မြန်မာ့စီးပွားရေးဘဏ်၊ သရက်ခရိုင်ဘဏ်ခွဲသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ် အနောက်ဘက်တွင် တည်ရှိပြီး သရက်မြို့ဈေးရပ်ကွက် ကုန်သည်လမ်း၌ ၁၉၇၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ခရိုင်ဘဏ်ခွဲဖြစ်သည့်အလျောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကိုယ်စား လက်အောက်ခံမြို့နယ် ဘဏ်ခွဲငါးခု၏ငွေကြေး ကိုယ်စားလှယ်ဘဏ်ခွဲအဖြစ်လည်းကောင်း၊ လစဉ်မြို့နယ်ဘဏ်ခွဲ ငါးခု၏ ငွေကြေးနှင့်စာရင်းများ မှန်ကန်မှုကိုလည်းကောင်း ထိန်းကျောင်းဆောင် ရွက်ရပါကြောင်း၊ သရက်ခရိုင်ဘဏ်ခွဲတွင် အစိုးရဌာနများ၏ ငွေစာရင်းများ၊ ပြည်သူလူထုတို့၏ အပ်နှံငွေများ၊ စုဆောင်းငွေများ၊ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွင့်ဖြိုးတိုးတက်စေရန် ပြည်သူများသို့ ပုဂ္ဂလိကချေးငွေ ထုတ်ချေးခြင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်း၊ ဒေသတွင်းဘဏ္ဍာငွေလိုအပ်ချက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ္ဍာငွေများ သယ်ယူပို့ဆောင် ဖြည့်တင်းခြင်း လုပ်ငန်းများ၊ ပြည်တွင်းငွေလွှဲလုပ်ငန်းများ၊ အငြိမ်းစားဝန်ထမ်း ၁၆၆၇ ဦးသို့ လစဉ်ပင်စင်လစာ ထုတ်ပေးခြင်း လုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိပြီး ဘဏ်ခွဲအချင်းချင်း လုပ်ငန်းဆောင်ရွက်မှု လျင်မြန်စေရန်နှင့် ပြည်သူလူထုအား ဝန်ဆောင်မှု လျင်မြန်စွာ ပေးနိုင်ရန်အတွက် ဘဏ်ခွဲမှာ ADSL လိုင်းတပ်ဆင်ခြင်း၊ Fax သုံးလုံး၊ ကွန်ပျူတာ (၉) လုံးတို့ကို တပ်ဆင်ထားရှိပါကြောင်း၊ သရက်ခရိုင်ဘဏ်ခွဲသည် ဘဏ်ပိုင်အဆောက်အဦဖြစ်ပြီး ဧရိယာအကျယ်အဝန်းမှာ (အလျားပေ ၄၀ x အနံပေ ၄၉ ပေ) ဧကအားဖြင့် ဝ.၀၄၆ ဧကကျယ်ဝန်းပြီး (အလျားပေ ၄၀ x အနံပေ ၄၀) နှစ်ထပ်အဆောက်အဦကို ၁၉၆၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ရာ သက်တမ်း ၅၆ နှစ်ရှိပြီး ဖြစ်သည့်အပြင် လူနေအဆောက်အဦကို ဝယ်ယူအသုံးပြုသည့်အတွက် အစိုးရဌာနရုံးပုံစံ မဟုတ်သည့်အပြင် လုပ်ငန်းဆောင်ရွက်ရာ၌ နေရာအလွန် ကျဉ်းမြောင်းလျက် ရှိပါသဖြင့် နိုင်ငံပိုင်ဘဏ်တစ်ခု ဖြစ်သော်လည်း ခေတ်နှင့်လျော်ညီမှုမရှိခြင်း၊ ခရိုင်ဘဏ်အင်္ဂါရပ်နှင့် မညီညွတ်ခြင်း၊ ဘဏ်နှင့်ဆက်သွယ်သော မိဘပြည်သူ Customer များ၊ ပင်စင်စားကြီးများ ဘဏ်သို့ လာရောက်စဉ် နားနေရန်အတွက် များစွာအခက်အခဲရှိနေခြင်းတို့ကြောင့် ဘဏ်အဆောက်အဦ သစ်တစ်ခု ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာ့စီးပွားရေးဘဏ်အနေနဲ့ ရုံးချုပ်ဌာနကြီး ခြောက်ခုအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ရုံးပေါင်း ၁၄ ခု၊ ခရိုင်အဆင့်ကွပ်ကဲ ဘဏ်ခွဲ ၇၆ ခု၊ မြို့နယ်အဆင့်ဘဏ်ခွဲ ၂၁၅ ခု၊ ဘဏ်ငွေတိုက်ခွဲအဆင့် ၁၈ ခု၊ ငွေစုဘဏ်ရုံးခွဲတစ်ခုနှင့် ကိုယ်စားလှယ်ရုံးခွဲ ငါးခု စုစုပေါင်း ဘဏ်ခွဲပေါင်း ၃၃၅ ခု ဖွင့်လှစ်ပြီး ပြည်သူများကို ဘဏ်ဝန်ဆောင်မှု