ယနေ့လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် မိသားစုတစ်ဦးချင်းမှအစ ရပ်ကွက်ကျေးရွာ၊ မြို့ကြီးများအဆုံး လူတိုင်းရင်ဆိုင်ကြုံတွေ့ နေရသော စိန်ခေါ်မှုတစ်ရပ်မှာ အမှိုက်ပြဿနာပင် ဖြစ်ပါကြောင်း၊ ယနေ့ အခြေခံလူသုံးကုန်ပစ္စည်းများ ထုပ်ပိုးရာမှာ ဖျက်သိမ်းရန်ခက်ခဲသည့် ပလတ်စတစ်များ၊ ဖော့ဗူးများ၊ သံထည်၊ ဖန်ထည်များ အသုံးပြုလာကြသဖြင့် အမှိုက်များပိုမိုဖောင်းပွ ပေါများလာပါကြောင်း၊ မိမိတို့ပြည်တွင်းထုတ်ကုန် ပစ္စည်းများသာမက နိုင်ငံခြားမှတင်သွင်းသော ကုန်ပစ္စည်းမျိုးပေါင်းများစွာကို နေ့စဉ်အသုံးပြုပြီး မလိုအပ်သည့် အစိတ်အပိုင်းများကို အမှိုက်အဖြစ် ပြန်လည်စွန့်ပစ်ကြပါကြောင်း၊ လူဦးရေထူထပ်များပြားသည့် ရန်ကုန်ကဲ့သို့ မြို့တော်ကြီးများတွင် နောက်ဖေးလမ်းကြား အမှိုက်ပြဿနာရင်ဆိုင်ရသကဲ့သို့ ရပ်ကွက်ကျေးရွာအဆင့်များတွင် စနစ်တကျ မစွန့်ပစ်နိုင်သည့် အမှိုက်ကျင်း၊ အမှိုက်ပုံမရှိသဖြင့် ကြုံရာစွန့်ပစ်နေရသည့် အနေအထားမျိုး ရှိပါကြောင်း၊ မြို့နယ်အဆင့်များတွင် အတည်တကျစွန့်ပစ်ရမည့် အမှိုက်ပုံး၊ အမှိုက်ကျင်းများ စနစ်တကျဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် သင့်တော်ရာလမ်းဘေးဝဲယာများတွင် စုပုံ၍ များပြားလာပါက မီးရှို့သည့်စနစ်ကို ကျင့်သုံးခြင်းကြောင့် မီးမလောင်နိုင်သည့် သံထည်၊ ဖန်ထည်များ နေရာအနှံ့ကျန်ခဲ့ပါကြောင်း၊
၂၃-၈-၂၀၁၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့တွင် အမှိုက်စနစ်တကျ စွန့်ပစ်သည့်အလေ့အထကို ပြည်သူများက ၂၀၁၃ ခုနှစ်ကနေ စတင်လေ့ကျင့် ပျိုးထောင်ခဲ့သည့်အတွက် ယခုအခါ အောင်မြင်မှုရရှိနေပြီဖြစ်ကြောင်း၊ မုံရွာမြို့တွင် တစ်နေ့လျှင် တန် ၁၀၀ ဝန်းကျင် စွန့်ပစ်နေသည့် အမှိုက်ပုံကို မီးရှို့ရာကနေ လူမှုပတ်ဝန်းကျင် ထိခိုက်ရပုံကို Skynet uptodate Chennel တွင် ထုတ်လွှင့်နေခြင်းကို ကြည့်ရှုလိုက်ရပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ကော်ရီဒါတိုင်းတွင် အမှိုက်တွေ့လျှင်ကောက်ပစ်ပါ။ ကျေးဇူးတင်ပါ တယ်ဆိုသည့် စာတန်းလေးကပ်ထားပြီး အမှိုက်ပုံးထားရှိပေးပါကြောင်း၊ ကျောင်းသား/သူများနှင့် ဆရာ/မများအားလုံး လိုက်နာဆောင်ရွက် ကြသည့်အတွက် အမှိုက်ရှင်းလင်းသည့် စနစ်ကောင်းတစ်ခု ပေါ်ထွက်လာပြီး ယနေ့တိုင် အစဉ်အလာကောင်းတစ်ခု တည်ရှိနေပါကြောင်း၊
ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာတွင် မြို့ရွာများ သန့်ရှင်းသာယာ လှပရေးအတွက် အမှိုက်သိမ်းဆည်းခြင်းစနစ်၊ အမှိုက်စွန့်ပစ်ခြင်းစနစ်များ ယခုလက်ရှိ အနေအထားထက် ပိုမိုတိုးချဲ့ဆောင်ရွက်သွားရန် အမှန်တကယ်လိုအပ်လျက်ရှိပါကြောင်း၊ ပြည်သူလူထုနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ပြည်သူလူထုပူးပေါင်းမှုအားဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရန် စီမံချက်မျိုး နိုင်ငံတော်အစိုးရမှ ဦးဆောင်ချမှတ် အကောင်အထည်ဖော် ပေးသင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက် ရာတွင် မရှိမဖြစ်လိုအပ်သည့် အမှိုက်စွန့်ပစ်ခြင်းနှင့် အမှိုက်သိမ်းဆည်းခြင်း နည်းစနစ်ကောင်းများကို နိုင်ငံသားများအားလုံး တစ်ပြေးညီလိုက်နာကျင့်သုံး ဆောင်ရွက်သွားနိုင်မည့် စီမံချက်မျိုးရေးဆွဲ အကောင်အထည်ဖော် ချမှတ်ပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ စည်ပင်သာယာရေးအဖွဲ့များ အနေဖြင့် သဘောတူကြောင်းကို ပထမတင်ပြလိုပါကြောင်း၊ တစ်နိုင်ငံလုံးသန့်ရှင်းသာယာ လှပစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစည်ပင်သာယာရေး ကော်မတီများအနေဖြင့် စွန့်ပစ်အမှိုက်များကို ပထမဆုံးမည်ကဲ့သို့ ရှင်းလင်းဆောင်ရွက်နေသည်ကို တင်ပြပေးမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အိမ်ရာရပ်ကွက်များရှိ အမှိုက်များကို ခေါင်းလောင်းတီးစနစ်ဖြင့် သိမ်းဆည်းပေးခြင်း၊ ဈေးအမှိုက်များကိုလည်း သီးသိန့်သိမ်းဆည်းပေးခြင်း၊ အမှိုက်ပုံးများချထားပေးခြင်း၊ ဆေးရုံး၊ ဆေးခန်းက စွန့်ပစ်ပစ္စည်းများနှင့် စည်းကမ်းမဲ့ အမှိုက်များကိုလည်း သိမ်းဆည်းရပါကြောင်း၊ သီးခြားအမှိုက် သိမ်းဆည်းခြင်းဆိုသည့် One Call System ကိုလည်း လုပ်ပေးပါကြောင်း၊ အမှိုက်စိုများမှ သဘာဝမြေသြဇာ ထုတ်လုပ်ခြင်း၊ အမှိုက်ခြောက်များ အမျိုးအစားခွဲခြားပြီး ပြန်လည်အသုံးပြုခြင်း၊ နောက်ဆုံး စွန့်ပစ်အမှိုက်ပုံကို သယ်ယူပို့ဆောင်ခြင်းနှင့် နေ့စဉ်မြေသားများ ဖုံးအုပ်ပေးသည့် စနစ်များနှင့် အမှိုက်သိမ်းနည်းကို ဆောင်ရွက်နေပါကြောင်း၊
ကြယ်ပွင့်ပြမေးခွန်းတွင် ပါဝင်သည့် အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်သိမ်းဆည်းခြင်း နည်းပညာပိုင်း နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးမှုအစရှိသည့် အချက်များနှင့် စပ်လျဉ်းပြီး ပြည်သူများ၏ ကျန်းမာရေးအန္တရာယ်ကို လျှော့ချပေးနိုင်စေပြီး ပြည်သူများ ပိုမိုကောင်းမွန်သည့် အမှိုက်စွန့်ပစ်ခြင်း စနစ်ဆောင်ရွက်နိုင်ရန် အောက်ပါနည်းလမ်းများနှင့် ပညာပေးဆောင်ရွက်ရမည် ဖြစ်သည်ဟု ဖော်ပြပါကြောင်း၊ (က) Reduce ခေါ်သည့် လျှော့ချခြင်း၊ စွန့်ပစ်ပစ္စည်းများနှင့် ဘေးထွက်ပစ္စည်းများကို လျှော့ချသည့်နည်း၊ (ခ) Reuse ခေါ်သည့် ပြန်လည်အသုံးပြုခြင်း၊ ပစ္စည်းများကို အကြိမ်ကြိမ်ပြန်လည် အသုံးပြုခြင်း၊ (ဂ) Recycle and impost by heat အပူဖြင့် အသစ်တဖန် ပြန်လည်ထုတ်လုပ်ခြင်း၊ နောက်စနစ်တကျဖယ်ရှား ပြန်လည်အသုံးပြု၍မရသော ပစ္စည်းများကို ဖယ်ရှားခြင်း၊ နောက် Recovery ခေါ်သည့် ကုန်ကြမ်းများ ပြန်ထုတ်ခြင်းနှင့် Disposal ခေါ်သည့် စွန့်ပစ်ခြင်း တာဝန်များလုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊
ထို့ကြောင့် အမှိုက်စွန့်ပစ်သည့် ပြည်သူများနှင့်အတူ တာဝန်ယူထိန်းသိမ်း သိမ်းဆည်းသည့်ဝန်ထမ်း များက စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ပညာပေးအစီအစဉ်များ ဆောင်ရွက်ခြင်း၊ စာသင်ကျောင်းများတွင် ထည့်သွင်းသင်ကြားခြင်း၊ ပညာပေးခြင်းများနှင့် နိုင်ငံသားအားလုံး တစ်ပြေးညီ ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် အမှိုက်စွန့်ပစ်ခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်း ဥပဒေရေးဆွဲပြီး ပညာပေးမည် ဖြစ်ပါကြောင်း၊ ထို့နောက်ပညာပေးခြင်း ကာလလွန်မြောက်လာလျှင် ဥပဒေ၏ အာဏာသက်ရောက်မှုကို တိကျစွာအရေးယူ ဆောင်ရွက်ခြင်းမျိုးများ ဆက်လက်ပြီး လုပ်ဆောင်နိုင်ရမည်ဟု ယူဆပါကြောင်း၊
ထို့အပြင် စည်ပင်သာယာရေးကော်မတီများပိုင်သည့် တာဝန်ယူ၊ စီမံခန့်ခွဲရသည့် မြို့နယ်များတွင် တတ်နိုင်သမျှ အမှိုက်သိမ်းစနစ် လွှမ်းခြုံမှုရှိသည်ဟု ပြောနိုင်သော်လည်း မြို့များ၊ ပြင်ပကျေးလက် ဒေသများတွင် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲပေးသည့် အဖွဲ့အစည်းများမရှိပါကြောင်း၊ အမှိုက်သိမ်း စနစ်သည် မြို့ရွာများတွင်သာမကဘဲ ကျေးလက်ပြည်သူများအတွက်ပါ မဟာဗျူဟာကျသည့် မူဝါဒတစ်ရပ်ရေးဆွဲပေးသင့်သည်ဟု စည်ပင်သာယာရေးကော်မတီများက သဘောတူညီပါကြောင်း၊ ထို့ကြောင့် စွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲနေသည့် စည်ပင်သာယာရေးအဖွဲ့ အသီးသီးအနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စည်ပင်သာယာရေးအနေနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲရာမှာလည်း ငွေကြေးလုံလောက်စွာ သုံးစွဲနိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် အကူအညီပေးသင့်ပါကြောင်း၊ ယခုလို စွန့်ပစ်ပစ္စည်းများ စနစ်တကျစီမံခန့်ခွဲရာတွင် စည်ပင်သာယာရေးအဖွဲ့အစည်းများနှင့်အတူ အမျိုးသားကျန်းမာရေး ကိစ္စတစ်ရပ်အဖြစ် အစိုးရက လုပ်နေပါကြောင်း ရှင်းလင်းတင်ပြပါသည်။
