(က)-နယ်စပ်ရေးရာဝန်ကြီးဌာနမှမိုင်းပန်မြို့နယ်၊မိုင်း ပန -နောင်လေ-မိုင်းပုတ်-ပန်ပိ လမ်း (၃၆)မိုင်အား အဆင့် မြှင့်တင်ဆောင် ရွက်ပေးရန်အစီအစဉ်ရှိ/မ ရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၇) ရက်မြောက်နေ့ (၇.၁၀.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

sai kyaw moeမိုင်းပန်မြို့နယ်အတွင်း မိုင်းပန်မြို့မှ နောင်လေ-မိုင်းပုတ်-ပန်ပိကျေးရွာများ သို့ သွားလမ်းအရှည် ၃၆ မိုင်ကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ၍ မြေသားလမ်းအဖြစ် ၂၀၁၄ ခုနှစ်တွင် စတင် ဖောက်လုပ်ခဲ့ပါကြောင်း၊  ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်ချောလမ်း ၁ မိုင် ၂ ဖာလုံကို မိုင်းပန်မှ နောင်လေကျေးရွာအထိ ခင်းပြီးဖြစ်ပါကြောင်း၊ တင်ပြပါ မိုင်းပုတ်-ပန်ပိကျေးရွာဒေသသည် အိမ်ထောင်စု ၁၀၀၀ ခန့်နှင့် လူဦးရေ ၄၀၀၀ ကျော်နေထိုင်ရာဒေသဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးမှု နောက်ကျလျက်ရှိပါကြောင်း၊ ယခုအခါ မိုးရာသီတွင် တောင်ပေါ်မြေသားလမ်းဖြစ်သည့်အတွက် မိုးရွာသွန်းမှုကြောင့် လမ်းများပျက်စီးခြင်း၊ ပြိုကျခြင်း၊ တံတားများပျက်စီးခြင်းတို့ကြောင့် လမ်းများ လွန်စွာပျက်စီးနေသဖြင့် သွားလာရန်အလွန် ခက်ခဲလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေးအတွက် မိုင်းပန်-နောင်လေ-မိုင်းပုတ်-ပန်ပိ လမ်း ၃၆ မိုင်အား မြေသားလမ်းအဆင့်မှ ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဆင့်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့် အချိန် တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

than htutမိုင်းပန်-နောင်လေ-မိုင်းပုတ်-ပန်ပိလမ်း ၃၆ မိုင်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ် ပန်တဝိ၊ ပန်ပိ၊ နောင်လေကျေးရွာအုပ်စုများအတွင်းရှိ ဒေသခံများအနေဖြင့် ဘိန်း စိုက်ပျိုးမှု စွန့်လွှတ်ပြီး ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးရေးနှင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးတို့အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ နယ်စပ်ရေးရာ ဝန်ကြီးဌာန သို့ မြေလမ်းဖောက်လုပ်ပေးနိုင်ရေး ရန်ပုံငွေခွင့်ပြုပေးပါရန် အကြောင်းကြားခဲ့မှုအပေါ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တွင် မြေလမ်း ၁ မိုင်မှာ ၁၂ သန်းနှုန်းဖြင့် ၃၆ မိုင်အတွက် ငွေကျပ် ၄၃၂ သန်းဖြင့် ဖောက်လုပ်ပေးခဲ့သော မြေလမ်း ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးသို့ ငွေအပ်လုပ်ငန်းအဖြစ် အပ်နှံဆောင်ရွက်ခဲ့ရာ အမှတ် (၉၂၁) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ တာဝန်ယူဆောင် ရွက်ခဲ့ခြင်းလည်း ဖြစ်ပါကြောင်း။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း လမ်းလုပ်ငန်းလွှဲပြောင်းလက်ခံရေး ဆောင်ရွက်ချိန်တွင် အဆိုပါ ၃၆ မိုင်မြေလမ်း၏ လမ်းဘေးရေမြောင်းအရာပေးမှုအားနည်းခြင်း၊ Guard Post များ ကွေ့ နေရာ၌မရှိခြင်းနှင့် လမ်းသားသည် မြေသားထက်နိမ့်ကျနေခြင်းတို့ကြောင့် စအရ(၉၂၁)မှ ပြန်လည် ပြုပြင်ဆောင်ရွက်ပေးခဲ့ပြီး ၃-၇-၂၀၁၆ ရက်နေ့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၎င်းလမ်းလုပ်ငန်းအား လွှဲပြောင်းလက်ခံရေးအဖွဲ့ဖြင့် စနစ်တကျ လုပ်ငန်းလွှဲပြောင်း လက်ခံခဲ့သောလမ်း ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အဆိုပါမြေလမ်းအား ကျောက်ချောလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန်အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန် ပုံငွေတွင် ကျောက်ခင်းလမ်း ၅ မိုင်ကို ဆောင်ရွက်ပေးရန် လျာထားပါရှိပါကြောင်း၊ ကျန်ရှိသော ၃၁ မိုင်ကျောက်ခင်းခြင်းအတွက် နှစ်အလိုက်အစီအမံဖြင့် ရန်ပုံငွေ လျာထားဆောင်ရွက်ပေး သွားမည်ဖြစ်ရာ ရန်ပုံငွေခွင့်ပြုပါက ဆက်လက်ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။