(ဂ)-နမ့်ဆန်မြို့နယ်ရှိကွမ်ဟယ်နှင့်မြို့သစ်ကျေးလက် ကျန်းမာရေးဌာနများအား(၁၆)ခုတင်ဆံ့တိုက်နယ်ဆေး ရုံအဖြစ်တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၉) ရက်မြောက်နေ့ (၂၃.၉.၂၀၁၆)

ကွမ်ဟယ်တိုက်နယ်ဆေးရုံကို ဖွင့်လှစ်ခွင့်ရရှိမည်ဆိုပါက ကျေးရွာအုပ်စုခြောက်စု၊ ကျေးရွာပေါင်း ၄၂ ရွာမှာရှိသည့် လူဦး ရေ ၁၈၃၆၅ ဦးအတွက် အကျိုးကျေးဇူးကို ခံစားကြရမည်ဖြစ်ပါကြောင်း၊ ကွမ်ဟယ် ကျေးရွာသည် ခုတင်၅၀ဆံ့ပြည်သူ့ဆေးရုံနှင့် ၁၅ မိုင်ခန့်ကွာဝေးသည့်အတွက် သွားရောက်ကုသခံရန် ခက်ခဲသည့် အနေအထားဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန မှ ကွမ်ဟယ်တိုက်နယ်ဆေးရုံ အတွက် လိုအပ်သည့် အဆောက် အဦများ ကို ဆောက်လုပ်ထားပြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးထားခြင်း မရှိသေးသဖြင့် တိုက်နယ်ဆေးရုံအတွက် လိုအပ်သည် ဖြည့်ဆည်းမှု များ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အတွက် အသုံးပြု၍လည်း မရသေးပါကြောင်း၊ အဆောက် အဦသက်သက်သာ ရှိနေပါသည့်အတွက် တိုက်နယ်ဆေးရုံ ပတ်ဝန်းကျင်တွင်  အကာအရံများ မရှိသဖြင့် ကျွဲ၊ နွား၊ တရိစ္ဆာန်များ ဝင်ရောက်ဖျက်ဆီး မည်ကိုလည်းစိုးရိမ်ရပါကြောင်း၊ ထို့ကြောင့် အဆိုပါဆေးရုံအား ၁၆ခုတင်ဆံံ့ တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်ရန်လို အပ်ပါကြောင်း၊

မြို့သစ်ကျေးရွာအနေဖြင့်လည်း နမ့်ဆန်မြို့နယ်ရှိ  ပြည်သူ့ဆေးရုံကြီးနှင့်  ၁၄ မိုင်ခန့်ကွာဝေးပါကြောင်း၊ ထို့ကြောင့်   တောင်သူများမှ ကျေးလက်ေ ဆးပေးခန်း ကိုသာ အထူးအားထားနေရသည့်အတွက် အဆိုပါ ကျေးလက်ဆေးပေးခန်းကို တိုက်နယ်ဆေးရုံအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ရန် လိုအပ်ပါကြောင်း၊  မြို့သစ်ကျေးလက် ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ရန် အတွက် လိုအပ်သည့်မြေနေရာရှိပါကြောင်း၊ တင်ပြထားသည့်မြေနေရာ အကျယ်အဝန်းလုံလောက် မှုမရှိပါက နေရာအသစ်များ ထပ်မံရရှိကြောင်းကိုလည်း  တင်ပြထားပါကြောင်း၊

