ယခင် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၈-၁၁-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ဘခ-၁/၃၁၀ (၆၀၂၆/၂၀၁၃) အရ ၁-၁-၂၀၁၄ ရက်နေ့မှစပြီး ဌာန၊ အဖွဲ့အစည်းများက ပြုလုပ်သည့်သင်တန်းများကို ညအိပ်ညနေ တက်ရောက်သည့်အခါ ခရီးစရိတ် ဥပဒေပါ နေ့တွက်နှုန်း လက်ရှိကျပ် ၃၀၀၀ ကို ခံစားခွင့်မရှိဘဲ သတ်မှတ်သင်တန်း စားစရိတ်နှုန်းထား တစ်ရက် ကျပ် ၅၀၀ နှုန်းခန့်ကိုသာ ခံစားခွင့်ရှိသည့် အတွက်ကြောင့် ဝန်ထမ်းများအနေဖြင့် လနှင့်ချီကြာမြင့်သည့် သင်တန်းများ တက်ရောက်သည့်အခါ လက်ရှိကုန်ဈေးနှုန်းကို ကာမိစေသော နှုန်းထားမဟုတ်သည့်အတွက် အိတ်စိုက်သုံးစွဲ နေရသောကြောင့် ဝန်ထမ်းများအခက်အခဲများစွာ ဖြစ်ပေါ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယခုလိုညအိပ်ညနေ သင်တန်းများ တက်ရောက်ရသည့်အခါ သင်တန်းကာလ မည်မျှကြာမည် နည်းဆိုသည့် အခြေအနေပေါ်မူတည်ပြီး ရသည့်လစာများထဲမှ ငွေကိုကြိုတင်စုဆောင်း ကြရပါကြောင်း၊ မိသားစုများသည့် သူများမှာ မိသားစုစားစရိတ်များနှင့် မလုံမလောက် ဖြစ်နေသောကြောင့် ချေးငွေများချေးပြီး၊ သင်တန်းကိုပြီးဆုံးသည့်အခါမှ ချေးငွေများ ပြန်ဆပ်နိုင်ရန်၊ ကြိုးစားကြရပါကြောင်း၊ ထို့ကြောင့် မလုပ်သင့်မလုပ်ထိုက်သည့် အလွဲသုံးစားမှု၊ မသမာမှု၊ စာရင်းဖျောက်ဖျက်မှု၊ အဂတိလိုက်စားမှုစသည့် မကောင်းသည့်လုပ်ရပ်များနှင့် ကြုံသလို ဖြေရှင်းနေကြရသည်ကို တွေ့ရှိရပါကြောင်း၊
သို့ပါ၍ လက်ရှိကုန်ဈေးနှုန်းနှင့် ကာမိစေမည့် သင်တန်းစားစရိတ် နှုန်းထားသစ်တစ်ခုကို တိုးမြှင့်ပြင်ဆင် သတ်မှတ်ပေးနိုင်ရန် လိုအပ်မည်ဟု ယူဆမိသည့်အတွက်ကြောင့် ဝန်ထမ်းများ ညအိပ်ညနေ သင်တန်းများ တက်ရောက်သည့်အခါ လက်ရှိသင်တန်း စားသောက်စရိတ် ကျပ် ၅၀၀ အစား လက်ရှိကုန်ဈေးနှုန်းနှင့် ကာမိစေနိုင်မည့် နှုန်းထားသစ်တစ်ခုကို တိုးမြှင့်ခွင့်ပြုခံစားခွင့်ပြုနိုင်ရန် အစီအစဉ်ရှိ/မရှိ၊ မရှိလျှင် အကြောင်းအရင်း ဖြေကြားပေးပါရန်နှင့် အစီအစဉ်ရှိမည်ဆိုပါက တိုးမြှင့်ခွင့်ပြုပေးမည့် နှုန်းထားအသစ်ဖြင့် မည်သည့်ကာလမှစ၍ ခံစားခွင့်ပြုနိုင်မည်ဖြစ်ကြောင်း ဖြေကြားပေးနိုင်ရေးကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ၈-၆-၁၉၈၉ ရက်စွဲပါ စာအမှတ်၊ ဘ-၂(၁)/၃၅/၁၆၈(၈၉)အရ ဌာန၊ အဖွဲ့အစည်းများတွင် ကြီးမှူးဖွင့်လှစ်သည့် ညဉ့်အိပ် ညဉ့်နေ သင်တန်းများကို တက်ရောက်ကြသည့် ဝန်ထမ်းများအတွက် သင်တန်းသား စားသောက်စရိတ်ကို ၁-၆-၁၉၈၉ ရက်နေ့မှစပြီး တစ်ဦးလျှင် တစ်နေ့ရှစ်ကျပ်နှုန်းဖြင့် ခံစားခွင့်ပြုခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်ကို ရောက်သည့်အခါ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၈-၁၁-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ဘခ-၁/၃၁၀ (၆၀၂၆/၂၀၁၃) ဖြင့် ၁-၁-၂၀၁၄ ရက်နေ့မှစပြီး တစ်ဦးလျှင် တစ်နေ့ကျပ် ၅၀၀ နှုန်းသို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ပါကြောင်း၊
