ရေဂလုပ်-ကျားကိုက်ချောင်း-ချောင်ကြီး- ဘုရားကြီးကုန်း-ဆင်ကူး ကျေးလက်မြေသားလမ်းသည် ကျောင်းကုန်းမင်းမနိုင်ချောင်း၏ အနောက်ဘက်ကမ်းမှာရှိသည့် ကျေးရွာအုပ်စု(၅)အုပ်စုကို ဆက်သွယ်ထားသောလမ်းဖြစ်ပါကြောင်း၊ မြစ၏အရှေ့ဘက်ခြမ်းတွင်ရှိသည့် ကျောင်းကုန်း-အိမ်မဲ ကတ္တရာလမ်းကို ရေဂလုပ်တံတား၊ ချောင်ကြီးတံတားတို့ဖြင့် ဆက်သွယ်ထားရှိပါကြောင်း၊ အဆိုပါ မြေသားလမ်း ပေါ်တွင် ချောင်ကြီးအထက်တန်းကျောင်း၊ ချောင်ကြီး တိုက်နယ်ဆေးရုံ၊ ဘုရားကြီးကုန်း အခြေခံပညာအလယ်တန်းကျောင်းနှင့် ဘုရားကြီးကုန်း ကျေးလက် ကျန်းမာရေးဌာနခွဲများနှင့် ကျေးရွာ အသီးသီး ၏ မူလတန်းကျောင်းများ တည်ရှိနေသည့်လမ်းမကြီး ဖြစ်ပါကြောင်း၊ မိုးရာသီတွင် ကျောင်းသူ/ကျောင်းသားများနှင့် ပြည်သူများ သွားလာခက်ခဲသဖြင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး မှအစ နောက်ကျကျန်ခဲ့ရပါကြောင်း၊ အဆိုပါ လမ်းသည့် ရေဂလုပ်-ချောင်ကြီး ကျောက်ချောလမ်းနှင့် ဆင်ကူး-ပါရမီဒေါင့်၊ အိမ်မဲကွန်ကရစ်ကတ္တရာ လမ်းမကြီးနှင့်လည်း ဆက်သွယ်ထားရှိပါကြောင်း၊ အဆိုပါလမ်းကို အသုံးပြုသည့် ကျေးရွာအုပ်စု(၅)အုပ်စု အပြင် ကျေးရွာခွဲပေါင်း ၃၃ ရွာကလည်း ၎င်းလမ်းမကို အခြေပြုပြီး တိုက်ရိုက်အသုံးပြုနေသည့် လမ်းများ ဖြစ်ပါကြောင်း၊ ချောင်း၏ တစ်ဖက်ကမ်းတွင်ရှိတဲ့ ကျေးရွာအုပ်စု(၁၇) အုပ်စုက ကျေးရွာများလည်း သွယ်ဝိုက်သောနည်းများနှင့် ၎င်းလမ်းကို အဓိကထား ဆောင်ရွက်နေသောလမ်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကွန်ကရစ်လမ်းမကြီး သည် ကျောင်းကုန်းမြို့နယ် အိမ်မဲ-ပါရမီဒေါင့်မှ ဆင်ကူးကျေးရွာအထိ ကွန်ကရစ်လမ်း ဖြစ်ပါကြောင်း၊ မြေဂလုပ်လမ်းမှလည်း ရေဂလုပ်ဒေါင့်ကျဉ်းလမ်းမကြီးနှင့် ဆက်သွယ်နေသည့် လမ်းဖြစ်သည့် အတွက် ရာသီမရွေးသွားလာနိုင်သည့် ကျောက်ခင်းလမ်းအဖြစ် ပြည်သူများမှ ဆန္ဒရှိနေသည့် အတွက် မိမိတို့ လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်းတစ်ထောင်မှရရှိသည့် ရန်ပုံငွေများကို ကျေးရွာအုပ်စု(၅) အုပ်စုမှနေပြီးလမ်းများမြှင့်တင်ခြင်း၊ လမ်းများချဲ့ခြင်း၊ အခြေခံလမ်းမကြီးဖြစ်အောင် နှစ်စဉ်ဆောင်ရွက် နေသည့် လမ်းများဖြစ်သည့်အတွက်ကြောင့် ကျားကိုက်ချောင်း၊ ချောင်ကြီး၊ ဘုရား ကြီးကုန်း၊ ဆင်ကူး ကျေးလက် မြေသားလမ်းကို ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့် တင်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။
ကျောင်းကုန်း မြို့နယ်အတွင်းရှိ ရေဂလုပ်-ကျားကိုက်ချောင်း-ချောင်ကြီး-ဘုရားကြီးကုန်း-ဆင်ကူး ကျေးလက်မြေသား လမ်းအရှည် ၁၀ မိုင် ၃ ဖာလုံသည် ကျောင်းကုန်းမြို့နယ် ရေဂလုပ်-ဒေါင့်ကြီး ကျောက်ချောလမ်းနှင့် အိမ်မဲမြို့နယ်မှ ဆင်ကူး-ပါရမီဒေါင့်-အိမ်မဲ ကွန်ကရစ်/ကတ္တရာလမ်းမကြီးနှင့် ဆက်သွယ်သော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်း ဖြစ်ပါကြောင်း၊ အဆိုပါ ကျောင်းကုန်းမြို့နယ် နှင့် အိမ်မဲမြို့နယ်တို့ကို ဆက်သွယ်မည့် ရေဂလုပ်-ကျားကိုက်ချောင်း-ချောင်ကြီး-ဘုရားကြီးကုန်း-ဆင်ကူးကျေးလက်မြေသားလမ်းသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class(B)ဦးစားပေးအဆင့်(၃)တွင် ပါဝင်ပါကြောင်း၊ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်း ရန်ပုံငွေ ရရှိမှုအပေါ်မူတည်ပြီး ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
