(စ)-ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာအုပ်စု၊ ရင်ပေါင်တိုင်ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့(၁၇.၁.၂၀၁၈)

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာကျန်းမာရေးဌာနသည် မုံရွာ-ယင်းမာပင်-လည်ငေါက်-အလောင်းတော်ကဿဖလမ်း ဓမ္မချောင်း၏ မြောက်ဘက်တွင် တည်ရှိပါ ကြောင်း၊ ရင်ပေါင်တိုင် ကျေးလက်ကျန်းမာရေးဌာန၏ အရှေ့ဘက်တွင် ယင်းမာပင်မြို့နယ်နှင့် အနောက် ဘက်တွင် ပုလဲမြို့နယ်၊ မြောက်ဘက်တွင် ဆင်စွယ်ကျေးလက်ကျန်းမာရေးဌာနခွဲတို့ရှိပါကြောင်း၊ ရင်ပေါင် တိုင်ကျေးလက် ကျန်းမာရေးဌာန သည် (အလျား ၁၅ မိုင် x အနံ ၇ မိုင်)ရှိပြီး ၁၀၅ ဧရိယာစတုရန်းမိုင် ကျယ်ဝန်းပြီး ကျေးလက်ကျန်းမာရေးဌာနခွဲ ငါးခုဖြင့်ဖွဲ့စည်းထားပါကြောင်း၊ အိမ်ခြေစုစုပေါင်း ၆၆၂၀၊ လူဦး ရေ စုစုပေါင်း ၃၄၃၆၇ ဦးရှိပါကြောင်း၊ တိုက်နယ်ဆေးရုံအဖြစ် ဖွင့်လှစ်ခွင့်ရရှိမည်ဆိုပါက ကျေးရွာပေါင်း ၁၉ အုပ်စု၊ ကျေးရွာပေါင်း ၈၀ ရွာ၊ အိမ်ထောင်စုပေါင်း ၁၁၁၇၉ ဦး၊ လူဦးရေစုစုပေါင်း ၆၀၁၈၃ ဦးကို ကျန်းမာရေး အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ရင်ပေါင်တိုင်ကျေးရွာတိုက်နယ်ဆေးရုံ ၏ အကျယ် သည် (အလျား ၁၅ မိုင် x အနံ ၁၂ မိုင်)ရှိပြီး ဧရိယာစတုရန်းမိုင် ၁၈၀ ကျယ်ဝန်းလာမည်ဖြစ်ပြီး ၎င်းဒေသ တွင် ကျန်းမာရေးစောင့်ရှောက်မှု  ပေးနိုင်သည့်အပြင်  ပုလဲမြို့နယ်မှ ကျေးရွာပေါင်း ၁၉ ရွာနှင့် ယင်းမာပင် မြို့နယ်၊ ဆင်စွယ်၊ မောက်လုပ်၊ အင်တောကျေးလက်ကျန်းမာရေး ဌာနခွဲတို့မှ ကျန်းမာရေးအကျိုးပြု လုပ်ငန်းများဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိ ရင်ပေါင်တိုင်ကျေးလက် ကျန်းမာရေးဌာနသည် ယင်းမာပင်မြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် ၁၂ မိုင်၊ မုံရွာပြည်သူ့ဆေးရုံကြီးနှင့် ၂၉ မိုင်၊ ကာပိုင်တိုက်နယ် ဆေးရုံနှင့် ၁၂ မိုင်အကွာအဝေးတွင် တည်ရှိပါကြောင်း၊ လက်ရှိ ရင်ပေါင်တိုင် ကျေးလက်ကျန်းမာရေးဌာန သည် (အလျား ၄၀ ပေ x အနံ ၃၀ ပေ)ရှိသည့် အုတ်ပန္နခံ ပျဉ်ထောင်သွပ်မိုးနှင့် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော် ကဆောက်ခဲ့သည့် အဆောင်တစ်ဆောင်၊ (အလျား ၂၁ ပေ x အနံ ၁၄ ပေ) အုတ်နံရံကပ်သွပ်မိုး တစ်ထပ်သားဖွားဆောင် တို့ရှိပါကြောင်း၊ ဆေးခန်းအကျယ်အဝန်းမှ(အလျား ၂၉၀ ပေx အနံ ၁၇၀ ပေ) ဧရိယာကျယ်ဝန်းပါကြောင်း၊ တိုက်နယ်ဆေးရုံအဖြစ် ဖွင့်လှစ်ခွင့်ရရှိမည်ဆိုပါက ဧရိယာ (အလျား ၅၀၀ ပေ အနံ x ၃၅၀ ပေ) မြေနေရာကို အလှူရှင်မှ တိုက်နယ်ဆေးရုံဆောက်လုပ်ရန် လှူဒါန်းပြီးဖြစ်သည့်အပြင် သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနတွင် မြေစာရင်းပုံစံ (၁၀၅)၊(၁၀၆) တို့ကို တင်ပြထားပြီး ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ရင်ပေါင်တိုင်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာနမှ ယင်းမာပင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကားဖြင့်သွားမည်ဆိုပါက ၄၅ မိနစ်၊ မုံရွာပြည်သူ့ ဆေးရုံသို့ တစ်နာရီ ၄၅ မိနစ်ကြာ သွားရ မည်ဖြစ်ပါကြောင်း၊ ရွှေဆံပင်ဆရာတော်မှ ရွှေမေတ္တာဓမ္မ ချောင်းကူးတံတားကြီးကို ဆောက်လုပ် ပြီး စီးပြီဖြစ်သည့်အတွက် ရင်ပေါင်တိုင်ကျေးရွာကို ကားလမ်းဖြင့် တိုက်ရိုက်သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ရင်ပေါင်တိုင်ကျေးရွာအုပ်စုသည် မိုးတွင်းကာလတွင် မုံရွာခရိုင် ပြည်သူ့ဆေးရုံ၊ ယင်းမာပင်ဆေးရုံများသို့ သွားလာရန်ခက်ခဲပြီး အချိန်ကြာအောင် သွားရသည့်အတွက် ကျန်းမာရေးကိစ္စများဖြစ်ပွားပါက ပြည်သူများ အသက်အန္တရာယ်စိုးရိမ်ခဲ့ရသည့် အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် ရင်ပေါင်တိုင် ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံ အဖြစ်တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုပေးရန် အစီအစဉ်ရှိ / မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင် ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံတစ်ရုံ၊ ကာပိုင်တိုက်နယ် ဆေးရုံ၊  ညောင်ကိုင်းတိုက်နယ်ဆေးရုံ၊ စုစုပေါင်းတိုက်နယ်ဆေးရုံသုံးရုံ၊ မိခင်ကလေးကျန်းမာရေးဌာန တစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနငါးခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၉ ခု ဖွင့်လှစ်ထားပြီး လူဦးရေ တစ်သိန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ ရင်ပေါင်တိုင် ကျေးလက်ကျန်းမာ ရေး ဌာနပိုင်တွင် အိမ်ခြေပေါင်း ၆၀၀၀ ကျော်၊ လူဦးရေ ၃၀၀၀၀ ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် အထွေ ထွေဆေးခန်းလာပြသည့် လူနာပေါင်း ၈၀၀၀ ကျော်၊  လွှဲပြောင်းလူနာ  ၁၀၅ ဦး ရှိပါကြောင်း၊ ရင်ပေါင်တိုင် ကျေးရွာသည် မုံရွာမြို့ ခုတင်(၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးနှင့် ၂၉ မိုင်၊ ယင်းမာပင်မြို့နယ်ဆေးရုံ ခုတင် (၅၀) နှင့် ၁၂ မိုင် ၊ ကာပိုင်တိုက်နယ် ဆေးရုံ (၁၆)ခုတင်နှင့် ၁၂ မိုင်  ၊ ပုလဲမြို့နယ် ဆေးရုံ (၂၅)ခုတင်နှင့် ၁၈ မိုင်၊ ချင်ပြစ်တိုက်နယ်ဆေးရုံ (၁၆)ခုတင်နှင့် မိနစ် ၃၀ ခန့် ကားဖြင့် မိနစ် ၄၀ ခန့်သွားရပါကြောင်း၊  တစ်နိုင်ငံလုံး တွင် တိုက်နယ်ဆေးရုံ ၇၀၀ ကျော်ရှိပါကြောင်း၊ တိုက်နယ်ဆေးရုံကို သေချာစဉ်းစားပြီး တိုးသင့်လျှင်တိုးပါကြောင်း၊ သို့ဖြစ်၍ လောလောဆယ်အခြေအနေ နှင့် စာရင်းဇယားများအရ ရင်ပေါင်တိုင် တိုက်နယ် ကျေးလက်ကျန်းမာရေးဌာန အား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန် သင့်လျော်မှု မရှိသေးပါကြောင်းနှင့် လစ်လပ်လျက်ရှိသော သားဖွားဆရာမများအတွက် ယခု ဇန်နဝါရီလ၊ ဖေဖော်ဝါရီ လတွင် ခန့်အပ်မည့် သားဖွားဆရာမ ၁၀၄၆ ဦးထဲမှ  ဦးစားပေးခန့်ထားမည်ဖြစ်ကြောင်းနှင့် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်း များကိုလည်း ပြည့်စုံအောင် ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။