ဦးစိုင်းငေါင်းဆိုင်ဟိန်း (မောက်မယ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်သူလူထု၏ အခက်အခဲသည်လည်း၊ အစိုးရ၏အခက်အခဲ ဖြစ်ပါကြောင်း၊ အောက်ခြေအဆင့် မြို့နယ်တော်တော်များများသည် အခွန်အခဝင်ငွေ နည်းပါးခြင်း၊ ဝန်ထမ်းဦးရေပြည့်မီအောင် မခန့်ထားနိုင်ခြင်းကြောင့် မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းများတွင် အားနည်းချက် အများကြီးဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဝင်ငွေနည်းပါးသည့်အပြင် ထပ်မံဖွဲ့စည်းလိုက်သည့် စည်ပင်သာယာကော်မတီ လေးဦးကိုလည်း ထောက်ပံ့ငွေကြေး ပြန်လည်ပေးအပ်နေ ရပါကြောင်း၊ တစ်နှစ်ကို ပျမ်းမျှ ၄၈ သိန်း၊ သိန်း ၅၀ ဝန်းကျင်ဆိုသည်မှာ အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းတစ်ခု ဆောင်ရွက်၍ရပါကြောင်း၊ ၎င်းကော်မတီများသည်လည်း ယနေ့အချိန်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မတွေ့ရသေးပါကြောင်း၊ စနစ်တကျ အမှိုက်ပုံ၊ အမှိုက်ကျင်း၊ အမှိုက်စွန့်ပစ်ရန် မြေနေရာမရှိကြောင်း၊ တစ်ပတ်ကိုတစ်ခါ အမှိုက်သိမ်းယာဉ်များ ထွက်တစ်လှည့်၊ မထွက် တစ်လှည့်ဆိုတာမျိုးလည်း အောက်ခြေအဆင့်မြို့နယ် တော်တော်များများမှာ မြင်တွေ့နေရသည့် ကိစ္စွဖြစ်ပါကြောင်း၊ ၎င်းကိစ္စကို မည်ကဲ့သို့အဆင်ပြေအောင် ဆောင်ရွက်လျှင်ကောင်းမည်ဆိုသည်ကို သုံးသပ်ဆုံးဖြတ်ရမည့် အချိန်မျိုးဖြစ်ပါကြောင်း၊ ထို့ကြောင့် နေပြည်တော်တွင် သိမ်းဆည်းနေသည့် သန့်ရှင်းရေးလုပ်ငန်းများ အောင်မြင်မှုရှိပါသလားနှင့် ရာနှုန်းပြည့်အောင်မြင်ပါသလား ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် ဦးအောင်မြင်ထွန်း
အမှိုက်သိမ်းစနစ်များ ရာနှုန်းပြည့်အောင်မြင်သလားဆိုသည့် ကိစ္စနှင့်ပတ်သက်၍ အတတ်နိုင်ဆုံး စည်ပင်သာယာရေးကော်မတီများအနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း တစ်ခါတစ်ရံတွင် စည်ပင်သာယာရေးကော်မတီများကို မည်သည့်နေရာတွင် အမှိုက်များရှိခြင်း၊ မည်သည့်နေရာတွင် အမှိုက်များလုပ်ပါအုံးဆိုသည့် စာလာခြင်းမျိုးများလည်းရှိပါကြောင်း၊ ထိုသို့လာခြင်းမျိုးများကိုလည်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီများက အကုန်လုံးလိုက်လံရှင်းလင်း သိမ်းဆည်းပြီး တတ်နိုင်သမျှ သန့်ရှင်းအောင်ရသည့် အခွန်ဘဏ္ဍာ ငွေကြေးနှင့်ကိုက်ညီမှုရှိအောင် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
