မေးခွန်း အကြောင်းအရာ
မိမိတို့နိုင်ငံ၏ ပထမဆုံး ရုပ်ရှင် ဇာတ်ကားအဖြစ် ဖေဖုရှိန်တွင် တစ်ယောက် အပါအဝင်ဖြစ်သော ဦးထွန်းရှိန်၏ ဇာပန မှတ်တမ်းတင်ရုပ်ရှင်ကားရိုက်ခဲ့သည်မှာ နောက်သုံးနှစ် ဆိုပါက နှစ်တစ်ရာပြည့်ပြီဖြစ် ပါကြောင်း၊ထို့ကြောင့် အရှေ့တောင်အာရှတွင် ရုပ်ရှင် သက်တမ်း အရင့်ဆုံးဟု ပြောနိုင်သည့်အပြင် မိမိတို့ နိုင်ငံ၏ ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင် လောကအဆင့်အတန်းသည်လည်း မြင့်မားခဲ့ပါကြောင်း၊ ဟောလိဝုဒ်မှ မင်းသားများနှင့် မိမိတို့ မြန်မာမင်းသမီးများ တွဲဖက်သရုပ်ဆောင်ခြင်း၊ ဟောလိဝုဒ်က မင်းသားနှင့် မိမိတို့ ဒါရိုက်တာများ တွဲဖက်၍ ရုပ်ရှင်လာရိုက်ခြင်းများကို ဆောင်ရွက်နိုင်သည့်အထိ ရုပ်ရှင်လုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်ခဲ့ပါကြောင်း။
သို့သော် ရုပ်ရှင်လောကတွင် ရုပ်ရှင်ကင်ပေတိုင်ပေါ်လာခြင်းကြောင့် ရုပ်ရှင်လောကကြီးတစ်ခုလုံးသည် ကျဆင်း သွားခဲ့ပြီး နိုင်ငံ တကာကိုလည်း ထိုးဖောက်နိုင်မှု မရှိခဲ့ပါကြောင်း၊ယခုအခါ ဒီမိုကရေစီအစိုးရသစ်လက်ထက်သို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရုပ်ရှင်လုပ်ငန်းကို ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန် ရုပ်ရှင်လောကသားများကြိုးစား ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပံ့ပိုးကူညီပေးသင့်သည်ဟု မိမိအနေဖြင့်ယူဆပါကြောင်း၊ယခုအခါ ရုပ်ရှင်လုပ်ငန်းသည် ကမ္ဘာပေါ်တွင် ဝင်ငွေရသော Export လုပ်ငန်းဖြစ်နေပါကြောင်း၊ ဒေသတွင်းနိုင်ငံများအနေဖြင့် ရုပ်ရှင်လုပ်ငန်းက ဝင်ငွေများ များစွာရရှိသော်လည်း မိမိတု့ိနိုင်ငံအနေဖြင့် ပြည်တွင်းတွင် ရှင်သန်အောင် ရပ်တည်ရန်ကိုပင် ခက်ခဲနေပါကြောင်း၊ အထူးသဖြင့် ရုပ်ရှင်ရုံများ နည်းပါးသွားခြင်းကိုကြည့်မည်ဆိုပါက ၁၉၅၀ ခုနှစ်ခန့်တွင် ရုပ်ရှင်ရုံ ၂၅၀ ခန့်၊ ၁၉၈၀ ခုနှစ်ဝန်းကျင် တွင် ရုပ်ရှင်ရုံ ၄၀၀ ခန့်ရှိသော်လည်း ယခု အချိန်တွင် တစ်ပြည်လုံးအတိုင်းအတာဖြင့် ရုပ်ရှင်ရုံ ၄၀ ကျော်သာ ရှိပါကြောင်း၊ ရုပ်ရှင်လောကသားများအနေဖြင့် တခြားသောရုပ်ရှင်လောကသားများနှင့် ယှဉ်ပြိုင်နိုင် သော်လည်း ရုပ်ရှင် လုပ်ငန်းသည် ထိုးစိုက်ကျဆင်းနေပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအစိုးရအနေဖြင့် ရုပ်ရှင် လောကသားများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန်၊ရုပ်ရှင်လုပ်ငန်းကို Export ဖြစ်အောင် ဆောင်ရွက်ရန်နှင့် ရုပ်ရှင်လောက သားများ၏ ဘဝများ ဖွံ့ဖြိုးတိုးတက်လာရန် ရေရှည်၊ ရေတို အစီအစဉ်များ ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာ့ရုပ်ရှင်လုပ်ငန်းအနေဖြင့် ပြည်တွင်းတွင် ဦးမော့လာရုံသာမက ပြည်ပဈေးကွက်ကိုပါ ထိုးဖောက်ဝင်ရောက်နိုင်ရန်သည် ကြီးမားသည့် မျှော်မှန်းချက်တစ်ရပ်ဖြစ်ပြီး အဆိုပါ မျှော်မှန်း ချက် ဖြစ်မြောက်အောင်မြင်ရန် ကဏ္ဍအသီးသီးက ရုပ်ရှင်၊ အနုပညာရှင်များ၊ ရုပ်ရှင်လုပ်ငန်းလုပ်ကိုင်သူများနှင့် ပြန်ကြားရေးဝန်ကြီးဌာနအပါအဝင် အစိုးရပိုင်းကပါ ညီညွတ်မျှတစွာ ပူးပေါင်း ပါဝင် လုပ်ဆောင်ကြရန် လိုပါအပ်သည်ကို ဦးစွာပြောကြားလိုပါကြောင်း၊ ဆက်လက်ပြီး မြန်မာ့ရုပ်ရှင်လောကနှင့် ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာန၏ ပါဝင်ဆောင်ရွက်မှုကဏ္ဍကို အကျဉ်းချုံး တင်ပြလိုပါကြောင်း၊ယခင်က ဦးဆောင်ညွှန်ကြားရေးမှူးဦးစီးသည့် မြန်မာ့ရုပ်ရှင်လုပ်ငန်းရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ညွှန်ကြား ရေးမှူးချုပ် ဦးစီးသော မြန်မာ့ ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာန အဖြစ် လည်းကောင်း၊၂၀၁၅ ခုနှစ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအောက် ညွှန်ကြားရေးမှူးဦးစီးသော ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲအဖြစ်လည်းကောင်း ဖွဲ့စည်းပုံ ကို လျှော့ချပြင်ဆင် ဖွဲ့စည်းခဲ့ပါကြောင်း၊ထိုသို့ ဖွဲ့စည်းခဲ့သည့် ရည်ရွယ်ချက်သည် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကို ရှေးရှုသည့်အနေဖြင့် အစိုးရပါဝင်မှုကို လျှော့ချပေးခြင်းဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ရုပ်ရှင်ဇာတ်ကား အဆင့်အတန်း သတ်မှတ်စိစစ်ရေး အကဲဖြတ်အဖွဲ့အစည်းတွင်လည်း ဌာနဆိုင်ရာ ပါဝင်မှုလျှော့ချပြီး ရုပ်ရှင်ပညာရှင်အများစု ပါဝင်နိုင်အောင် ပြင်ဆင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို ယခင်က ပြန်ကြားရေးဝန်ကြီးဌာနက ချီးမြှင့် ပေးလျက်ရှိရာ ၂၀၁၂ ခုနှစ်ကစတင်ပြီး ရုပ်ရှင်လောက သားများပါ ဝင်သော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ယူ လွတ်လပ်စွာရွေးချယ်ချီးမြှင့်စေခဲ့ပါကြောင်း။
ဆက်လက်ပြီး ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေရှိရန်လိုအပ်သော ရုပ်ရှင် ဥပဒေရေးဆွဲမှုအခြေအနေကို အကျဉ်းချုပ်တင်ပြလိုပါကြောင်း၊ မြန်မာ့ရုပ်ရှင်လောက တည်ဆဲ ရုပ်ရှင်ဥပဒေ ၉/၁၉၉၆ နှင့် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ၈/၁၉၉၆ တို့ သည် ယခုအခြေအနေနဲ့ လိုက်လျောညီထွေမှု မရှိတော့သည့်အတွက် ၂၀၁၂ ခုနှစ်က စတင်ပြီး နိုင်ငံတကာဥပဒေများကိုလေ့လာကာ မြန်မာ့ရုပ်ရှင်ဥပဒေ (မူကြမ်း)ကို ရေးဆွဲပြီးနောက် အဆိုပါ ဥပဒေမူကြမ်းကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့ တွင် ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီကို ရှင်းလင်းတင်ပြခဲ့ရာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ညှိနှိုင်း ဆောင်ရွက်ပြီး ပြန်လည်တင်ပြရန် ဟူ၍ ဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ပေးပို့စေခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကရေးဆွဲသော