မိမိတို့မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေး ကဏ္ဍကြီးသုံးခုသည် အရေးပါသည့် အဓိကကဏ္ဍသုံးခုဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဘက်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနအမည်ဖြင့် ရေဆင်း တွင် ရှိပါကြောင်း၊၎င်းဌာနကို ၁၉၅၄ ခုနှစ် တွင် အင်းစိန်၊ ကြို့ကုန်းတွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ စိုက်ပျိုးရေးတက္ကသိုလ် ရှိ ရေဆင်း သို့ ပြောင်းရွှေ့လာခြင်းဖြစ်ပါကြောင်း၊ ဆန်စပါးဆိုင်ရာ သုတေသနလုပ်ငန်းနှင့် အခြားသီးနှံများဖြစ်သည့် ကြံသီးနှံများ၊ ပြောင်း၊စပ်မျိုး ပြောင်းသီးနှံများ နှင့် စက်မှုကုန်ကြမ်းသီးနှံများ စသည်ဖြင့် သုတေသန လုပ်ငန်းများ၏ တွေ့ရှိချက်များကို အခုကဲ့သို့ စာအုပ်များထုတ်ပြီး ရေငတ်ဒဏ်/ရေဝပ်ဒဏ် နှင့် ရေငန်ဒဏ်ခံနိုင်သည့်စပါးများ စသည်ဖြင့် သီးနှံပေါင်းစုံ၏ သုတေသန ကို တောင်သူများကိုစာအုပ်ကမ်းပါကြောင်း၊၎င်းဌာနသည် စိုက်ပျိုးရေးတက္ကသိုလ်နှင့် တစ်ဝင်းထဲမှာရှိပြီး စိုက်ပျိုးရေးတက္ကသိုလ်၏ မဟာသိပ္ပံသင်တန်း၊ ပါရဂူသင်တန်းများ၊ သုတေသန လုပ်ငန်း များ ကိုလည်း ကောင်းစွာအကျိုးပြုပါကြောင်း၊ထို့အတူ သစ်တောဌာနရှိ သစ်တောဦးစီးဌာနလက်အောက်တွင် သစ်တောသုတေသနဌာနရှိပါကြောင်း၊ သစ်တောနှင့် ဆိုင်သည့် ဆေးဖက်ဝင် အပင်များ၊ ရေအသုံးချမှုများနှင့် တခြားသစ်နှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများကိုလုပ်ကိုင်သည့်အတွက် သစ်တောကျောင်းသားတွေ၏ သုတေသနလုပ်ငန်း များကို လည်း တစ်ဖက်မှအကူအညီပြုပါကြောင်း၊ သို့သော် မွေးမြူရေးတက္ကသိုလ်သည် အင်းစိန်မှ ရေဆင်း သ့ို ၁၉၈၀ ခုနှစ်ဝန်းကျင်တွင် ပြောင်းလာသော်လည်း သုတေသနဌာနသည် အင်းစိန်တွင် ကျန်ခဲ့ပါကြောင်း၊ထို့ကြောင့် မိမိသိလိုသည်မှာ စိုက်ပျိုးရေး၊ သစ်တောတက္ကသိုလ်မှ ကျောင်းသားများ သုတေသနဆိုင်ရာလုပ်ငန်းများကို ကူညီနိုင်သကဲ့သို့ မွေးမြူရေးဆိုင်ရာ လုပ်ငန်းများ ၊သုတေသန လုပ်ငန်းများ လုပ်ကိုင်နိုင်သည့် ရေဆင်းတွင် မွေးမြူရေးဆိုင်ရာသုတေသန ဌာနဦးစီးတစ်ခု ဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းနှင့် မိမိ၏ကျိုက်လတ် မဲဆန္ဒနယ်နှင့် မအူပင်တွင် ငါးလုပ်ငန်းများ ယခုဆိုလျှင် ငါးရံ့သားတိုးစမ်းသပ် မွေးမြူ နေပါကြောင်း၊ ငါးများအတွက် သုတေသနစာတမ်းများ မရှိပါကြောင်း၊ထို့ကြောင့် ငါးလုပ်ငန်း၊ ရေချို၊ ရေငန်ငါး အပါ အဝင် မွေးမြူရေးဆိုင်ရာ သုတေသန ဦးစီးဌာနတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ၉.၆.