ (၂) လယ်ယာမြေတစ်ဧကလျှင် ထုတ်ချေးနိုင်မည့် ခန့်မှန်းငွေပမာဏ၊ (၃) ချေးငွေအတိုး လျှော့ပေး နိုင်ခြင်း ရှိ/မရှိ၊ (၄) ထုတ်ချေးကာလမှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အထိ ဖြစ်သော်လည်း ယခုအထိ ထုတ်ချေးနိုင်ခြင်းမရှိသေးသည့်အတွက် မည်သည့်ဘဏ္ဍာနှစ်တွင် စတင်ထုတ်ချေး ပေးမည်နည်းနှင့် (၅) လုပ်ကွက်ငယ် တောင်သူလယ်သမားများအတွက် အကျိုးသက် ရောက်မှုရှိ/မရှိ သိရှိလို ပါကြောင်းမေးမြန်းပါသည်။
JICA Two Step Loan ချေးငွေကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ထုတ်ချေးလျက်ရှိပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မြို့နယ်ဘဏ်ခွဲပေါင်း ၂၀၈ ဘဏ်ရှိပြီး JICA Two Step Loan ချေးငွေရယူလိုသည့် တောင်သူ လယ်သမားများအနေဖြင့် သက်ဆိုင်ရာမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ အသီးသီးမှာ အဆိုပြုတင်ပြပြီး ဘဏ်မှ အဆင့်ဆင့်စိစစ်၍ ချေးငွေစည်းမျဉ်းစည်းကမ်းနှင့်ညီညွတ်သူများကို ထုတ်ချေးပေး သွားမည်ဖြစ်ပါကြောင်း၊ တစ်ဧကမှ ဧက ၅၀ အထိ ပိုင်ဆိုင်သည့် တောင်သူလယ်သမား တစ်ဦးချင်းအတွက် အများဆုံး ကျပ်သန်း ၅၀ နှုန်း၊ တောင်သူလယ်သမားအစုအဖွဲ့များအတွက် အများဆုံး ကျပ်သန်း ၅၀၀ နှုန်းအထိ သတ်မှတ်ထားပါကြောင်း၊ တောင်သူလယ်သမားများ၏ အမှန် လိုအပ်ချက်၊ ပြန်လည်ပေးဆပ် နိုင်စွမ်းအခြေအနေ၊ ချေးငွေစည်းကမ်းချက်နှင့်အညီစိစစ်ပြီး ငွေ ပမာဏများကို ချေးငွေအဖြစ်ဖြင့် ထုတ်ချေးပေးမှာဖြစ်ပါကြောင်း၊ ၎င်းချေးငွေသည် စိုက်ပျိုးစရိတ် အတွက် ထုတ်ချေးသည့်ချေးငွေမျိုးမဟုတ်ဘဲ စက်မှုလယ်ယာစနစ်ကို ကူးပြောင်းနိုင်ဖို့ အတွက် အထောက်အကူပြုနိုင်ရန် ထုတ်ချေးသည့်ချေးငွေ အမျိုးအစားဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်မြေ တစ်ဧကအတွက် သတ်မှတ်၍ ထုတ်ချေးခြင်းထက် ချေးငွေစည်းကမ်း သတ်မှတ်ချက် နှင့် ကိုက်ညီ သူများကိုသာ စိစစ်ပြီး သင့်လျော်မယ့်ပမာဏကို ထုတ်ချေးရခြင်း ဖြစ်ပါကြောင်း၊ ချေးငွေအပေါ် ကောက်ခံသည့် အတိုးနှုန်းသည့် တစ်နှစ်ကို ရှစ်ရာခိုင်နှုန်းဖြင့် တစ်လကို ၆၇ ပြားနှုန်းကျသင့်ပြီး သက်သာသည့် အတိုးနှုန်းဖြစ်ပါကြောင်း၊ JICA ၏ အတိုးနှုန်းမှ ဝ.၀၁ ရာခိုင် နှုန်းဖြင့်ရရှိသည်မှာ မှန်သော်လည်း မြန်မာနိုင်ငံမှာ စုဆောင်းငွေအပေါ် ပေးရသည့် အတိုးနှုန်းသည် ရှစ်ရာခိုင်နှုန်းဖြစ် သည့် အတွက်ကြောင့် ချေးငွေအပေါ်အတိုးနှုန်းကို အနည်းဆုံး ရှစ်ရာခိုင်နှုန်းထား ရှိမှသာ နိုင်ငံတော် ၏ ငွေကြေးလည်ပတ်မှု စနစ်တည်ငြိမ်မှုကို အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ ခြားနားချက် အတိုးနှုန်းကို နိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် ကုန်ကျစရိတ်နှင့် မြန်မာ့ စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့၏ ချေးငွေအတွက် စီမံခန့်ခွဲမှု စရိတ်များတွင် ထည့်သွင်းသုံးစွဲသွားမည်ဖြစ်ပါကြောင်း။
JICA Two Step Loan ချေးငွေများကို ၂၁-၇-၁၇ ရက်နေ့တွင် စတင်ထုတ်ချေးခဲ့ရာ ၂၁-၁၁-၁၇ ရက် နေ့ အထိ နေပြည်တော်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီစသည့် တိုင်းဒေသကြီးငါးခုမှ တောင်သူ ၅၃ဦး ကို ကျပ်သန်းပေါင်း ၁၈၅၉.၁၃ သန်း ထုတ်ချေးပေးပြီးဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးမှ မြို့နယ်လေးခု၊ တောင်သူရှစ်ဦးပါဝင်ပြီး ထုတ်ချေးငွေကျပ် သန်း ၂၂၀.၇၀ ဖြစ်ပါကြောင်း၊ ဆက်လက် ၍လည်း စိစစ်ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် လယ်ယာလုပ်သား ရှားပါးမှုကြောင့် ရာသီအချိန်မီ စိုက်ပျိုး၊ ထွန်ယက်၊ ရိတ်သိမ်းခြင်းတို့အတွက် စက်မှုလယ်ယာစနစ်ကို ကူးပြောင်းဆောင်ရွက်ဖို့ လိုအပ်လျက်ရှိပါကြောင်း၊ JICA Two Step Loan ၏ ရည်ရွယ်ချက်သည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ကူးပြောင်းပြီး ကုန်ထုတ်လုပ်မှုစွမ်းအား မြင့်မားတိုးတက်စေရန်နှင့် ကျေးလက်ဒေသနှင့် မြို့ပြဒေသ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် တို့အတွက် ဘဏ္ဍာရေးအကူအညီဖြင့် ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ JICA Two Step Loan ချေးငွေသည် တစ်ဧကမှစပြီး ဧကများစွာလုပ်ကိုင်ပိုင်ဆိုင်နေသည့် တောင်သူ လယ်သမားများကို ထုတ်ချေးပေးခြင်းဖြစ်သည့်အတွက်ကြောင့် လုပ်ကွက်ငယ်တောင်သူ လယ်သမား များ အပါအဝင် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူသူ တောင်သူလယ်သမားတစ်ဦးချင်းအနေဖြင့် မိမိတို့၏ လယ်မြေများကို လယ်ယာသုံးစက်ကိရိယာများဖြင့် ထွန်ယက်၊ ရိတ်သိမ်း၊ ခြွေလှေ့ခြင်းသာမ က သက်သာသောနှုန်းထားဖြင့် အခြားတောင်သူများသို့လည်း ငှားရမ်းပေးနိုင်ခြင်းအားဖြင့် တစ်ဦးချင်း ၊ တစ်ယောက်ချင်း အကျိုးသက်ရောက်မှုရှိပါကြောင်းနှင့် မိမိတို့အနေဖြင့် တောင်သူလယ်သမား တစ်ဦးချင်း ၊ လုပ်ကွက်ငယ်တောင်သူများကို ချန်လှပ်ထားခြင်းမရှိပါကြောင်း ဖြေကြားပါသည်။
