ဘူးသီးတောင်-မောင်တောဒေသသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး လူဦးရေ ထူထပ်သိပ်သည်း များပြားခြင်း၊လူဦးရေ တိုးပွားနှုန်းမြင့် တက်ခြင်း၊ကလေးမွေး ဖွားနှုန်း မြင့်မားခြင်း၊မိခင်နှင့် ကလေး သေဆုံးမှုမြင့်မားခြင်း၊ ပြောင်းရွှေ့နေထိုင်မှုနှုန်း မြင့်မားခြင်း၊ သယံဇာတအရင်းအမြစ်များ အချိုးညီမျှမှုမရှိခြင်း၊လူမှုစီးပွား အညွှန်းကိန်းများ နိမ့်ကျခြင်း၊ စားနပ်ရိက္ခာဖူလုံမှု မရှိခြင်းတို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ ကူညီဆောင်ရွက်လျက် ရှိနေ သည်မှာ နှစ်ပေါင်း ၂၀ ကျော်နေပြီဖြစ်သော်လည်း မည်သို့မျှ အရာ မထင်ဖြစ်နေ ပါကြောင်း၊ မောင်တောမြို့နယ်တွင် လူဦးရေ ၅၂၀၀၀၀ ကျော်ရှိသည်ထဲမှ တိုင်းရင်းသားလူဦးရေ ၄၉၀၀၀ သာရှိပြီး ဘူးသီးတောင်မြို့နယ်တွင် လူဦးရေ ၃၄၀၀၀၀ ကျော်ရှိသည်ထဲမှ တိုင်းရင်းသား လူဦးရေ ၅၅၀၀၀ ကျော်သာရှိပါကြောင်း၊ ကျန်းမာရေးဌာန၏ ခန့်မှန်းခြေစာရင်းအရ နှစ်စဉ်တိုင်းရင်းသား လူဦးရေတိုးပွားနှုန်း ဝ.၆ ရာခိုင်နှုန်း သာရှိပြီး ဘင်္ဂါလီများမှာ ၃.၅ ရာခိုင်နှုန်းတိုးပွားလျက် ရှိနေပါကြောင်း။
လစဉ်မွေးဖွားနှုန်းတွင် တိုင်းရင်းသား ၆ ဦးတွင် ဘင်္ဂါလီ ၈၅ ဦးမွေးဖွားလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အခန်း(၁၂)၊ ပုဒ်မ ၂၇၊ ၂၈ တို့တွင် မိသားစုသားဆက်ခြား စီမံကိန်း ပြုလုပ်သင့်ကြောင်းနှင့် တစ်လင်တစ်မယားစနစ် ကျင့် သုံးခြင်းဖြင့် လူဦးရေထိန်းညှိရန် လိုအပ်ကြောင်း အကြံပြုရေးသားထားသည်ကို တွေ့ရပါကြောင်း၊ မည်သည့် လူ့အဖွဲ့အစည်းတွင်မဆို ကလေး များများရယူခြင်းသည် ကျန်းမာခြင်း၊ ပညာရေးနှင့် လူမှုရေးများတွင် မလိုလားအပ်သော အကျိုးသက်ရောက်မှု များ ဖြစ်ပေါ်လာနိုင်ပါကြောင်း။
သို့ဖြစ်ပါ၍ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ အခန်း(၂)ပါ ရည်ရွယ်ချက်များဖြစ်သော (၁) နိုင်ငံတော်အတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချပြီး လူနေမှုဘဝ မြင့်မားလာစေရေးအတွက် အထောက်အကူပြုစေရန်၊ (၂) အရည် အသွေး ပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှုများကို လုံလောက်စွာရရှိစေရန်၊ (၃) မိခင်နှင့် ကလေးများ၏ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဦးတည်၍ လူဦးရေတိုးပွားနှုန်းကို ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ထိရောက် စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက် မည့်ဒေသအဖြစ် သတ်မှတ်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၈) ဖြင့် ပြဋ္ဌာန်းခဲ့သော လူဦးရေတိုးပွားနှုန်း ညှိနှိုင်းခြင်း ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုဥပဒေတွင် ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်မည့်ဒေသ သတ်မှတ်ခြင်းကို အခန်း(၃) တွင် ဖော်ပြထားပါကြောင်း၊ အဆိုပါ ဥပဒေပုဒ်မ ၄ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ အုပ်ချုပ်ရေးအဖွဲ့တို့သည် မိမိတို့ဒေသအတွင်း၌ လူဦးရေ သိပ်သည်းမှု၊ လူဦးရေတိုးပွားနှုန်း မြင့်တက်ခြင်း၊ ကလေး