ယခုမေးခွန်းကို ၂၀၁၅-၁၆တွင်လည်း ကွမ်ဟယ်နှင့် မြို့သစ်တိုက်နယ်ဆေးရုံဖွင့်လှစ်ခွင့်နှင့် ဖွဲ့စည်းပုံခွင့်ပြု ချက်ရရှိမည်ဆိုပါက လိုအပ်သည့်အဆောက် အဦများ ကို ဆောက်လုပ်ပေးမည်ဟု  ဖြေကြားထားပါကြောင်း၊ သို့သော် ယခုအချိန်အထိမရရှိသေး သည့်အတွက် ကျေးလက်ကျန်းမာရေးဌာနမှ ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံအဖြစ်သို့ လည်းကောင်း၊ မြို့သစ်ကျေးရွာတွင်ရှိသည့်  ကျေးလက်ကျန်းမာရေးဌာနအား ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ်သို့ ဖွဲ့စည်းပုံနှင့်အညီ အဆင့်မြှင့် တင်လုပ်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက် မရှိပါကြောင်းနှင့် အစီအစဉ်ရှိသည်ဆိုပါက မည်သည်‌့အချိန်တွင် ဆောင်ရွကေ်ပးမည်ကို  သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ခုတင် ၅၀ ဆံ့ ဆေးရုံတစ်ရုံ ဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်း၊ ပလောင်ကိုယ်ပိုင်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ် ကျေးရွာတွင် တိုက်နယ်ဆေးရုံအဆောက်အဦကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးဖြစ်ပါကြောင်း၊ ကွမ်ဟယ်ကျေးရွာတိုက်နယ်ဆေးရုံအား ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ခွင့်ရရှိရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တင်ပြခဲ့သော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့မှ အသစ်တိုးချဲ့ဖွင့်လှစ်ခြင်းကိစ္စများအား ပြန်လည်ရုပ်သိမ်းပေးရန် အကြောင်းကြားခဲ့သဖြင့် စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့မှ ၁၇-၂-၂၀၁၆ ရက်စွဲဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဖွဲ့စည်းပုံအား ပြန်လည်တင်ပြရန်ဖြစ်ကြောင်းကို အမှုတွဲများနှင့် အတူ ပြန်လည်ပေးပို့ခဲ့ပါသဖြင့် ကွမ်ဟယ်ကျေးရွာ၏ တိုက်နယ်ဆေးရုံဖွင့်လှစ်နိုင်ရန် ဖွဲ့စည်းပုံခွင့်ပြု မိန့် ကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ် ကွမ်ဟယ်ကျေးလက်ကျန်းမာရေးဌာနအား ၁၆ခုတင် တိုက်နယ်ဆေးရုံ အဆင်‌့ တိုးမြှင့်ခွင့်အမိန့်ရရှိပါက ကွမ်ဟယ်ကျေးရွာ တွင် ‌နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ဘဏ္ဍာငွေဖြင့် ဆေးရုံအဆောက်အဦ တည်ဆောက်ပြီးဖြစ်သော်လည်း ဝန်ထမ်းအိမ်ရာနှင့် အခြားတည်ဆောက်ရေး လုပ်ငန်းများကိုဆောင်ရွက်နိုင်ရန် ကုသရေး ဦးစီးဌာန၏၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်စဉ် စီမံကိန်း များတွင် ရန်ပုံငွေအဆိုပြုတင်ပြတောင်းခံပေးမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ၊

မြို့သစ်ကျေးလက်ကျန်းမာရေးဌာနပိုင်မြေတွင် ကျေးရွာပေါင်း ၂၂ ရွာ၊ အိမ်ခြေ ၂၆၀၀ အိမ်နှင့် လူဦးရေ ၂၁၀၀၀ ခန့်ရှိပြီး နမ့်ဆန်မြို့နယ်ဆေးရုံနှင့် ၂၄ မိုင်ကွာဝေးသော်လည်း ယခု တိုက်နယ်ဆေးရုံဖွင့်လှစ်မည့် ကွမ်ဟယ်ကျေးလက်ကျန်းမာရေးဌာနနှင့် ထိစပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကွမ်ဟယ်တိုက်နယ်ဆေးရုံ ဖွဲ့စည်းခွင့်အမိန့်ရရှိရန် အမြန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ မြို့သစ်ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ပေးရန်အတွက် ယခုအချိန်တွင်  အစီအစဉ် မရှိသေးပါကြောင်း၊ မိမိတို့အနေဖြင့် ရရှိသည့် ဘတ်ဂျက်ကို ဦးစားပေးစနစ်ဖြင့် ဆောင်ရွက်ရသည့်အတွက် ဘက်ဂျတ်ရရှိမည်ဆိုပါက အဆိုပါကိစ္စ ရပ်များ ကို ဆောင်ရွက်ပေးနိုင် မည်ဖြစ်ပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း ပြည်သူ့လွှတ်တော်တွင် နောက်နှစ်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဘတ်ဂျက်ကို တင်ပြတောင်းခံ ရာတွင် ထောက်ခံပေးစေလိုပါကြောင်းဖြင့် ဖြေကြားပါသည်။