ဦးသိန်းထွန်း(ကျောင်းကုန်းမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
JICA မှ ဝ.၀၁ ရာခိုင်နှုန်းဖြင့်ချေးယူပြီး ၂.၅ ကို MOPF ကလည်းကောင်း၊ ဝ.၅ ကိုစီးပွားရေးဘဏ်မှ လည်းကောင်း၊ ငါးရာခိုင်နှုန်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကယူ သည့်အတွက်ကြောင့် ရှစ်ရာ ခိုင်နှုန်းဖြစ်သွားပါကြောင်း၊ ယခု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးနေသည့်ပုံမှန်က တစ်သိန်းခွဲ လောက်သာ ချေးသည့်အတွက်ကြောင့် အတိုး ရှစ်ရာခိုင်နှုန်းက သိပ်မသိသာပါကြောင်း၊ သို့သော် လယ်သမား တစ်ယောက်ကို အများဆုံး သန်း ၅၀၊ သိန်း ၅၀၀ လောက်ချေးလာပြီးဆိုရင် ရှစ်ရာခိုင်နှုန်း က တအားများပါကြောင်း၊ နှစ်တိုလေးနှစ်၊ နှစ်ရှည်ငါးနှစ်ဆိုသည့်အခါ ပြန်ဆပ်ရသည်မှ များသည့် အတွက် အတိုးကလည်း အများကြီးသွားသည့်အတွက် လျှော့ပေးသင့်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ကြည့်ပါက မိမိတို့နယ်တွင် လယ်သမား ၅၃ ဦးပြီး ဧရာဝတီတိုင်းဒေသကြီး တစ်တိုင်းလုံးတွင် လေးမြို့နယ်ရှိ လယ်သမားငါးဦးသာ တွေ့ရသည့်အတွက်ကြောင့် လုပ်ကွက်ငယ် လယ်သမားများ မည်သို့မှမလုပ်နိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့က အတိုးလည်း လျှော့ပေးစေချင်ပြီး ကျယ်ကျယ်ပြန့်ပြန့်လည်း ဖြစ်စေချင်ပါကြောင်း၊ ဥပမာ - မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တစ်ဧက ကို တစ်သိန်းခွဲဖြင့် ပုံမှန်ချေးနေသည်ကို ယခုအခါ အနည်းဆုံး နှစ်သိန်း သို့မဟုတ် ငါးသိန်းလောက် ချေးနိုင်ခြင်းရှိ/မရှိ ဆိုတာကိုသိချင်ပါကြောင်း၊ အနည်းဆုံး ဘယ်လောက် အထိ ချေး၍ရမည်နည်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဟု ပြောသော်လည်း တစ်နိုင်ငံလုံးတွင် လယ်သမားအများကြီးရှိသည့် အထဲမှာ ချေးယူနိုင်သည့်လယ်သမား ၅၃ ဦးသာရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသ ကြီးတွင် တကယ့် လယ်သမား အများဆုံးဒေသဖြစ်သော်လည်း ငါးဦးသာချေးနိုင်သဖြင့် အကြပ်အတည်းဖြစ်သည့် အတွက် ၎င်းနှင့်ပတ်သက်ပြီး သိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
