ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်တိုက်နယ်ဆေးရုံသည် ဒေသခံရပ်မိရပ်ဖပြည်သူများက ၁၉၈၆ ခုနှစ်တွင် ကိုယ့်အားကိုယ်ကိုးဖြင့် စတင်ဆောက်လုပ်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ကိုယ့်အားကိုယ်ကိုးဆောက်လုပ်ခြင်း ဖြစ်သည့်အတွက် စံကိုက် ဆေးရုံအဖြစ် မပြည့်စုံသော်လည်း ဒေသခံပြည်သူများက အားကိုးအားထားရသော ဆေးရုံတစ်ရုံအဖြစ် လည်း ရှိပါကြောင်း၊ ပတ်ဝန်းကျင်ဆက်စပ်ဆေးရုံများဖြစ်သည့် ဘန့်ဘွေးကျေးရွာအုပ်စု၊ နားခိုက်ကျေးရွာ အုပ်စု၊ နားသံကျေးရွာအုပ်စု(တောင်ဘက်ခြမ်း)၊ ပုန်းအင်းကျေးရွာအုပ်စု၊ ပါလောပါကယ်ကျေးရွာအုပ်စု (မြောက်ဘက်ခြမ်း) တွင် နောင်မွန်ကျေးရွာအုပ်စုတို့မှ မိဘပြည်သူများက အဓိကအားထားနေရသကဲ့သို့ ခ.မ.ရ (၄၂၅)၊ (၄၂၆) တပ်ရင်းနှစ်ရင်းလည်း တည်ရှိနေပါကြောင်း၊ အဆိုပါဆေးရုံကို ခန့်မှန်းလူဦးရေ ၄၀၀၀၀ ကျော်ခန့် မှီခိုအားထားနေရပါကြောင်း၊ ယခုအခါ တိုးတက်များပြားလာသော လူဦးရေနှင့်အတူ ကျန်းမာရေးကုသမှုတွင် ဆေးရုံကိုအားကိုးအားထားမှု များလာသော်လည်း အောက်ခြေဝန်ထမ်းခွင့်ပြု ခြောက်ဦးဖြစ်သော်လည်း ယခင် မိမိမေးခွန်းတင်စဉ်က တစ်ဦးမှမရှိသေးသော်လည်း လွန်ခဲ့သည့် နိုဝင်ဘာလတွင် နေ့စားဝန်ထမ်းလေးဦး ခန့်ထားပြီးသည်ဟု သိရှိရပါကြောင်း၊ ၎င်းဆေးရုံတွင် ဓာတ်မှန် စက်၊ ဓာတ်မှန်ခန်း မရှိခြင်းကြောင့် ဓာတ်မှန်ရိုက်ရန်အတွက်လိုအပ်ပါက တောင်ဘက် ၂၁ မိုင်ဝေးကွာ သည့် ဆီဆိုင်မြို့ဆေးရုံသို့ သွားရောက်ရိုက်ကြရသဖြင့် အခက်အခဲများကြုံတွေ့နေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်နားရက်တွင် မဲဆန္ဒရှင်ပြည်သူများနှင့် သွားရောက်တွေ့ဆုံသည့်အခါ မဲဆန္ဒရှင် ပြည်သူများက တင်ပြတောင်းဆိုမှုအရ ဘန်းယဉ်တိုက်နယ်ဆေးရုံအား စံကိုက်ဆေးရုံအဖြစ် ပြန်လည် တည်ဆောက်ပေးနိုင်ပါရန်နှင့် စီစဉ်ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိ သို့မဟုတ် လက်ရှိလိုအပ် လျက်ရှိသော ဆေးစတိုဆောင်၊ ဓာတ်မှန်အဆောက်အအုံနှင့် ဓာတ်မှန်စက်၊ ဆေးစွန့်ပစ်ပစ္စည်းမီးရှို့ ဆောင်၊ လူနာနားနေဆောင်၊ မီးစက်အဆောက်အအုံ၊ လူနာရေချိုးဆောင်နှင့် ရေစင်တို့ကို မည်ကဲ့သို့စီစဉ် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့၊ ဘန်းယဉ်တိုက်နယ် ဆေးရုံသည် ၁၉၈၆ ခုနှစ်ကတည်းက တည်ဆောက်ပြီး