မှတ်တမ်း - ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့(၁၅.၁.၂၀၁၈) မှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ (၁၅.၁.၂၀၁၈)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ   ၁၅  ရက်)

၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၈၄ ) ဦး တက်ရောက်သည်။

 

၂။ လွှတ်တော်အစည်းအဝေးတွင်ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

(က) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးနှင့် သတ္တမပုံမှန်အစည်းအဝေး ကြားကာလအတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ အောက်ဖော်ပြပါ ပြည်ပခရီးစဉ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ချက်များအား ပြည်သူ့ လွှတ်တော်သို့ အသိပေး တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း

 

(၁)  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၂၇.၁၀.၂၀၁၇ မှ ၂.၁၂.၂၀၁၇ ရက်နေ့အထိ ဂျပန်နိုင်ငံသို့သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်၊

 

(၂)  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့၏ ၂၇.၁၁.၂၀၁၇ ရက်နေ့တွင် ဂျပန်နိုင်ငံ၌ ကျင်းပပြုလုပ်သည့် တတိယ ကြိမ်မြောက် စက်မှုလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှီးနှော ဖလှယ်ပွဲသို့ သွားရောက်ခဲ့သည့်ခရီးစဉ်၊

 

(၃)  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့၏ ၃.၁၂.၂၀၁၇မှ ၈.၁၂.၂၀၁၇ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံသို့ " Global Robusta Coffee " ဖွံ့ဖြိုးရေးဆိုင်ရာ လေ့လာရေးသွားရောက်ခဲ့သည့် ခရီးစဉ်။

 

(ခ) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း

 

(၁)  ဦးအေးနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ မေးမြန်းသော ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် 200 KVA ထရန်စဖော်မာ (၅၀)လုံး သို့မဟုတ် 315 KVA (၃၀)လုံး ချထားပေးရန်နှင့် လိုအပ်သောခွဲရုံများ တပ်ဆင်ပေးရန် အစီစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ကုမ္ပဏီက ဦးစားပေးအလိုက် ၁၁/ဝ.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ (၁၉) လုံးနှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းပေ (၁၉၀၀)ခန့် အသစ်တည်ဆောက်ခြင်းလုပ်ငန်း များအား ၂၀၁၈ ခုနှစ်၊ မတ်လ ကုန်ခန့်တွင် ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် လိုအပ်သည့် ထရန်စဖော်မာနှင့်ဆက်စပ်ဓာတ်အားလိုင်းများ အမြန်တိုးချဲ့တည်ဆောက် ပေးသွားရန် Myanmar Global Lighting Star Co.,Ltd. သို့ တွန်းအားပေး ကြီးကြပ်သွားမည်ဖြစ်ပါကြောင်းနှင့် ကုမ္ပဏီဘက်က တာဝန်ပျက်ကွက်ပါက စာချုပ်ပါ စည်းမျဉ်းအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

 

