ပေါက်တောမြို့နယ်သည် လူဦးရေ ၁၈၅၀၀၀ ၊ ဧရိယာ ၄၁၃ စတုရန်းမိုင်ရှိသည့်အတွက် မြို့နယ်ကြီး တစ်ခုဖြစ်ပါကြောင်း၊ စစ်တွေမြို့နှင့် ၁၆ မိုင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံမြို့နယ်များနှင့် နယ်နိမိတ် ခြင်း ထိစပ်နေသည့်အပြင် ဘင်္ဂလားပင်လယ်အော်၏အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဟန်းတာပင်လယ် အော် ကမ်းစပ်တွင် တည်ရှိပါကြောင်း၊ ပဒမ်မြစ်ဝှမ်းဒေသဖြစ်သည့်အတွက်ကြောင့်လည်း မြေနိမ့်ပြီး ရေပြင်အထက် ၁၁ ပေသာမြင့်သောကြောင့် မုန်တိုင်းအန္တရာယ်ကို အမြဲတမ်းကြုံတွေ့နေရ ပါကြောင်း၊ ၁၉၆၈ ခုနှစ် ရခိုင်လေမုန်တိုင်းကြီးနှင့်၂၀၁၀ ခုနှစ် နာဂစ်မုန်တိုင်းကြီး အပါအဝင် မုန်တိုင်းကြီး လေးကြိမ် တိုက်ခိုက်ခဲ့သည့်အတွက် လူဦးရေ ၁၀၃၈ ဦး သေဆုံးခဲ့ပြီး ၊ လူနေအိမ်အပါအဝင် ပစ္စည်း ဆုံးရှုံးမှု ၂၃၅၅၆.၄ သန်း ရှိပါကြောင်း၊ ထိုစဉ်က သစ်လုံးကြီးများနှင့် အခိုင်အမာဆောက်ထားသည့် ဘုန်းတော်ကြီး ကျောင်းများတွင် ခိုလှုံခဲ့ရသည့်အတွက် အသက်အန္တရာယ်ကျရောက်မှုနည်းပါးခဲ့ခြင်း ဖြစ်ပါကြောင်း၊ မုန်တိုင်းဒဏ်ခံအဆောက်အဦတည်ဆောက်မည့်နေရာများမှ ချောင်းဆောက်ကျေးရွာ၊ သစ်ပုတ်ကျေးရွာနှင့် ပုဏ္ဏားကြီးကျေးရွာ သုံးရွာဖြစ်ပါကြောင်း၊ ၎င်းရွာများသည်အစဉ်အလာအရ လေမုန်တိုင်းဒဏ်အများဆုံးခံရသည့်ကျေးရွာများ ဖြစ်ပါကြောင်း၊ ၁၉၆၈ ခုနှစ် လေမုန်တိုင်းကျ ရောက် စဉ် ရေမျက်နှာပြင်အထက် ခြောက်ပေအထိအောင် ရေတက်ခဲ့သည့်အတွက် ပြေးစရာမြေမရှိ၊ စားစရာ ဆန်၊ ရေ မရှိဖြစ်ခဲ့ရပြီး အားလုံးနှင့် နှစ်ရက်ခန့် အဆက်အသွယ်ပြတ်ခဲ့ရပါကြောင်း၊ တောရော၊ မြို့ပါပြည်သူများ ဒုက္ခအကြီးအကျယ်ရောက်ခဲ့ရပါကြောင်း၊ အခုပေါက်တော မြို့နယ်တစ်ခုလုံးတွင် အသက်ကယ်ဆယ်ရေးကန် နှစ်ကန်၊ အသက်ကယ်ကုန်းတစ်ကုန်းနှင့် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံ အဆောက်အဦတစ်လုံးသာရှိပါကြောင်း၊ မြို့နယ် အနှံ့အလားတူအန္တရာယ်ကျရောက်နိုင်သည့် ဒေသ များ အများကြီးရှိသော်လည်းပဲ ဦးစားပေးအစီအစဉ် အလိုက် ရွေးချယ်တင်ပြခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့်ပေါက်တောမြို့နယ်တောင်ပိုင်း ပင်လယ်ကမ်းစပ်မြေနိမ့် ဒေသများမှာ နေထိုင်လျက်ရှိသော ပြည်သူများ၏အသက်အန္တရာယ်ကို လတ်တလောကာကွယ် ပေးနိုင်ရန် အတွက် လေဘေးဒဏ်ခံ အဆောက်အဦ Cyclone Shelter သုံးလုံးဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ပတ်သက်၍ သိလိုပါကြောင်းမေးမြန်းပါသည်။
ရခိုင်ပြည်နယ်ဟာ ရေမြေသဘာဝအနေအထားအရ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိ သည့် အတွက် မုန်တိုင်းအန္တရာယ်ကို နှစ်စဉ်တွေ့ကြုံခံစားရသည့်ဒေသဖြစ်၍ မုန်တိုင်းဒဏ်ခံခိုလှုံရာ အဆောက်အဦ လိုအပ်ချက်အပေါ်မူတည်ပြီး အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းအန္တရာယ် ကျရောက်နိုင် သည့်ဒေသများတွင် Cyclone Shelter များကို ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အတွင်း ပေါက်တောမြို့နယ်၊ သာစည်ကုန်းကျေးရွာမှာ တစ်လုံး၊ ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ် ပေါက်တောမြို့နယ်၊ ငပြီတက်ကျေးရွာတွင် တစ်လုံးတို့ကို ဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောက်လုပ် ပေးခဲ့ပြီး၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပေါက်တော မြို့နယ်၊ ကံပြင်ကျေးရွာမှာ တစ်လုံးကို ဆောက်လုပ်ပေးခဲ့ပြီးဖြစ်သည့်အတွက် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်း