JICA Two Step Loan ချေးငွေသည် မိမိတို့ တင်ပြသည့်အတိုင်း မူလရည်ရွယ်ချက်မှ လက်မှု လယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရန်အတွက် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအစိုးရသို့ အစိုးရအချင်းချင်းချေးသည့် ချေးငွေမျိုးဖြစ် ကူညီပေးခြင်းဖြစ်ပါကြောင်း၊ ဂျပန်အစိုးရကနေ မြန်မာ အစိုးရကို ပထမတစ်ဆင့်မှာပေးပြီး မြန်မာအစိုးရမှ မြန်မာ့တောင်သူလယ်သမားများကို မိမိတို့ မှ ထပ်ပြီး ပေးခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် Two Step Loan ဟု ခေါ်ဆိုထားခြင်းဖြစ်ပါကြောင်း၊ JICA အဖွဲ့နှင့် မိမိတို့ ချေးငွေ အတွက် ဆွေးနွေးညှိနှိုင်းသည့်အခါ ၎င်းချေးငွေအပေါ်ယူမည့်အတိုးနှုန်းကို မိမိတို့ တိုင်းပြည်တွင် အပ်ငွေပေါ်ပေးသည့်အတိုးနှုန်းမှ ရှစ်ရာခိုင်နှုန်းဖြစ်သည့်အတွက်ကြောင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှနေပြီး ဘဏ်အားလုံးကို ချေးငွေအပေါ်မှာ အများဆုံးအတိုး ၁၃ ရာခိုင်နှုန်း အထိ ယူနိုင်သည်ဟု သတ်မှတ်ထားပါကြောင်း၊ လျှော့ပြီးယူသည့်အခါ ချေးငွေ၏ ရည်ရွယ်ချက်မှ ဥပမာ - လယ်သမားများသည် ၎င်းချေးငွေကို ထွန်စက်ဝယ်ရန်၊ ရိတ်သိမ်းခြွေလှေ့စက်ဝယ်ရန် စသဖြင့် သုံးစွဲရမည့် နေရာတွင် သက်သာသည့်အတိုးနှုန်းဖြင့်ယူပြီး တခြား အပ်ငွေပေါ်အတိုးနှုန်း ရှစ်ရာခိုင်နှုန်း ပေးသည့်အခါ အချို့ဘဏ်များမှလည်း ကိုးရာခိုင်နှုန်းအထိ ပေးခြင်းလည်း ရှိပါကြောင်း၊ ထို့ကြောင့် ချေးငွေအပေါ် ယူသည့်ရည်ရွယ်ချက်ပျောက်ပြီး တခြား အပြင်တွင် အတိုးပေးစားခြင်း၊ ဘဏ်များ ကိုပြန်အပ်ပြီး အတိုးယူခြင်း စသည့်ရည်ရွယ်ချက်များ ဖြစ်သွားမည်စိုးသည့်အတွက်ကြောင့် JICA ကိုယ်တိုင် မြန်မာနိုင်ငံမှသတ်မှတ်ထားသည့် အပ်ငွေပေါ်အတိုးနှုန်း ရှစ်ထက်တော့ လျှော့ပေးရန် မသင့်သည်ကို အကြံပြုဆွေးနွေးထားခြင်းဖြစ်ပါကြောင်း၊ ဒါကြောင့်မို့ ၎င်းချေးငွေနှင့် တောင်သူ လယ်သမားများအပေါ် ရှစ်ရာခိုင်နှုန်းသတ်မှတ်ပြီးယူခြင်းဖြစ်ပါကြောင်း၊ အလားတူ စိုက်ပျိုး စရိတ်ကို ယခင် လေးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ ပေးခဲ့ဖူးပါကြောင်း၊ နောက်ပိုင်းတွင် ရည်ရွယ်ချက်များ ရှုပ်ထွေး သွားနိုင်သည့် အတွက် ယခုလက်ရှိ စိုက်ပျိုးစရိတ်ကိုလည်း ရှစ်ရာခိုင်နှုန်းပဲ ယူနေခြင်း ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ချေးငွေအပေါ်ပေးသည့် အတိုးနှုန်း ရှစ်ရာခိုင်နှုန်းကို လောလောဆယ် တွင် မိမိတို့ လျှော့ရန်အစီအစဉ်မရှိသေးပါကြောင်းနှင့် ယခု ချေးငွေပေးနေသည့် ချေးငွေများထဲတွင် ရှစ်ရာခိုင်နှုန်းမှ အနည်းဆုံး ချေးငွေ ဖြစ်ပါကြောင်း၊ တရုတ်ပြည်မှရသည့် ချေးငွေမျိုးဆို ၄.