(က)-ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ ပေးဆောင် ထားသော အခွန်များ ပြည်သူ့ဘဏ္ဍာသို့ မှန်ကန် ပြည့်ဝစွာ ရောက်ရှိနိုင်ရန်နှင့် ကုန်သွယ်လုပ်ငန်း ခွန်ပေးဆောင်လိုသူများအတွက် အခွင့်အလမ်းများ ရရှိစေရန် မည်သို့စီမံဆောင်ရွက်လျက်ရှိကြောင်း သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ (၃၀.၁၀.၂၀၁၇)

dawcho22-11-2017 နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော ကုန်သွယ်လုပ်ငန်းခွန်အရ သတ်မှတ်ထားသည့် Commercial Tax ခေါ် ကုန်သွယ်လုပ်ငန်းခွန်ကို ပြည်သူများနိုင်ငံတော်သို့ ထည်‌့ဝင်ပေးဆောင်နေကြရပါကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ဆိုတာဝယ်ယူသူ၊ စားသုံးသူနှင့် ဝန်ဆောင်မှုကိုရယူသူများအပေါ် နိုင်ငံတော်က ကောက်ခံသည့် အခွန်ဖြစ်ပါကြောင်း၊ အခွန်ဌာနမှ တိုက်ရိုက်ကောက်ခံခြင်းမရှိဘဲ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူမှ တစ်ဆင့်ကောက်ခံပေးရသည့်အတွက် သွယ်ဝိုက်အခွန်ဟုလည်း သတ်မှတ် ခေါ်ဆိုကြပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် လက်တွေ့ကျင့်သုံးနေသော ကုန်သွယ်ခွန်ကောက်ခံမှုပုံစံ ရောင်းချသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကုန်ကျစရိတ် ဘောက်ချာပေါ်တွင် ကျသင့်သော ကုန်သွယ်ခွန် တန်ဖိုးအတိုင်း အခွန်တံဆိပ်ခေါင်း ကပ်နှိပ်လိုက်ခြင်း ဖြစ်ပါကြောင်း၊ ဥပမာ Feel စားသောက်ဆိုင်မှ Commercial Tax ကို တိတိကျကျ တွက်ချက်ပြီး အခွန်တံဆိပ်ခေါင်းကပ်နှိပ်၍ ပြည်သူများဆီမှ ထည့်ဝင်စေခြင်း ဖြစ်ပါကြောင်း၊ Commercial Tax ကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိဘဲ တံဆိပ်ခေါင်းကို ကပ်ထားပါကြောင်း၊ သို့သော် ကုန်စည်၏အပေါ်တွင်သာ ဈေးနှုန်းကို ထည့်ထားခြင်းဖြစ်ပါကြောင်း၊ Commercial Tax ကို တိတိကျကျထည့်သွင်း တွက်ချက်ထားခြင်း မဟုတ်သည့် အတွက်ကြောင့် အကယ်၍များ စားသုံးသူအပေါ် ဘောက်ချာပေးခဲ့ခြင်းမရှိပါက ပြည်သူက ပေးလိုက်ရသည့်အခွန်သည် ကုန်ဈေးနှုန်းများသာ တက်သွားပြီး အခွန်က နိုင်ငံတော်ကို မဝင်နိုင်ပါကြောင်း၊ အခြားဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဘဏ်များနှင့်တစ်ဆင့် Link လုပ်ပြီးမှ သူတို့ရိုက်ထုတ်လိုက်သည့် ပိုက်ဆံသည် တစ်ခါတည်း နိုင်ငံတော်ဘဏ္ဍာထဲကို ဝင်သွားပါသည်ဟု ပြောကြားပါကြောင်း၊ မိမိသိရှိသမျှက အခွန်ဘဏ္ဍာမှာလည်း Link လုပ်ထားခြင်း မရှိပါဟု ပြောကြားပါကြောင်း၊ ၂၀၁၆-၁၇ ခုနှစ် ပထမပတ်နှင့် ဒုတိယပတ်အစီရင်ခံစာတွင် ကုန်သွယ်လုပ်ငန်းခွန်များ လျာထားချက်ထက် ပြည့်မီကျော်လွန် ကောက်ခံရရှိခြင်း ပါရှိပါကြောင်း၊ ကျော်လွန်ရခြင်း အကြောင်းအရင်းများသည် နိုင်ငံတော်ပိုင်ကဏ္ဍ၊ မြန်မာ့သစ်လုပ်ငန်း၊ လျှပ်စစ်၊ သတင်းနှင့်စာနယ်ဇင်း၊ နယ်စပ်ကုန်သွယ်ရေး၊ တင်ဒါအောင်မြင်သည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ ကုန်သွယ်လုပ်ငန်းခွန်များ ပိုမိုကောက်ခံရရှိခြင်းကြောင့်ဟု ဖော်ပြထားပါကြောင်း၊ စားသုံးသူ ပြည်သူများထံမှ ကုန်သွယ်ခွန်ကောက်ခံမှု အခြေအနေကို ထည့်သွင်းဖော်ပြထားခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်ပိုင်လုပ်ငန်းများထံမှ ကောက်ခံရရှိသည့် ကုန်သွယ်ခွန်ဆိုသည်မှာ နိုင်ငံတော်ဘတ်ဂျက်၊ ပြည်သူ့ဘဏ္ဍာထဲက တောင်းခံပြီး သွင်းခြင်းဖြစ်သည့်အတွက် မိမိပိုက်ဆံကို ဒီဘက်အိတ်မှ ဟိုဘက်အိတ် ပြောင်းလဲခြင်းမျိုးသာ ဖြစ်သည့်အတွက် နိုင်ငံတော်ဘဏ္ဍာ တိုးမြင့်လာခြင်းဟု ပြောလို့မရပါကြောင်း၊ ထို့ကြောင့် ပြည်သူများအတွက် အခွင့်အလမ်းများ စနစ်တကျဖော်ဆောင်ပေးရန် မည်သို့ စီမံဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

umg22-11-2017 ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် သွယ်ဝိုက်ခွန်အမျိုးအစားဖြစ်သည့် ကုန်သွယ်လုပ်ငန်းခွန်နှင့် ပတ်သက်ပြီး အခွန်လွတ်ကင်းမှု မရှိစေရေး အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်း လုပ်ငန်းစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းရှင်များက ကုန်သွယ်လုပ်ငန်းခွန် ပေးသွင်းခြင်း လုပ်ငန်းစဉ်ကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရန်အတွက် အရောင်းပြေစာများတွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်စေသည့် နည်းလမ်းကို ၂၀၁၅ ခုနှစ်ကစတင်ပြီး ဥပဒေပြင်ဆင်ပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းများနှင့် စားသောက်ဆိုင်လုပ်ငန်းများ၊ ရွှေထည်လက်ဝတ်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းများ၊ ရုပ်သံလွှင့်မီဒီယာလုပ်ငန်းများမှ ရုပ်သံဖမ်းစက်များ ရောင်းချခြင်း၊ ရုပ်သံကြည့်ရှုခွင့် သက်တမ်းတိုးဆောင်ရွက်ခြင်းနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၁၈/၂၁၀၄) ၏ သဘောတူအတည် ပြုချက်နှင့် စားသောက်ဆိုင်များက ထုတ်ပေးသည့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်စေခြင်း လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းလုပ်ငန်းအတွက် ရှေ့ပြေး စီမံချက်အဖြစ် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ၁-၁၁-၂၀၁၄ ရက်နေ့မှစပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်ပြင်ပနှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင် ၁-၅-၂၀၁၅ ရက်နေ့မှစပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁-၅-၂၀၁၅ ရက်နေ့မှစပြီး စားသောက်ဆိုင်လုပ်ငန်းများသာမက ဟိုတယ်/တည်းခိုခန်းများက ထုတ်ပေးသည့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်စေခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၇) သဘောတူအတည် ပြုချက်ဖြင့် ရွှေထည်လက်ဝတ်ရတနာများ ရောင်းချသည့် ပြေစာများအပေါ်လည်း အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်း လုပ်ငန်းစဉ်ကို ၁-၆-၂၀၁၇ ရက်နေ့ကစပြီး ရန်ကုန်တိုင်းဒေသကြီးနှင်‌့မန္တလေးတိုင်း ဒေသကြီးများတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ၁-၇-၂၀၁၇ ရက်နေ့ကစပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ရုပ်သံလွှင့်မီဒီယာများကို ယင်းတို့၏ ဝန်ဆောင်မှုရယူမှုအတွက် ထုတ်ပေးသော ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်စေခြင်း လုပ်ငန်းစဉ်ကို ၁-၈-၂၀၁၇ ရက်နေ့ကစပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် အထူးကုန်စည်ခွန်ဥပဒေနှင့်အညီ ကုန်စည်ပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချပေးရန် အထူးကုန်စည်ခွန် ဥပဒေများနှင့် ပတ်သက်ပြီး အရက်၊ ဘီယာ၊ ဝိုင်၊ စီးကရက်တို့အပေါ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရက်၊ ဝိုင်၊ စီးကရက်များအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်း လုပ်ငန်းစီမံချက်ကို ၁-၄-၂၀၁၇ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းလုပ်ငန်း ပိုမိုအကျိုးသက်ရောက်မှု ရှိစေရန်တွက် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၃/၂၀၁၄) သဘောတူခွင့်ပြုချက်ဖြင့် ဘီယာထုတ်ကုန်များ အပေါ် အခွန်အမှတ်တံံဆိပ်အစား ဘီယာထုတ်လုပ်မှုပမာဏကို တိုင်းတာနိုင်ရန်အတွက် ထုတ်လုပ်သည့် နေရာမှာ ကုန်ချောထွက်ရှိမှု ပမာဏကို မှတ်တမ်းတင်နိုင်သည့် (Flow Meter) များ တပ်ဆင်အသုံးပြုခြင်းကို ၁-၁-၂၀၁၅ ရက်နေ့ကစပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ အလားတူ အရက်ချက်စက်ရုံများမှာလည်း Flow Meter တပ်ဆင်အသုံးပြုခြင်းကို ၁-၅-၂၀၁၇ ရက်နေ့ကစပြီး အသုံးပြုဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ အထူးကုန်စည်ခွန်တွင်ပါသည့် ဆေးပေါ့လိပ်အမျိုးမျိုး၊ စီးကရက်အမျိုးမျိုးအပေါ် အဆင့်သတ်မှတ်ပြီး ကျသင့်အခွန်များကို ကောက်ခံခဲ့ပါကြောင်း၊ ဆေးပေါ့လိပ်များကို အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချမည့် ကုန်စည် အဖြစ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၉-၆-၂၀၁၇ ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ် (၅၉/၂၀၁၇) ဖြင့် သတ်မှတ်ခဲ့ပါကြောင်း၊ ဆေးပေါ့လိပ်တွင် အခွန်အမှတ်တံဆိပ်များ ကပ်နှိပ် ရောင်းချစေခြင်းကို ၁-၁၀-၂၀၁၇ ရက်နေ့ကစပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အရောင်းပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရန် သတ်မှတ်ထားသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် အရောင်းပြေစာပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်လျှင် လည်းကောင်း၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်သော်လည်း