တိုးပွားနှုန်း မြင့်တက်ခြင်း၊ မိခင်နှင့်ကလေး သေဆုံးမှုများပြားခြင်း၊ပြောင်းရွှေ့နေထိုင်မှုနှုန်း မြင့်မားခြင်းနှင့် လူဦးရေနှင့် သယံဇာတ အချိုးမညီမမျှဖြစ်ခြင်း၊ လူမှုစီးပွားရေး အညွှန်းကိန်းများ နိမ့်ကျခြင်းနှင့် ဒေသတွင်း စားနပ်ရိက္ခာများ မပြည့်စုံ၊ မလုံလောက်ခြင်းတို့ ပေါ်ပေါက်ခြင်း ရှိ/မရှိကို နောင်တွင် သို့မဟုတ် နောင်တွင် ပေါ်ပေါက်လာခြင်း ရှိ/မရှိကို ကျွမ်းကျင်သူများမှ စိစစ်၍ စစ်တမ်းကောက်ယူနိုင်ပါသည်ဟု ဖော်ပြထားပါကြောင်း၊ပုဒ်မ ၅ တွင် အထက်ပါအချက်များ ပေါ်ပေါက်ပါကြောင်းနှင့် နောင်တွင်ယင်းသို့ ပေါ်ပေါက်နိုင်ကြောင်း သုံးသပ်တွေ့ ရှိပါက ပြည်ထောင်စု နယ်မြေ အုပ်ချုပ်မှုအဖွဲ့သည် နိုင်ငံတော် သမ္မတထံသို့ လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သို့မဟုတ် အစိုးရ အဖွဲ့သည် ပြည်ထောင်စု အစိုးရအဖွဲ့သို့ လည်းကောင်း တင်ပြ ရမည် ဖြစ်ပါကြောင်း၊၎င်းတင်ပြချက်များကို နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုနယ်မြေအတွက်လည်းကောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း၌လည်းကောင်း ဤဥပဒေအရ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်မည့်ဒေသအဖြစ် သီးခြားသတ်မှတ်၍ အမိန့်ကြော်ငြာစာထုတ် နိုင်ပါကြောင်း၊ မိမိတို့ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မထုတ်နိုင်ပါကြောင်း၊ ပုဒ်မ ၇ နှင့် ပုဒ်မ ၆ အရ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ရမည့် ဒေသအဖြစ် သတ်မှတ်မှ မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ယင်းဒေသအတွက် မိမိတို့၏ လုပ်ငန်းတာဝန်များကို စတင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အဆိုပါဥပဒေအရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဒေသ သတ်မှတ်ခြင်းကို ဆောင်ရွက်ရန် မိမိတို့ မလုပ်နိုင်ပါကြောင်း၊ သို့သော် ရခိုင်ပြည်နယ်အတွင်း မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအနေဖြင့် ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ မွေးဖွားစဉ်စောင့်ရှောက်ခြင်း၊ မွေးဖွားပြီးစောင့်ရှောက်ခြင်းတို့ကို အခြေခံ ကျန်းမာရေးဝန်ထမ်း များက ကျေးလက်ဒေသ အထိ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အပြင် သားဆက်ခြားခြင်းကို အမျိုးသမီး၏ ရွေးချယ်မှုနှင့် ဆုံးဖြတ်မှုအပေါ်တွင်မူတည်၍ စောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း။
ကုသရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထု၏ အရည်အသွေးပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာရရှိနိုင်ရန် ရခိုင်ပြည်နယ်ဒေသနှင့် လူဦးရေအရ လိုအပ်ချက်အပေါ် မူတည်၍ (Health Indicated) ဆေးရုံသစ်များဆောက်လုပ်ခြင်း၊ ဆေးရုံအဆင့် တိုးမြှင့်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ ဖြည့်စွက်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းအပြင် ရောဂါရှာဖွေမှုနှင့် ကုသရေး ဆိုင်ရာဆေးရုံသုံး စက်ပစ္စည်း ကိရိယာ များ ဖြည့်ဆည်းခြင်း၊ ဆေးကုသရေးနှင့် ပတ်သက်သည့် ကုသမှုလမ်းညွှန် မှုများချမှတ်ပေးခြင်း၊ ဆေးပညာ စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားမှုအတွက် Continuous Medical Education နှင့် Continuous Nursing Education တို့အပြင် သင်တန်းများဆောင်ရွက်ပေး ခြင်းတို့ကို အထူးကိစ္စရပ်အနေဖြင့် မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အပြင် ရခိုင်ပြည်နယ်ပြည်သူများ၏ ကျန်းမာရေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်၏ ဦးစီးမှူး၊ ကုသဦးစီးမှူနှင့် ပြည်သူ့ကျန်းမာရေးဦးစီးမှူးများလည်း ဝန်ကြီးနှင့်လည်းကောင်း ညွှန်ကြားရေးမှူးချုပ်နှင့်လည်းကောင်း၊ တယ်လီဖုန်းဖြင့် လည်းကောင်း၊ ဆွေးနွေးပွဲ၌လည်းကောင်း အထူးကိစ္စအနေဖြင့် အခြားပြည်နယ်/တိုင်း ဒေသကြီးများထက် ပိုမို၍ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ခုတင် ၅၀ ဆံ့ပြည်သူ့ဆေးရုံတစ်ရုံနှင့် တိုက်နယ်ဆေးရုံ ၄ ရုံဖွင့်ထားပြီး ဆရာဝန် ၆ ဦးနှင့် သူနာပြုများ လုံလောက်အောင် ခန့်ထားပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ခုတင် ၅၀ ဆံ့ပြည်သူ့ဆေးရုံ ၁ ရုံနှင့် တိုက်နယ်ဆေးရုံ ၂ ရုံရှိပြီး ဆရာဝန် ၅ ဦးနှင့် သူနာပြုများကိုလည်း လုံလောက်စွာ ခန့်ထားပါကြောင်း၊ အဆိုပါ ဆေးရုံများ အတွက် ဆေးရုံ အဆင့်နှင့် လျော်ညီစွာ ဆေးနှင့်ဆေးပစ္စည်း၊ ဆေးရုံသုံး စက်ပစ္စည်းများပါ ဖြည့်ဆည်းပေးထားပါကြောင်း၊ ဆေးကုသမှုအထောက်အကူအဖြစ် Therapeutic Manual (Internal Medicine) 1st Edition Heat Stoke စသော ရောဂါများအတွက် Standard Operating Procedure များကိုလည်း ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း။
မောင်တောမြို့နှင့် ဘူးသီးတောင်မြို့ရှိ ခုတင် ၅၀ ဆံ့ပြည်သူ့ဆေးရုံများတွင် ထပ်မံလိုအပ်သော အထူးကုဆရာဝန်များလည်း ဖြည့်စွက်ခန့်ထားနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း အဆိုပါဒေသများမှ ၂၀၁၆ ခုနှစ်မှစ၍ UNFPA အထောက်အပံ့ဖြင့် မျိုးဆက်ပွားကျန်းမာရေး လုပ်ငန်း များ စီမံချက်ဆောင်ရွက်လျက်ရှိပြီး သားဆက် ခြားလုပ်ငန်း၊ မိသားစုကျန်းမာရေး လုပ်ငန်း၊ မိခင်နှင့် ကလေးကျန်းမာရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေပြီး မိခင်သေဆုံးမှုနှင့် ကလေးသေဆုံးမှုများ ကျဆင်းရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဝန်ကြီးနှင့် ညွှန်ကြားရေးမှူချုပ်များ မှ အထူးဂရုပြု၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါကြောင်း၊ လူဦးရေလျှော့ချမှုကိစ္စရပ်များတွင် မိမိတို့အနေဖြင့် ဆောင်ရွက်ရန်မှာ ပြည်နယ်အစိုးရမှ စစ်တမ်းကောက်ပြီး လိုအပ်မည်ဆိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အထူးကိစ္စတစ်ရပ်အနေဖြင့် သွားရောက်ပြီးဆောင် ရွက်ပါကြောင်း၊ သို့သော် ဤကိစ္စမှာ ဆေးပညာကျင့်ဝတ်အရ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ၎င်းတို့အနေဖြင့် သားဆက်ခြားလုပ်ချင်သည်၊ ကိုယ်ဝန် မရှိအောင်လုပ်ချင်သည်ဟု ပြောမှသာလျှင် လုပ်ဆောင်၍ ရပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