ရုပ်ရှင်ဥပဒေ (မူကြမ်း) ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြန်လည်ပေးပို့လာပြီး ရုပ်ရှင် အစည်းအရုံးကပေးပို့လာသော ရုပ်ရှင်ဥပဒေ(မူကြမ်း)ကို အခြေခံပြီး နိုင်ငံတကာရုပ်ရှင်ဥပဒေများနှင့် ကိုက်ညီမည့် ဥပဒေ တစ်ရပ် ရေးဆွဲပြီး ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊အဖွဲ့ဝင်များနှင့် အခြားသက်ဆိုင်သူများကို ဖိတ်ကြားပြီး ရှင်းလင်းတင်ပြဖြန့်ဝေခဲ့ပါကြောင်း၊ ယခုအချိန်တွင် အဆိုပါ ဥပဒေကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးက ပြန်လည်သုံးသပ်စိစစ်ပြီး ဆက်လက်ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း။
ရုပ်ရှင်လုပ်ငန်းဦးမော့ရန် အရေးကြီးသည့် ကဏ္ဍတစ်ခုသည် ရုပ်ရှင်ရုံများတည်ရှိရေးဖြစ်ပါကြောင်း၊ နိုင်ငံပိုင် ရုပ်ရှင်ရုံ ၂၇ ရုံကို နိုင်ငံတကာအဆင့်အတန်းမီရုပ်ရှင်များအဖြစ် အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်လျက်ရှိရာ ရုပ်ရှင်ရုံ ၁၉ ရုံကို Digital စနစ်ဖြင့် ပြသနိုင်သော ရုပ်ရှင်ရုံများအဖြစ် အဆင့်မြှင့်တင်ပြီး ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့၊ ဝဇီရာရုပ်ရှင်ရုံကို အမေရိကန်သံရုံး၏ အကူအညီဖြင့် Red Carpet Theatre အဖြစ် ပြင်ဆင်ရေးဆောင်ရွက် လျက်ရှိသည့်အပြင် ကျန်ရုပ်ရှင်ရုံ ခုနစ်ရုံအနက် ရုပ်ရှင်ရုံလေးရုံကိုလည်း မကြာမီကာလအတွင်း Digital စနစ်သို့ အဆင့်မြှင့်တင်နိုင် မည်ဖြစ်ပါကြောင်း၊ပုဂ္ဂလိကပိုင်ရုပ်ရှင်ရုံများကိုလည်း Digital စနစ်ဖြင့် ရုပ်ရှင်ပြသရေးလုပ်ငန်းကိုဆောင်ရွက်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ ယခုအခါ ပုဂ္ဂလိက က ကိုယ်ပိုင်တည်ဆောက်ပြုပြင်ထားသော Digital ရုပ်ရှင်ရုံ ၂၄ ရုံနှင့် ပုဂ္ဂလိကကို အပြီး ရောင်းချထားသော ရုပ်ရှင် ရုံခြောက်ရုံ ပေါ်ပေါက်နေဖြစ်သည့်အပြင် ဆက်လက်ပြီး နိုင်ငံတစ်ဝှမ်း Digital စနစ်နှင့် ပြသသော ရုပ်ရှင်ရုံများထပ်မံပေါ်ထွန်းစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာ့ရုပ်ရှင်ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအတွက်လည်း နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုရရှိစေရန် စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်မြှင့် တင်ပေးခြင်း၊ နိုင်ငံတကာ ရုပ်ရှင်ကဏ္ဍဆက်ဆံရေးမြှင့်တင်ရန်အတွက် နိုင်ငံတကာရုပ်ရှင်ပွဲတော်များ ကျင်းပခြင်း၊ နိုင်ငံတကာနှင့် ရုပ်ရှင်ပူးပေါင်းထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော ပေါင်းစပ် ညှိနှိုင်းမှု များ ဆောင်ရွက် ပေးခြင်းကို ပြုလုပ်သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတကာရုပ်ရှင်ပွဲတော်များကို ပြည်တွင်းတွင် လက်ခံကျင်းပပေးလျက်ရှိရာ ၂၀၁၂ ခုနှစ်တွင် နိုင်ငံတကာရုပ်ရှင်ပွဲတော် ခြောက်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာရုပ်ရှင်ပွဲတော် လေးကြိမ်၊၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ခုနှစ်ကြိမ်နှင့် ၂၀၁၅ ခုနှစ် တွင် နိုင်ငံတကာ ရုပ်ရှင် ပွဲတော် လေးကြိမ် ၂၀၁၆ ခုနှစ် ဇွန်လအထိ နိုင်ငံတကာရုပ်ရှင်ပွဲတော် သုံးကြိမ်ကျင်းပခဲ့ပြီး နိုဝင်ဘာလတွင် ပြင်သစ်သံရုံးနှင့် ပူးပေါင်းကျင်းပမည့် International Memory Film Festivalတွင် ရုပ်ရှင်ကားပေါင်း ၈၀ ခန့် ပြသသွား မည်ဖြစ်ပါကြောင်း၊ အကျိုးဆက် အနေဖြင့် ခေတ်ဟောင်းမြန်မာ ရုပ်ရှင်ဇာတ်ကားများကို ပြုပြင်ထိန်းသိမ်းရေး ပြုလုပ်ပြီး နိုင်ငံတကာကို ပြသနိုင်သည့်အပြင် ကမ္ဘာ့အမွေနှစ်ထိန်းသိမ်းရေး အစီအစဉ်တွင် မြဂနိုင် ရုပ်ရှင်ဇာတ်ကားကို ကမ္ဘာ့အမွေအနှစ်အဖြစ် ထိန်းသိမ်းနိုင်ရေးကို ဆောင်ရွက်နေပါကြောင်း။
မိမိအနေဖြင့် ၃-၅-၂၀၁၆ ရက်နေ့တွင် မြန်မာ့ရုပ်ရှင်အစည်းအရုံးကို သွားရောက်ပြီး မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံးအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို ဆွေးနွေးခဲ့ရာတွင် ခိုးကူးခွေများ ပပျောက်ရေး ဆောင်ရွက်ရန် နည်းလမ်းရှာဖွေပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တင်ပြပေးရန်နှင့် ဖြစ်နိုင်ချေရှိသော အခြားသောနည်းလမ်းများနှင့်လည်း ဆောင်ရွက်ရန် ကိစ္စရပ်များတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးရန်နှင့် ဂီတအစည်းအရုံးကလည်း ခိုးကူးခွေပပျောက်ရေးကိစ္စနှင့်ပတ်သက်လို့ အကြံပြုခဲ့ခြင်းများရှိပါကြောင်း၊ ထို့ကြောင့် ယခုအခါ ခိုးကူးခွေ ဆိုသည့် TV Sport အစီအစဉ်ကို တစ်နေ့လျှင် သုံးကြိမ်မှ လေးကြိမ်အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ကထုတ်လွှင့်ပြသပေးလျက်ရှိပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ခြုံငုံတင်ပြရမည်ဆိုပါက မြန်မာရုပ်ရှင်လုပ်ငန်းအနေဖြင့် ပြည်တွင်းတွင်သာ ဦးမော့လာရုံသာမက ပြည်ပဈေးကွက်ကိုပါ ထိုးဖောက်နိုင်ရေးအတွက် ရုပ်ရှင်ဥပဒေ တစ်ရပ်ပေါ်ထွန်းရေးသည် မဖြစ်မနေလိုအပ်သည့်အပြင် ရုပ်ရှင်ထုတ်လုပ်သူ၊ အနုပညာ ဖန်တီးသူ ဒါရိုက်တာ စသည့် ပုဂ္ဂိုလ်များအပါအဝင် ရုပ်ရှင်လောကသားများနှင့် မြန်မာ့ရုပ်ရှင်ကို ချစ်မြတ်နိုးကြသော ပရိသတ်ကြီးကပါ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးကို အနာဂတ် ရည်မှန်းချက် အဖြစ်ထားရှိပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ရုပ်ရှင် လောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေရေးဆွဲရေး အပါအဝင် လိုအပ်သော အကူအညီများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ ဆက်စပ် ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အရှိန် အဟုန်မြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