၂၀၁၆ နေ့ တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ်(၅/၂၀၁၆)၏ သဘောတူခွင့်ပြုချက်အရ ဝန်ကြီးရုံး (၁)ရုံးနှင့် ဌာန(၁၂)ခုတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့သည် ဌာနတစ်ခုအဖြစ်ပါဝင်ခဲ့ ပါကြောင်း၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန အနေဖြင့် မွေးမြူရေး သုတေသနဦးစီးဌာနတစ်ခုအဖြစ် ဖွင့်လှစ်ထားရှိခြင်းမရှိသော်လည်း ယခင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဖွဲ့စည်းပုံတွင် ဌာနစုတစ်ခုအဖြစ် ဖွဲ့စည်းထားရှိ ခဲ့ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁-၇-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၂၅/၂၀၁၆)အရ ဌာန ၁၂ ခုအား ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဖွဲ့စည်းပုံတွင် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနခွဲအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်ဆဲ ၁၉ ခု နှင့် လျာထားအတည်ပြုပြီး ၁၄ ခု စုစုပေါင်း ၃၃ ခု ဆောင်ရွက်လျက်ရှိပါကြောင်း၊အဆိုပါ သုတေသန လုပ်ငန်းများတွင် ရောဂါရှာဖွေစုံစမ်းခြင်းဆိုင်ရာသုတေသနလုပ်ငန်း (၄)ခု၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်း (၂)ခု၊ မွေးမြူရေး တိရစ္ဆာန်များတွင်ဆေးယဉ်ပါးမှု (Antimicrobial resistance) ဆိုင်ရာ သုတေသနလုပ်ငန်းတစ်ခု၊ ပဋိဇီဝဓာတ်ကြွင်းများ ရှာဖွေစစ်ဆေးခြင်းဆိုင်ရာ သုတေသနလုပ် ငန်း(၁)ခု၊ တိရစ္ဆာန် အစာနှင့် အစာကုန်ကြမ်းများတွင်ပါရှိသည့် အရေးကြီးသည့် Aflatoxin (မှိုအဆိပ်ဓာတ်) ပမာဏသတ်မှတ်ရန် အတွက် ခေတ်မီမြန်ဆန်သည့် ELISA နည်းပညာဖြင့် စမ်းသပ် စစ်ဆေးခြင်းဆိုင်ရာ သုတေသနလုပ်ငန်း(၁)ခု၊ ရောဂါရှာဖွေရေးဆိုင်ရာသုတေသနလုပ်ငန်း(၃)ခု၊ကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်း(၂)ခု၊ ထုတ်လုပ်မှုဆိုင်ရာ သုတေသနလုပ်ငန်း (၁၉) ခု ပါဝင် ဆောင်ရွက် လျက်ရပါကြောင်း၊
မြန်မာနိုင်ငံတွင် ငါးမွေးမြူရေးလုပ်ငန်းအား ၁၉၅၃ ခုနှစ်ဝန်းကျင်ခန့်တွင် စတင်ခဲ့ပါကြောင်း၊ ၁၉၆၇ ခုနှစ် နောက်ပိုင်းတွင် ငါးမွေးမြူရေးဆိုင်ရာနည်းပညာရပ်များဖွံ့ဖြိုးလာခြင်း၊ ၁၉၈၉ ခုနှစ်တွင် ငါးမွေးမြူ ရေး ဆိုင်ရာဥပဒေ Aquaculture Law ကို ပြဋ္ဌာန်းလာနိုင်ခဲ့ခြင်းတို့ကြောင့် ငါးမွေးမြူရေးလုပ်ငန်းသည် ခိုင်မာသော စီးပွားဖြစ်လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲလာပြီး တဟုန်ထိုးတိုးတက်ဖွံ့ဖြိုးလာခဲ့ပါကြောင်း ယခု အချိန်တွင် ငါးလုပ်ငန်းဦးစီးဌာနတွင် စီးပွားဖြစ်သားပေါက်ထုတ်လုပ်နိုင်သည့် ငါးမျိုးစိတ် ၂၀ မျိုး ရှိပါကြောင်း၊ သုတေသနအဆင့်စမ်းသပ် ဖောက်လုပ်နိုင်သည့် စီးပွားဖြစ်ငါးမျိုးစိတ် (၉)မျိုးရှိပြီး စီးပွားဖြစ်သားပေါက်ထုတ်လုပ်သည့် အလှမွေးငါးမျိုးစိတ်သစ် (၆)မျိုး ရှိပါကြောင်း၊ ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းတွင် အရေးကြီးသည့် အချက်တစ်ချက်ဖြစ်သည့် ရေ အရည်အသွေး ထိန်းသိမ်းနိုင်ရန်အတွက် ရေ အရည်အသွေးစစ်ဆေးရေးနှင့် သုတေသန ဌာနစုအား ရန်ကုန်တိုင်းဒေသကြီး၊ သာကေတတွင် ဖွင့်လှစ်ထားရှိပါကြောင်း၊အဆိုပါဌာနစုတွင် မြေနှင့်ရေအရည်အသွေးဆိုင်ရာ နည်းပညာပေးခြင်း ဖြစ်သည့် ငါး၊ ပုစွန်သားဖောက် စခန်းများ၊ မွေးမြူရေးကန်များ အတွက် မြေနေရာရွေးချယ်ခြင်းနှင့် ရေမြေ အရည်အသွေးတိုင်းတာစစ်ဆေးခြင်းနှင့် သောက်သုံးရေနှင့် မြစ်၊ ချောင်း၊ ဆည်၊ ကန်များ၏ ရေအရည်အသွေးတိုင်းတာ စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုစွန်မွေးမြူရေး လုပ်ငန်းအနေဖြင့် ၁၉၇၅ ခုနှစ်တွင် သဘာဝမိရိုးဖလာနည်းဖြင့် ကျားပုစွန်မွေးမြူရေးလုပ်ငန်းအား ရခိုင်ပြည်နယ်တွင် စတင်ခဲ့ပါကြောင်း၊ သားဖောက်ခြင်းလုပ်ငန်းသည် ၁၉၈၇ ခုနှစ်မှ စတင်ပြီး အောင်မြင်စွာ စမ်းသပ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ပုစွန်မွေးမြူရေးလုပ်ငန်း ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၀၀ ပြည့်နှစ်တွင် ပုစွန်တိုးချဲ့မွေးမြူရေးထုတ်လုပ်ရေး ကော်မတီတစ်ရပ် ကို ဖွဲ့စည်းဆောင်ရွက် ခဲ့ပါကြောင်း၊ မွေးမြူရေးလုပ်ငန်းအတွက် အဓိကလိုအပ်သည့် မျိုးကောင်း မျိုးသန့်၊ ရေအရည်အသွေးနှင့် အစာတို့နှင့် ပတ်သက်ပြီးတော့ နည်းပညာသုတေသနပြု ဆောင်ရွက် နိုင်ခဲ့ပြီး ကျယ်ပြန့်စွာ မွေးမြူနိုင်ခဲ့ပါကြောင်း၊ သို့သော် White Spot Virus ရောဂါကြောင့် ၂၀၁၃ ခုနှစ်တွင် စတင်ပြီး ပုစွန်မွေးမြူရေးလုပ်ငန်းသည် တဖြည်းဖြည်း အခက်အခဲများတွေ့ကြုံခဲ့ရပါကြောင်း၊ ၎င်းအခက်အခဲများကို လက်ရှိအခြေ အနေတွင် ကျော်လွှားနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအေဂျင်စီ (KOICA) တို့ပူးပေါင်းပြီး မြန်မာ ကုန်းတွင်းပိုင်း ငါးမွေးမြူရေးဆိုင်ရာ သုတေသနနှင့်နည်းပညာပေးရေး ဗဟိုဌာနတည်ဆောက်ရန် ရေချိုငါးမွေးမြူရေးဖွံ့ဖြိုးမှုစီမံကိန်း (Development of Inland Fish Farming Technology)ကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊သရက်ကုန်း ငါးလုပ်ငန်းစခန်းတွင် စတင် အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊စီမံကိန်းဆောင်ရွက်ခြင်းဖြင့် လူ့စွမ်းအားမြှင့်တင်ရေးနှင့် သင်ထောက်ကူ ပစ္စည်းများ ဖွံ့ဖြိုးတိုး တက်စေ ခြင်း၊ မြန်မာ့ရေမြေနှင့် ကိုက်ညီမည့် စီးပွားဖြစ်မွေးမြူသော ငါးများသားဖောက် နည်းပညာရပ်များ ဖွံ့ဖြိုးလာခြင်း၊ ရေချိုငါးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများကိုဆောင်ရွက်ရန် ခေတ်မီစက် ကိရိယာများ တပ်ဆင် ထားသည့် သုတေသနဗဟိုဌာနတစ်အခုအဖြစ် ပထမဦးဆုံး ပေါ်ထွက် လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝန်ကြီးဌာန၏ဖွဲ့စည်းပုံကို ၁-၇-၂၀၁၆ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်သဖြင့် လုပ်ငန်း လိုအပ်ချက် အရဆောင်ရွက် သင့်သည့် သုတေသနတိုးမြှင့်ခြင်း အစီအစဉ်များကို ချမှတ်ဆောင်ရွက်နိုင်ရန် အတွက် အထက်ဖော်ပြပါ သုတေသန လုပ်ငန်းများကို ဌာနခွဲများ အနေဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် ငါးမွေးမြူရေးလုပ်ငန်းအပါအဝင် မွေးမြူရေး သုတေသန ဦးစီးဌာနတစ်ခုအဖြစ် ဖွင့်လှစ်ရန်အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