(၂)  ဒေါက်တာဆလိုင်းရီယန်းဗဲလ်၊ ဖလမ်းမဲဆန္ဒနယ်မှ မေးမြန်းသော ဖလမ်းမြို့နယ်ရှိ ရိခေါဒါရ်မြို့တွင် နေထိုင်သည့် ပြည်သူများအား ဓာတ်အားလုံလောက်စွာ သုံးစွဲနိုင်ရန် 500 KVA မီးစက်(၁)လုံး သို့မဟုတ် 1250 KVA မီးစက်(၁)လုံး ချထားပေးပါရန် အစီအစဉ်ရှိ/ မရှိမေးခွန်း နှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က  နောက်ထပ်မီးစက် ၁ လုံးချထားပေးရန် မလိုအပ်ဘဲ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော ဓာတ်အား လိုင်းများနှင့်ဓာတ်အားခွဲရုံများ တည်ဆောက်ပြီးစီးပါက အမှတ်(၁)နှင့် (၂)ရပ်ကွက်    ၂  ခုလုံးအား လက်ရှိဒီဇယ်စက်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၃)  ဦးဝင်းဝင်း၊ မင်းဘူးမဲဆန္ဒနယ်မှ မေးမြန်းသော မင်းဘူး - စကုလမ်းမကြီးနှင့်ဆက်သွယ် ထားသော မန်းရေနံမြေ အရှေ့ဘက်ဂိတ်မှ ကြာကန် - ပေါက်ကုန်း - အောက်ကျောင်း - နန်းဦး - လေးအိမ်တန်း - လက်ပံတော - မယ်ဘေ့ကုန်းရွာအနီး မန်းရေနံမြေလမ်းဆုံ အထိ လမ်းအပိုင်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့် ပေးရန် အစီအစဉ်ရှိ/ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က  ကျေးရွာချင်းဆက်လမ်းဖြစ်ခြင်း၊ ရေနံထုတ်လုပ် မှုနှင့်မသက်ဆိုင်၍ အသုံးစရိတ် (ဘတ်ဂျက်)လျာထားရန် အခက်အခဲရှိခြင်းနှင့် လူမှုစီးပွား အစီအစဉ်ဖြင့်ဆောင်ရွက်ရန် အသုံးစရိတ်ကန့်သတ်ချက်ရှိနေခြင်းများ ကြောင့် လက်ရှိအချိန်တွင် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၄)  ဦးနေမျိုးထက်၊ ကျောက်တံတားမဲဆန္ဒနယ်မှ မေးမြန်းသော  မြန်မာနိုင်ငံတွင် နှစ်စဉ် လျှပ်စစ်သုံးစွဲမှုသည် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်အထိ တိုးတက်သုံးစွဲလျက်ရှိရာ လာမည့် (၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁) ခုနှစ်တို့တွင် ပြည်သူများကို လျှပ်စစ် ဓာတ်အားမပြတ်တောက်စေရန်နှင့် လုံလောက်ကောင်းမွန်အောင် လျှပ်စစ်ထုတ်လုပ်ရေး အပိုင်းတွင် မည်ကဲ့သို့အစီအစဉ်ချပြီး လုပ်ဆောင်နေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က နိုင်ငံတော် ဘတ်ဂျက်၊ နိုင်ငံတကာချေးငွေနှင့် ပုဂ္ဂလိကကဏ္ဍတို့မှပါဝင်၍ သတ်မှတ်ကာလ အတွင်းတွင် အချိန်မီပြီးစီးသွားအောင် စီမံဆောင်ရွက်နေပြီး လက်ရှိတည်ဆောက်ပြီး စီးခဲ့သော ဓာတ်အားပေးစက်ရုံများကိုလည်း သက်တမ်းပိုပြီး Extension  လုပ်နိုင်အောင် စက်စွမ်းအားပြည့် လည်ပတ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

 

(၅)  ဦးသန်းအောင်၊ ငပုတောမဲဆန္ဒနယ်မှ မေးမြန်းသော ငပုတောမြို့နယ်ရှိ ငါးပြေမ (66KV) ခွဲရုံနှင့် ပုသိမ်မော်တင်စွန်း ပင်မဓာတ်အားပေးလိုင်းကြီးနှင့် ၁ မိုင်အတွင်းရှိ ဇီးချိုင်၊ ကံချိုင်၊ ကျောက်ချောင်း၊ ခမောက်မော်၊ ကညင်ချောင်း၊ ကုန်းတန်း ကျေးရွာများသို့ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လျာထားထည့်သွင်း တွက်ချက်ပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်နိုင်ရန် မည်သို့စီမံဆောင်ရွက်နေကြောင်း သိလိုခြင်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် သက်ဆိုင်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်(အောက်တိုဘာလ မှ စက်တင်ဘာလအထိ) တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးသွားမည်ဖြစ်ပြီး ခွင့်ပြု ချက်ရရှိပါက အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

 

(၆)  ဦးလင်းလင်းဦး၊ တနိုင်းမဲဆန္ဒနယ်မှ  မေးမြန်းသော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ကချင်ပြည်နယ်၊ တနိုင်းဒေသသို့ မဟာဓာတ်အားလိုင်းမှ (၂၄)နာရီ မီးလင်း နိုင်ရေးအတွက် ဆောင်ရွက်ပေးပါရန်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တနိုင်း မြို့နယ်တွင် ကာမိုင်၊ တနိုင်း ၆၆ ကေဗွီ ဓာတ်အားလိုင်းအတွက် လိုအပ်လျက် ရှိနေသော ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်း နှင့်စပ်လျဉ်း၍  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က အဆိုပါစီမံကိန်း တစ်ခုလုံး၏ ခန့်မှန်းကုန်ကျစရိတ်မှာ လုပ်ငန်းပေါင်း ၁၂၃၃၀ ရှိပြီး ခွဲဝေရရှိမည့် ဘတ်ဂျက်အရ ဓာတ်အားလိုင်းတည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း ၂၂၈၀ ကို ထည့်သွင်းလျာထားမည်ဖြစ်ပါ သည်။ နောင်လိုအပ်မည့် ဘတ်ဂျက်ရန်ပုံငွေများကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြန်လည်ဖြေ ကြားခဲ့သည်။

 

(ဂ) ဥပဒေကြမ်း(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များ အနက် ၅ ချက်ကို သဘောတူညီခဲ့ပြီး သဘောကွဲလွဲသည့် ၃ ချက်ကို ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးဆုံးဖြတ်နိုင်ရန်  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။ အစည်းအဝေးကို နံနက်( ၁၁း၀၀ )နာရီတိတိတွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပမည့်ရက်ကို ၁၇.၁.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။