(က)-ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ သာစည်-စပါးရင်းတွင်းလမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့(၁၈.၁.၂၀၁၈)

ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းပေါင်း ၈၀ ခန့်ရှိပြီး မိုင်အားဖြင့် ၃၆၀ မိုင်ခန့်ဖြစ်ပြီး ၎င်းထဲတွင် သာစည်-စပါးရင်းတွင်းလမ်းဆိုလျှင် အရှည်အားဖြင့် ၁၆ မိုင် ၂ ဖာလုံရှည်လျားပြီး အရှေ့ဘက်တွင် ဆပ်သွားပြီး ထိုခရိုင်ချင်းဆက်လမ်း၊ မြောက်ဘက်တွင် ကိုးပင်-သာဂရလမ်းတို့နှင့် ထိစပ်လျက်ရှိနေပါကြောင်း၊ လမ်းဘေးကျေးရွာ လေး၊ ငါး၊ ခြောက်ရွာခန့်သာ ရှိသော်လည်း ခရီးသွားလာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တခြားလူမှုစီးပွားကိစ္စများအတွက် ၎င်းလမ်းကို ကျေးရွာတော်တော်များများ အသုံးပြုနေကြခြင်းကြောင့် အရေးပါသည့် လမ်းတစ်လမ်း ဖြစ်နေပါကြောင်း၊ သာစည်-စပါးရင်းတွင်းလမ်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်း ၁၆ မိုင်အတွက် ငွေကျပ် ၁၄၅.၅၈၅ သန်း၊ မြေနီလမ်း ၁၆ မိုင်အတွက် ငွေကျပ် ၂၁၀.၂၄၁ သန်း၊ ကွန်ကရစ်ရေပြွန် ၆၄ ခုအတွက် ၅၇.၆၀၁ သန်း စုစုပေါင်း ၄၁၃.၄၂၇ သန်း အကုန်အကျခံကာ မြတ်ဟိန်းထက် ကုမ္ပဏီက  တာဝန်ယူဆောက်လုပ်ခဲ့ပါကြောင်း၊ သို့သော်အခုဆိုလျှင် ကိုးပင်-သာဂရ လမ်းမှ သာစည်ကျေးရွာနှင့် ဆင်မတောင် ကျေးရွာလမ်းပိုင်းသည် နွေအခါဆိုလျင် ကားဖြင့်သွားလျှင် မိုးတွင်းအခါ ဗွက်နစ်သည့် လမ်းတစ်လမ်းဖြစ်နေပါကြောင်း၊ သို့သော် သတ္တမအကြိမ် လွှတ်တော် အစည်းအဝေး ပြန်မစခင် ဘတ်ဂျက်စာအုပ်များ ကြည်‌့သည့်အခါ ၂၀၁၈ ခုနှစ် ခြောက်လတာ ကာလတွင် မီနီဘတ်ဂျက်မှာ အခုလမ်းအတွက် ၃၀၁.၂ သန်း လျာထားသည်ကို တွေ့ရှိရပါကြောင်း၊ ကျောက်ချောလမ်း မဟုတ်ဘဲ မြေနီကျောက်စလစ်လမ်း ဖြစ်ပါကြောင်း၊ ပုံမှန်အားဖြင့် ဆိုလို့လျှင် မြေသားလမ်းဖောက်ပြီး မြေနီလမ်းပြီးလျှင် ကျောက်ချောလမ်း အဆင့်မြှင့်တင်ပေးသည်ဟု နားလည် ထားပါကြောင်း၊ သာစည်ကနေပြီး ဆင်မတောင်ကြား ဆိုးဝါးနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ယခုလမ်းကိုလည်း ဘတ်ဂျက်လျာထားမှုအရ လေးမိုင်၊ ငါးမိုင်ရရ ကျောက်ချော လမ်းခင်းပေးမည် ဆိုလျှင် ပိုမိုသင့်တော်မည်ဟု ထင်မြင်မိပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်လည်း လေလွင်‌့ဆုံးရှုံးမှု မဖြစ်စေရန် ဒေသခံများအတွက် ထိုက်သင်‌့သည့် လမ်းကောင်းကောင်း ရရှိသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရသစ်လက်ထက်တွင် ယခုကဲ့သို့မဟုတ်ဘဲ ရာသီမရွေးသွားလာနိုင်သည့် လမ်းမျိုးဖြစ်ရန် ဒေသခံများက များစွာမျှော်လင့်တောင့်တ နေကြသဖြင့် သာစည်-စပါးရင်းတွင်းလမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ သာစည်-စပါးရင်းတွင်း လမ်းအရှည် ၁၆ မိုင် ၂ ဖာလုံသည် ကိုးပင်-သာဂရလမ်းနှင့် ခရိုင်ချင်းဆက်လမ်းတို့ကို ဆက်သွယ်ထားသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက် လမ်း၏လက်ရှိအခြေအနေမှာ အမာခံမြေနီလမ်းဖြစ်ပြီး ရေမြောင်းများ တည်ဆောက်ရန် လိုအပ်ခြင်း၊ လမ်းဘေးဝဲ/ယာစိုက်ခင်းများရှိ ရေများသည် လမ်းသားအတွင်းသို့ စိမ့်ဝင်ခြင်းတို့ကြောင့် လမ်းသားနိမ့်ကျပျက်စီးလျက် ရှိပါကြောင်း၊

ထို့ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ မေးမြန်းလာသော ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ သာစည်-စပါးရင်းတွင်းလမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (C) မှာ ပါဝင်သည့်အတွက် လတ်တလော သုံးနှစ်တာကာလအတွင်း အဆင့်မြှင်‌့တင်ဆောင်ရွက်ပေးရန် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်း၊ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများတွင် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့သော် ယခုအခါ ထိုသို့ကျေးရွာချင်းဆက်လမ်းသည် ဆိုးရွားပြီး မြေသားနိမ့်ကျမှုများ ဖြစ်နေသည့်အတွက် ၂၀၀၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။