(ဂ)-တန့်ဆည်မြို့နယ်၊ သပြေရင်း-ရွာမ-ရွှေကူလမ်းပေါ်ရှိ ညောင်ဇီးကုန်းတံတားကို ကွန်ကရစ်တံတား (၁)စင်းဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့(၁၈.၁.၂၀၁၈)

မိမိတို့မြို့နယ်တွင် ရွှေကူချောင်းကိုဖြတ်လျက်တည်ဆောက်ထားသည့် ညောင်ဇီးကုန်းတံတား ရှိပါကြောင်း၊ ၎င်းတံတားသည် ကိုယ်ထူကိုယ်ထတည်ဆောက်ထားသည့် သစ်သား ပြီး ရွာပေါင်း ၃၃ ရွာ အသုံးပြုလျက်ရှိပါကြောင်း၊ ထို့အပြင် ရေဦး-ကလေးဝလမ်းကိုချိတ်ဆက်ထားသည့် သပြေရင်း-ရွာမ-ရွှေကူလမ်းပေါ်တွင်တည်ရှိပြီး မြို့ပေါ် တက်သည့်လမ်းလည်းဖြစ်ပါကြောင်း၊  မနှစ်က မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ချောင်းရေ နှင့်အတူ မျောပါသွားခဲ့ပါကြောင်း၊ ၎င်းတံတားမရှိ သည့် အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး များတွင် အခက်အခဲများစွာကြုံတွေ့ရပါကြောင်း၊ ထို့ကြောင့် တန့်ဆည်မြို့နယ်၊ သပြေရင်း-ရွာမ-ရွှေကူလမ်းပေါ်ရှိ ညောင်ဇီးကုန်းတံတားကို ကွန်ကရစ် တံတား တစ်စင်းဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

တန့်ဆည်မြို့နယ်အတွင်းရှိ သပြေရင်း-ရွာမ-ရွှေကူလမ်းသည် ကလေးဝ-ရေဦးလမ်းကြီးနှင့် ဆက်သွယ်ထားသည့်လမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းပေါ်ရှိ  ညောင်ဇီးကုန်းတံတားသည် ရွှေကူချောင်းပေါ်တွင်တည်ရှိပြီး ၂၀၀၅ ခုနှစ်တွင် ကျေးရွာမှကိုယ်ထူ ကိုယ်ထတည်ဆောက်ခဲ့သည့် သစ်သားတံတားဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေမျောပါသွားခဲ့သဖြင်‌့ ပြန်လည်အဆင့်မြှင့်တင်တည်ဆောက်ပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ညောင်ဇီးကုန်းတံတားသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class(A)၊ ဦးစားပေးအဆင့်(၁) တွင် ပါရှိသည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေရရှိမှု ပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။