ပေးလျက်ရှိပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်၏ သရက်ခရိုင်ဘဏ်ခွဲ အဆောက်အဦနှင့် ပတ်သက်ပြီး ၂-၄-၁၉၆၂ ရက်နေ့ နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေး ဘဏ်လက်ထက်ကစပြီး လူနေအိမ်အဆောက်အဦကို ဘဏ်ခွဲအဆောက်အဦအဖြစ် ငှားရမ်းအသုံးပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၅-၃-၂၀၀၁ ခုနှစ်တွင် မြန်မာ့စီးပွားရေးဘဏ်က အပြီးအပိုင် ဝယ်ယူခဲ့ပါကြောင်း၊ ယခုအခါ သက်တမ်းအားဖြင့် ၅၆ နှစ်ကျော်ရှိလာပြီဖြစ်ပြီး မြေဧရိယာ (အလျား ၄၀ ပေ x အနံ ၄၉ ပေ) ဝ.၀၄၆ ဧကအကျယ်မှာ အဆောက်အဦ (အလျား ၄၀ ပေ x အနံ ၄၀ ပေ) နှစ်ထပ် RC အဆောက်အဦဖြစ်ပါကြောင်း၊ သက်တမ်းကြာမြင့်လာပြီ ဖြစ်သည့်အတွက်ကြောင့် အဆောက်အဦအသစ် ဆောက်လုပ်ရန် လိုအပ်လာပြီ ဖြစ်ပါကြောင်း၊
အဆိုပါဘဏ်ခွဲ အဆောက်အဦမှာ ဘဏ်ခွဲအချင်းချင်း လုပ်ငန်းဆောင်ရွက်မှု မြန်ဆန်စေရန်နှင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများဖြစ်သည့် ငွေလွှဲလုပ်ငန်း၊ ငွေစုဘဏ်လုပ်ငန်းများအပြင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစား ၁၆၆၇ ဦးကိုလည်း လစဉ်ပင်စင်လစာများ ထုတ်ပေးခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘဏ်သို့လာရောက်သည့် Customer များ နေရာကျဉ်းကြပ်မှု မရှိစေရန်နှင့် ဘဏ်၏ဥပဓိရုပ် ကောင်းမွန်စေရန်အတွက် အကြီးစားပြင်ဆင်မှု ဆောင်ရွက်နိုင်ရန် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေ ၄၅ သန်းထည့်သွင်းတောင်းခံရန် လျာထားခဲ့ပါကြောင်း၊ ရန်ပုံငွေ မူဘောင်သတ်မှတ်ချက်အရ ဘတ်ဂျက်တောင်းခံရရှိခြင်း မရှိခဲ့သည့်အတွက်ကြောင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အဆောက်အဦအကြီးစား ပြင်ဆင်ရန်အတွက် ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၅ သန်း ထပ်မံလျာထားတောင်းခံခဲ့ပါကြောင်း၊ လွှတ်တော်၏ စိစစ်ချက်အရ ကျပ် ၂၁.၆ သန်းရရှိခဲ့သည့်အခါ အဆိုပါရရှိသည့် ရန်ပုံငွေဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို လုပ်ငန်းအပ်နှံ ဆောင်ရွက်ခဲ့သော်လည်း အဆောက်အဦအခြေအနေအရ အကြီးစားပြင်ဆင်ရမည့် လုပ်ငန်းပမာဏ များပြားခြင်းနှင့် ဘတ်ဂျက်ခွင့်ပြုငွေအားဖြင့် လုံလောက်မှုမရှိခြင်းတို့ကြောင့် တင်ဒါတင်သွင်းသူ မရှိခဲ့သည့်အတွက်ကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ငန်းပြန်လည် အပ်နှံလာခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာ့စီးပွားရေးဘဏ်၊ သရက်ခရိုင်ဘဏ်ခွဲ မူလအဆောက်အဦဟောင်းကို ဖျက်သိမ်းပြီး လာမည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် စတင်မည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ခရိုင် ဘဏ်ခွဲအဆင့်နှင့် လျော်ညီသည့် ဘဏ်ခွဲအဆောက်အဦသစ်ကို ဆောက်လုပ်နိုင်ရန်အတွက် ငွေလုံးငွေရင်း ရန်ပုံငွေထည့်သွင်းတောင်းခံရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