၅ ဖြင့်ယူရပြီး သမဝါယမမှ တစ်ဆင့်ပေးနေသည့် ချေးငွေဆိုပါက အတိုးနှုန်း ၁၅ ရာခိုင်နှုန်းအထိယူသည့် ချေးငွေမျိုးဖြစ်ပါ ကြောင်း၊ နိုင်ငံအချင်းချင်းချေးငွေဖြစ်သည့်အတွက် ၎င်းချေးငွေကို အစိုးရအနေဖြင့် အချိန်တန်ရင် ပြန်ဆပ်ရမည်ဖြစ်ပါကြောင်း၊ ၎င်းသတ်မှတ်ထားသည့် သက်တမ်းမှနှစ် ၄၀ ဖြစ်ပါကြောင်း၊ နှစ် ၄၀ အတွင်း မိမိတို့ ပြန်ပြီး ဆပ်သွားရမည်ဖြစ်ပါကြောင်း၊ သက်တမ်းနှစ် ၄၀ အတွင်း လယ်သမား တစ်ဦး ချင်း ကို လေးနှစ်၊ ငါးနှစ်ဖြစ် သတ်မှတ်ပြီးချေးပါကြောင်း၊ ပြည့်လို့ ပြန်ဆပ်သည့်ချေးငွေများကို နောက်လယ်သမားကို ပြန်ပြီးချေးရမည်ဖြစ်ပါကြောင်း၊ နှစ်ပေါင်းသက်တမ်း ၄၀ ဖြစ်သည့် အတွက် ကြောင့် ရှစ်ခါလောက် ပြန်ကျော့ပြီးချေးလို့ရသည့်အနေအထားဖြစ်ပါကြောင်း၊ လယ်သမားဦးရေနည်း နေရသည့် အကြောင်းမှ အခုမှ လုပ်ငန်းစသည့်အတွက်ကြောင့်ဖြစ်ပါကြောင်း၊ ငါးနှစ်အတွင်းမှာ ဆက်တိုက်ချေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကုန်လုံးသို့ ရောက်ရှိ နိုင်ရန် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ MOPF က ယူသည့် ၂.၅ ရာခိုင်နှုန်းမှ ချေးငွေ၏ သက်တမ်းနှစ် ၄၀ အတွင်း ယခု ဖြစ်ပေါ်နေသည့် Exchange Rate နှင့် နောက်လာမည့်နှစ်တွင် ဖြစ်လာမည့် Exchange Rate ကို ကြိုတင်မှန်းဆလို့မရနိုင်ပါကြောင်း၊ ထို့ကြောင့် Exchange Rate Risk ကို ယူနိုင်ရန် အတွက် ၂.၅ ရာခိုင်နှုန်းကို ဆောင်ထားရခြင်းဖြစ်ပါကြောင်း၊ နှစ် ၄၀ ပြည့်၍ ပြန်ဆပ်သည့် အချိန်တွင် ဖြစ်ပေါ်နေသည့် Exchange Rate အတိုင်း ပြန်ပြီး ပေးဆပ်ရမည်ဖြစ်ပါ ကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်မှယူသည့် ဝ.၀၅ ရာခိုင်နှုန်းဆိုတာကလည်းပဲ ကျွန်တော်တို့ ဘဏ်ရဲ့ Agent Bank အဖြစ်ဖြင့် နိုင်ငံတော်ကိုယ်စား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ချေးငွေများကို ထုတ်ချေးပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ပြန်လည်ပေးဆပ်လာမည့် ချေးငွေများကို ဂျပန် ကို ပြန်လည်ဆပ်ရန် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် မြန်မာ့စီးပွားရေးဘဏ် မှ ယူခြင်းဖြစ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ပြည်တွင်းမှယူသည့် အတိုးနှုန်းအတိုင်း ၅ ရာခိုင်နှုန်းယူပြီး ၎င်းကို မြို့နယ်အနှံ့အပြားကို ထုတ်ချေးနိုင်ရန်အတွက် စရိတ်များဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။