ယနေ့အထိ Cyclone Shelter စုစုပေါင်း သုံးလုံးဆောက် လုပ်ပြီးဖြစ်ပါ ကြောင်း၊ ယခု ၂၀၁၈ ခုနှစ်တွင် ပေါက်တောမြို့နယ် ပုဏ္ဏားကြီး၊ ကံချောင်း၊ အလယ်ကျွန်း ကျေးရွာ အုပ်စုတို့တွင် Cyclone Shelter သုံးလုံးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့်လည်းကောင်း၊ ပေါက်တောမြို့နယ်၊ ငပြီကျွန်းကျေးရွာတွင် Cyclone Shelter တစ်လုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှူဒါန်းငွေဖြင့်လည်းကောင်း ဆောက်လုပ်ပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိသဖြင့် ပေါက်တောမြို့နယ်အတွက် ယခုနှစ်တွင် လေးလုံးထပ်မံ ဆောက်လုပ်ပေးရန် စီစဉ်ဆောင်ရွက် ထားရှိပြီး ဖြစ်ပါကြောင်း၊ Cyclone Shelter များဆောက်လုပ်ခြင်းသည် သဘာဝဘေး ရင်ဆိုင်ရာတွင် အဆင်သင့်ဖြစ်ရန်စီစဉ်ထားသည့်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် ကြီးကြပ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အထူးစီမံချက် အနေဖြင့် ဆောင်ရွက်သည့်ကိစ္စ ဖြစ်သည့်အတွက် ဆောက်လုပ်မည့်နေရာနှင့် အနေအထား၊ မြေပြင်အခြေအနေများကို အဖွဲ့များဖွဲ့ပြီး စိစစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပုဏ္ဏားကြီးကျေးရွာတွင် ယခုဆောက်လုပ်မည့် နေရာအတွက် ရွေးချယ် ထားပြီး ဖြစ်ပါကြောင်း၊ ချောင်းစောက်နှင့် သစ်ပုတ် တို့ထက် ကံချောင်းနှင့် အလယ်ကျွန်း တို့၏ အခြေအနေ၊ အနေအထားအရ ပိုပြီး ဆောက်လုပ်ရန်သင့်လျော်ပါကြောင်း၊ နေရာအနေအထား ရွေးချယ်မှု၊ မြေပြင်အခြေအနေ၊ ရွာချင်းဆက်လမ်းများနှင့် လမ်း၏ အခြေအနေ၊ အကယ်၍ အရေးပေါ် ဖြစ်လာပါက ပြည်သူလူထုအလျင်အမြန် ခိုအောင်းနိုင်မည့် အခြေအနေများကို ကွင်းဆင်းလေ့လာ သုံးသပ်ပြီး ပုဏ္ဏားကြီး၊ ကံချောင်းနှင့် အလယ်ကျွန်း သုံးခုကို ရွေးချယ်ရခြင်း ဖြစ်ပါကြောင်း၊ ဘက်စုံသုံး Cyclone Shelter များကို တည်ဆောက်ခြင်းဖြင့် ဘေးဖြစ်ပါက အချိန်မီခိုလှုံနိုင်ခြင်းကြောင့် အသက်ဘေး မှ ကင်းဝေးအောင်ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် ယခုနှစ်တွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ငွေကျပ် ၁၅.၉၇၃ ဘီလီယံအကုန်ခံပြီး Cyclone Shelter ၈၆ လုံးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ၅၇ လုံး၊ ရခိုင်ပြည်နယ်တွင် ၂၆ လုံး၊ ချင်းပြည်နယ်တွင် နှစ်လုံး၊ ရှမ်းပြည်နယ်တွင် တစ်လုံး ဖြစ်ပါကြောင်း၊ Cyclone Shelter များ တည်ဆောက်သည့်နေရာတွင် သာမန်အချိန် ပြည်သူ များအတွက် မူကြိုကျောင်း၊ လိုအပ်ပါက စာသင်ကျောင်း၊ လူငယ်စင်တာ၊ လူထုစုဝေးရာနေရာ စ သဖြင့် ဘက်စုံသုံး နေရာအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည့် အတွက် ပြည်သူများအတွက် တိုက်ရိုက် အကျိုးရှိစေမည်ဖြစ်သည့်အတွက် ဘက်စုံသုံး Cyclone Shelter များကို အမှန်တကယ် လိုအပ်မှုနှင့် ဘေးကျရောက်ပါက ကြံ့ကြံ့ခံနိုင်သည့် အဆောက်အဦဖြစ်အောင် နေရာရွေးချယ်မှု၊ ဒေသနှင့် ကိုက်ညီမည့် အဆောက်အဦပုံစံနှင့်ခိုင်ခံ့မှုတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းညှိနှိုင်း ပြီး အမျိုးသားသဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုကော်မတီ၏ကြီးကြပ်မှုဖြင့် ဆောက်လုပ်နေ ခြင်း ဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ခြင်းသည် ပြည်သူများ အမှန်တကယ် အကျိုးအမြတ် ရရှိ ခံစားနိုင်မည့် အစိုးရ၏ အကျိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