နှစ်(၃၀)ကြာပြီဖြစ်သည့်အတွက် အဆောက်အဦဟောင်းနွမ်းလျက်ရှိပါကြောင်း၊ ကျေးရွာအုပ်စုအများ အပြား၊ လူဦးရေ ၄၀၀၀၀ ကျော်နှင့် တပ်ရင်းနှစ်ရင်းကလည်းရှိနေပါကြောင်း၊ ဝန်ထမ်းအင်အားအနေဖြင့် ဆရာဝန်တစ်ဦး၊ သူနာပြုငါးဦးဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အောက်ခြေဝန်ထမ်း ကိစ္စနှင့်ပတ်သက်၍ ခြောက်ဦးတွင် လေးဦးကို ၁၆-၁၀-၂၀၁၇ ရက်နေ့ကခန့်ထားရန်အတွက် ခွင့်ပြုမိန့် လည်းပို့ပြီးဖြစ်ပါကြောင်း၊
အဆောက်အဦကိစ္စနှင့်ပတ်သက်၍ ဓာတ်မှန်အဆောက်အဦ၊ ဆေးစွန့်ပစ်ပစ္စည်း မီးရှို့ဆောင်၊ လူနာနားနေ ဆောင်၊ မီးစက်အဆောက်အဦတို့ကို ဆောက်လုပ်နိုင်ရေးအတွက် လက်တလောတွင် တည်ဆောက်၍ မရသေးသော်လည်း ယခုခြောက်လရရှိသည့် ဘတ်ဂျက်ဘဏ္ဍာရေးတွင် ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေဖြင့် ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဓာတ်မှန်အဆောက်အဦချက်ချင်းဆောင်ရွက်ပြီးစီးပါက ဓာတ်မှန်စက်ကို ချက်ချင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ၂၁ မိုင်ဝေးကွာသော ဆီဆိုင်မြို့တွင် ဓာတ်မှန်ရိုက်ရသည်မှာ လုံးဝမဖြစ်သင့်သည့်ကိစ္စ ဖြစ်ပါကြောင်း၊ ပထမဆုံးဦးစားပေးအနေဖြင့် အမြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဟောင်းနွမ်းနေသည့် ဆေးစတိုဆောင်၊ လူနာရေချိုးဆောင်၊ ရေစင်အဆောက်အဦကို စံကိုက်အဆောက်အဦအဖြစ် ချက်ချင်းဆောင်ရွက်မပေးနိုင်သေးပါကြောင်း၊ သို့သော် ယခုခြောက်လပတ်တွင်ပါရှိသည့် ပြင်/ထိန်းစရိတ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစပြီး တစ်နှစ်စာတွင်ပါရှိသည့် ပြင်/ထိန်းစရိတ်တို့ဖြင့် အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးသွားမည်ဖြစ်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်သည် ဝန်ထမ်းအိမ်ရာကို အဓိကထား တည်ဆောက်ပေးမည်ဖြစ်ပါကြောင်း၊ မလွှဲသာသည့်အခြေအနေမှသာ ဆေးရုံအသစ်တည်ဆောက် မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာ အများအပြား တည်ဆောက်ရန် စီစဉ်ထားပါကြောင်း၊ သို့သော်လည်း ၎င်းဆေးရုံသည် လူနာ ၄၀၀၀၀ ကျော်၊ တပ်ရင်းနှစ်ရင်းနှင့် ကျေးရွာအုပ်စုအများအပြား ဖြစ်သည့်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် စံကိုက်အဆောက်အဦအဖြစ်ပါဝင်စေရန် ဘတ်ဂျက်တွင်ရေးဆွဲပြီး ထည့်သွင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