နိုင်ငံတော်အနေဖြင့် သင်တန်းစားသောက်စရိတ်အတွက် နှုန်းထားသတ်မှတ်ပေးရာတွင် ခရီးသွား နေ့တွက်စရိတ်နှင့် နှိုင်းယှဉ်ချိန်ထိုးပြီး တစ်ဖက်ကလည်း နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ သုံးစွဲနိုင်မှု အခြေအနေကို ချင့်ချိန်ပြီး သင့်လျော်သည့် နှုန်းထားကို သတ်မှတ်ပေးရခြင်း ဖြစ်ပါကြောင်း၊ ၁၉၈၉ ခုနှစ်တွင် ခရီးသွားနေ့တွက်စရိတ်နှုန်းထားသည် တစ်နေ့ကို ၁၅ ကျပ်ဖြစ်ပြီး ၎င်းအချိန်တုန်းက သင်တန်းသား စားသောက်စရိတ်နှုန်းထားက တစ်နေ့ ရှစ်ကျပ်သတ်မှတ်ခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ် နေ့တွက်စရိတ် နှုန်းထားတစ်နေ့ကို ၁၇၀၀ ကျပ်သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့သည့် အချိန်တွင် သင်တန်း စားသောက်စရိတ် နှုန်းထားမှာ တစ်နေ့ကို ၅၀၀ ကျပ်သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ခြင်းပါကြောင်း၊ လက်ရှိအချိန်တွင် ခရီးသွားနေ့တွက်စရိတ် နှုန်းထားမှာ တစ်နေ့ကို ကျပ် ၃၀၀၀ သတ်မှတ်ပေးထားပြီး ဖြစ်ပါကြောင်း၊
အစိုးရဌာန၊ အဖွဲ့အစည်းအသီးသီးတွင် ဖွင့်လှစ်ပို့ချလျက်ရှိသော သင်တန်းပေါင်း များစွာရှိသည့် အတွက်ကြောင့် မိမိရုံးစိုက်ရာဒေသကနေပြီး အခြားဒေသတစ်ခုကို ညဉ့်အိပ်ညဉ့်နေ သင်တန်း လာရောက်တက်ရောက်ရသည့် သင်တန်းသားများအတွက် သင်တန်းစားသောက်စရိတ်ကို ခေတ်ကာလနှင့် လျော်ညီအောင် တိုးမြှင့်ပေးနိုင်ရန် စဉ်းစားသင့်ပါကြောင်း၊ ဌာနအားလုံးအတွက် တစ်ပြေးညီဖြစ်စေရန် ဆောင်ရွက်ပေးသင့်ပါကြောင်း၊
သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် ဌာန၊ အဖွဲ့အစည်းများက ကြီးမှူးဖွင့်လှစ်သည့် ညဉ့်အိပ်ညဉ့်နေသင်တန်းများသို့ တက်ရောက်ရသော ဝန်ထမ်းများအတွက် သင်တန်းစားသောက်စရိတ်ကို လက်ရှိကုန်ဈေးနှုန်းနှင့် မျှတသည့်နှုန်းသို့ တိုးမြှင့်ပေးနိုင်ရန် ခရီးသွား နေ့တွက်စရိတ်နှင့် နှိုင်းယှဉ်ချိန်ထိုးပြီး နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ အခြေအနေပေးမှုပေါ် မူတည်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သုံးသပ်၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ သဘောထား များပါ စုစည်းရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို အဆိုပြုတင်ပြနိုင်ရန် စီစဉ်ဆောင်ရွက်မည် ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
