(င) - စစ်ကိုင်းမြို့၊ရွှေမင်းဝံရပ်ကွက် (၁၆) ခုတင် ဆံ့ဒေသန္တရဆေးရုံအားဆက်လက်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၈) ရက်မြောက်နေ့ (၂၂.၉.၂၀၁၆)

ဦးခင်မောင်သိန်း (စစ်ကိုင်း)စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့သည့် ၁၆ ခုတင်ဆ ံ့ ဒေသန္တရ ဆေးရုံကို ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ တောင်မြောက်အရှည် ၁၂၀ ပေ၊ အရှေ့အနောက်အရှည် ၂၈၀ ပေရှိသော ဆေးရုံဝန်းမြေဧရိယာ အတွင်း တည်ရှိပြီး ခုတင် ၁၆ လုံး၊ ဆေးရုံဆေးခန်း အဆောက်အဦတစ်လုံး၊ ဆရာဝန်နေရန် အဆောက်အဦတစ်လုံး၊ တာဝန်ကျသူနာပြု ဆရာ/မများနေရန် နှစ်ခန်းတွဲတိုက်နှစ်လုံး စုစုပေါင်းအဆောက်အဦ ငါးလုံးရှိ သည့် ဆေးရုံဖြစ် ပါကြောင်း၊ ရေမီး အပြည့်အစုံနှင့် ဆရာဝန်/မများဖြင့် ကုသပေးနိုင်ခဲ့သော်လည်း ၁၉၉၆ ခုနှစ်ကစပြီး ယနေ့အချိန် အထိ ငွေကြေးအခက်အခဲကြောင့် ဆက်လက်ဖွင့်လှစ် ကုသနိုင်ခြင်းမရှိတော့ပါကြောင်း၊ထို့ကြောင့် ပထမအကြိမ်ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်း အဝေးတွင် ဆေးရုံ အကျိုးပြု ရပ်ကွက်များ၊ ကျေးရွာ များနှင့် ဆေးရုံ၏ မြေနေရာ အကျယ်အဝန်း ဆေးရုံအဆောက်အဦများပါ အရန်သင့်၊ အဆင်သင့်ရှိပြီဖြစ်သည့် ၁၆ ခုတင်ဆံ့ ဆေးရုံအား နိုင်ငံတော်စီမံချက်ဖြင့် ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့ရာ သက်ဆိုင်ရာပြည်ထောင်စုအဆင့် ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၁၅-၂၁၆ ဘဏ္ဍာရေးနှစ်တွင် ဖွဲ့စည်းပုံခွင့်ပြုချက်ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဒေသန္တရကျန်းမာရေးဌာနခွဲအဖြစ် ဖွင့်လှစ်ခွင့်‌ရမည်ဆိုပါကလည်း ဆရာဝန်တစ်ဦး၊ သူနာပြုသုံးဦး၊ သားဖွားဆရာမငါးဦး၊ ကြီးကြပ် (၂) ငါးဦးနှင့် အခြားဝန်ထမ်းခြောက်ဦးတို့နှင့် ကျန်းမာရေး စောင့်ရှောက် မှု ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။ သို့သော်လည်း ပြီးပြတ်အောင်ဆက်လက် ဆောင်ရွက်သွားနိုင်ခြင်း မရှိသည့်အတွက် ကတိကဝတ်ပျက်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ စစ်ကိုင်းမြို့၊ ရွှေမင်းဝံ ရပ်ကွက်ရှိ ဆေးရုံမြေဧရိယာ အကျယ်အဝန်းနှင့်‌တကွ အဆောက်အဦများ အဆင်သင့် ဆောက်လုပ်ပြီးသား ၁၆ ခုတင်ဆံ့ ဒေသန္တရဆေးရုံအား နိုင်ငံတော်အစီအစဉ်ဖြင့် ဆက်လက် ဖွင့်လှစ် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းနှင့် မည်သည့်အချိန်တွင် မည်ကဲ့သို့ ဖွင့်လှစ်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင်‌့ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး မေးခွန်းအနေဖြင့် အနည်းငယ်ရှုပ်ထွေးသွားသည်မှာ မိမိတို့က ၁၆ ခုတင်ဆိုလျှင် ဒေသန္တရဟု မသုံးနှုန်းပါကြောင်း၊၁၆ ခုတင်ဆံ့ဆေးရုံဟုသာ သုံးနှုန်းသင့်ပါကြောင်း၊ ဒေသန္တရဆိုလျှင်  Arban Health Centre ဖြစ်သွားပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊  ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွှေမင်းဝံရပ်ကွက်တွင် ဒေသန္တရကျန်းမာရေး ဌာနတစ်ခု Arban Health Centre တစ်ခုကို ဆရာဝန် ၂ ဦး၊ သွားဆရာဝန် ၁ ဦး၊ သူနာပြု ၄ ဦး၊ ကျန်းမာရေးမှူး (၃) ကြီးကြပ် (၁) တစ်ဦး၊ သူနာပြု(၄) ငါးဦး၊ ကျန်းမာရေးမှူး (၄) (ကြီးကြပ်-၂) ငါးဦးနှင့် အခြားဝန်ထမ်း ၁၀ ဦး စုစုပေါင်းဝန်ထမ်း ၂၈ ဦးပါဝင်သော ဖွဲ့စည်းပုံဖြင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ၃၁-၃-၂၀၁၆ ရက်စွဲပါ စာအမှတ်အရ စတင်တိုးချဲ့ ဖွင့်လှစ် ခွင့်ပြုပြီး ဖြစ်ပါကြောင်း၊ မကြာခင် ဒေသန္တရ ဆေးပေးခန်း Arban Health Centre ကို လူဖြည့်ပြီး မိမိတို့စတင်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ရွှေမင်းဝံရပ်ကွက်တွင် ၁၆ ခုတင်ဆံ့ဆေးရုံဖွင့်လှစ်ပေးရန် မဖြစ်နိုင်ကြောင်း၊ စစ်ကိုင်းမြို့ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသည် ဒေသန္တရဆေးခန်းနှင့်‌ ၆ မိုင်ခန့်သာဝေးပြီး လမ်းပန်းဆက်သွယ်ရေးလည်း အလွန်ကောင်းသည့်အတွက် ခုတင် ၂၀၀ ဆံ့ဆေးရုံအနီးတွင် ၁၆ ခုတင်ဆံ့ ဆေးရုံထားခြင်းဖြင့် မည်သူမျှ ၎င်း ဆေးရုံကို သွားမည်မထင်ပါကြောင်း၊ အထူးကု ဆရာဝန်များရှိသည့် ခုတင် ၂၀၀ ဆံ့ ဆေးရုံကို သွားမည် ဖြစ်သည့်အတွက် ဒေသန္တရဆေးပေးခန်း ဖွင်‌့ခြင်းသာလျှင် ပြည်သူများကို အလွန်အကျိုးပြုမည်ဖြစ်သည့်အတွက် အမြန်ဆုံးဝန်ထမ်းအင်အား ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားပါသည်။