ထိုက်သင့်သည့် တန်ဖိုးအတိုင်း ကပ်နှိပ် ထားမှု မရှိပါကလည်းကောင်း၊ အရောင်းပြေစာကိုထုတ်ပေးရန် ပျက်ကွက်ပါကလည်းကောင်း ကုန်သွယ်လုပ်ငန်းခွန် ဥပ‌ဒေအရပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားတန်ဖိုး အပေါ် ကျသင့်သည့်အခွန်၏ ၁၀၀ ရာခိုင်နှုန်းကို ပေးဆောင်စေရမည့်အပြင် ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း ပျက်ကွက်မှုအကြိမ်အလိုက်ကို အောက်ပါအတိုင်း ဒဏ်တပ်ရိုက်မှုများကို ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ပထမအကြိမ် ပျက်ကွက်မှုကို ကျပ်နှစ်သိန်း၊ ဒုတိယအကြိမ် ပျက်ကွက်မှုအတွက် ကျပ်ငါးသိန်း၊ တတိယအကြိမ် ပျက်ကွက်မှုအတွက် ကျပ်ခုနှစ်သိန်းနှင့် တတိယအကြိမ်အထက် ပျက်ကွက်ခြင်းအတွက် တစ်ကြိမ်ကိုကျပ် တစ်ဆယ်သိန်းနှုန်းဖြင့် ဒဏ်ရိုက်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် အခွန်ကင်းလွတ်မှု၊ တိမ်းရှောင်မှုများမရှိစေရန်အတွက် ၂၀၁၆ ခုနှစ်၊ ကုန်သွယ် လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၃၄ အရ ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားကို ထားရှိသော်လည်း ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုရယူသူထံသို့ ထုတ်ပေးရန်ပျက်ကွက်ခြင်း၊ ပြေစာကိုထုတ်ပေးသော်လည်း ကျသင့်အခွန်တန်ဖိုးနှင့် ညီမျှသည့် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်းတို့အတွက် အထောက်အထားနှင့် သတင်းပေးသူရှိခဲ့လျှင် ပုဒ်မ ၂၁ ပုဒ်မခွဲ (စ) အရ ကျသင့်အခွန်၏ ၁၀၀ ရာခိုင်နှုန်းဖြစ်သည့် ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်းကို အကြိမ်အလိုက်ပျက်ကွက်ခြင်း အတွက် ဒဏ်တပ်ရိုက်သည့် ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင်‌့ပေးပါမည်ဟု မိမိတို့မှ ကြေညာထားခြင်း ရှိပါကြောင်း၊ သတင်းပေးသူ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း အစိုးရကိစ္စမှတစ်ပါး ဖော်ထုတ်ခြင်းမပြုရဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် ကုန်သွယ်လုပ်ငန်း ခွန်ပေးဆောင်လိုသည့် ပြည်သူများကလည်း သတင်းပေးတိုင်ကြားခြင်းအားဖြင့် ပူးပေါင်းပါဝင်မည်ဆိုပါက ဆုကြေးများချီးမြှင့်နိုင်ရန် အခွင့်အလမ်းများ ဖော်ဆောင်ထားပါကြောင်း၊ ထို့အပြင် စိစစ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး ကွင်းဆင်းစိစစ်ခြင်း၊ စိစစ်တွေ့ရှိပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်း၊ လက်ဝယ်ထားရှိရောင်းချနေသူများကို ကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်း ဒဏ်တပ်ရိုက် ပေးဆောင်စေခြင်းတို့ကိုလည်း ကာလတိုအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာလရှည်မှာ (Value Added Tax)VAT စနစ်ကိုလည်း ခေတ်မီ IT နည်းပညာများ တွဲဘက်အသုံးပြုပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အခွန်ပေး‌ဆောင်နေသည့် ပြည်သူများ လွယ်ကူစွာ အခွန်ဆောင်နိုင်ရန်အတွက်လည်း အခွန်ထမ်းပြည်သူများအနေဖြင့် ယခင်က မြန်မာ့စီးပွားရေးဘဏ်ခွဲများကို သွားရောက်ပြီး အခွန်ပေးဆောင်နေသည့် အနေအထားမှ ယခုအခါ သီလဝါအထူးစီးပွားရေးဇုန်က လုပ်ငန်းရှင်များဆိုလျှင် MPU ကဒ်များအသုံးပြုပြီး Online Payment စနစ်ဖြင့် အခွန်ပေးဆောင် လျက်ရှိပါကြောင်း၊ အလားတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေး ဘဏ်တို့နှင့် ပူးပေါင်းပြီး Mobile Banking, Mobile Payment, e-payment စနစ်တို့နှင့် အခွန်ပေးဆောင်နိုင်စေရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်သည့် နေရာမှ CBM-NET System ၏ Customer Credit Transfer Function ကို အသုံးပြုပြီး ပုဂ္ဂလိကဘဏ်များနှင့် စီးပွားရေးဘဏ်တို့ကို ချိတ်ဆက်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ခြင်းအားဖြင့် နာရီပိုင်း၊ မိနစ်ပိုင်းအတွင်း ဘဏ်များအကြားတွင် ငွေလွှဲပြောင်းပေးပို့နိုင်မှုများကို အချိန်နှင့်တစ်ပြေးညီ အွန်လိုင်းကတစ်ဆင့် လွှဲပြောင်းပေးသွင်းနိုင်မည် ဖြစ်ပြီး အခွန်ထမ်းများအနေဖြင့် ၎င်းတို့၏ ငွေစာရင်းကို မည်သည့်ဘဏ်တွင် ဖွင့်လှစ်နိုင်သည်ဖြစ်စေ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲများတွင်ရှိသည့် ပြည်တွင်းအခွန်များဦးစီးဌာန၏ စာရင်းများသို့ အခွန်ပေးသွင်းနိုင်ရေးအတွက်ကို ကြိုးပမ်းလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။ ဒေါ်ချိုချိုဝင်း (မော်လိုက် မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။ ဝန်ကြီးဖြေသွားတဲ့အထဲတွင် ကုန်တိုက်များ၊ Super Market ကြီးများတွင်ရှိသည့် တံဆိပ်ခေါင်းမကပ်သည့် ဘောက်ချာများနှင့် ပတ်သက်ပြီး ပါရှိခြင်းမရှိပါကြောင်း၊ e-payment များ မဆောင်ရွက်ခင် လောလောဆယ်တွင် အခွန်ဦးစီးဌာနနှင့် မည်ကဲ့သို့ ချိတ်ဆက်ပြီး ၎င်း ကုန်သွယ်ခွန်များကို နိုင်ငံတော် ဘဏ္ဍာထဲကို မည်သို့ထည့်ဝင်မည်ကိုလည်း ရှင်းပြပေးစေလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ယခု ကူးပြောင်းကာလတွင် IT စနစ်နှင့် အပြည့်အဝဆောင်ရွက်နိုင်ခြင်း မရှိသေးခင် ပြည်တွင်းအခွန် များ ဦးစီးဌာန၏ အဆင့်ဆင့်သော ရုံးများကလည်း ကွင်းဆင်းပြီး စစ်ဆေးမှုများကို လုပ်ပေးရန် လိုအပ်ပါကြောင်း၊ ယခုလိုစစ်ဆေးနိုင်မှ တိမ်းရှောင်နေသည့် ဆိုင်များကို ဖော်ထုတ်နိုင်မည် ဖြစ်ပါ ကြောင်း၊ စစ်ဆေးရန်လည်း တစ်ဘက်ကလုပ်နေသကဲ့သို့၊ တစ်ဘက်ကလည်း သတင်းပေးသူကို ဆုချီးမြှင့်သည့် စနစ်ဖြင့် ပျက်ကွက်သည့် ဆိုင်များတွေ့လျှင် သတင်းပေးနိုင်ပါကြောင်း၊ တိုင်းပြည်အတွက် အခွန်နစ်နာနေသည့် ကိစ္စများရှိပါကြောင်း၊ ထို့ကြောင့် သတင်းပေးသူများကို ဆုချီးမြှင့်သည့် နည်းလမ်းများကိုလည်း တစ်ဖက်က ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။