(ခ)-ပြည်ပမှ ပြည်တွင်းသို့ ဆေးဝါးများ ဖြန့်ချိရာတွင် မူလဆေးဝါး ဖြန့်ချိရေးကုမ္ပဏီမှN.O.Cကန့်ကွက်ရန် မရှိကြောင်းအသိပေးစာပါဝင်မှသာဖြန့်ချိရေးကုမ္ပဏီ အသစ်တစ်ခုပြောင်းလဲနိုင်ခြင်းအားပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၈) ရက်မြောက်နေ့ (၂၂.၉.၂၀၁၆)

ဖြိုးဇေယျာသော်(ခ)ဦးဇေယျာသော် (ဇမ္ဗူသီရိ)နိုင်ငံခြားက ဆေးနှင့်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများသည် မြန်မာနိုင်ငံကို ဆေးဝါးတင်သွင်းရောင်းချရန် ပထဦးဆုံး FDA မှ အသိအမှတ်ပြုသည့် DRC-Drug Registration Certificate ရအောင် ဆောင်ရွက်ရပါကြောင်း၊ဒုတိယအဆင့် အနေဖြင့် ပြည်တွင်း ကို ဆေးဝါးများ တင်သွင်းနိုင်ရန်အတွက် ပြည်တွင်း ကုမ္ပဏီတစ်ခုခုကို  Letter of Authorization ကိုယ်စားလှယ် လွှဲစာ ပေးရပါကြောင်း၊၎င်း ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသည့် ပြည်တွင်းကုမ္ပဏီက FDA ကို DIAC ဟုခေါ်သည့် Drug Importation Approval Certificate ထပ်မံလျှောက် ထားရပါကြောင်း၊DIAC ရသည့် အချိန်ကျမှ ပြည်တွင်းကို ဆေးနှင့် ဆေးပစ္စည်းများ တင်သွင်းခွင့်ရရှိခြင်း ဖြစ်ပါကြောင်း၊ ယခုလို အဆင့်ဆင့်ဆောင်ရွက် လုပ်ဆောင်နေ ရခြင်းက လည်း ပြည်တွင်း တွင် ရှိနေ သည့် ပြည်သူများအတွက် စစ်မှန်သော၊ အရည်အသွေးပြည့်ဝသည့် ဆေးပစ္စည်းများ ရောက်ရှိအောင် ဆောင်ရွက်နေရခြင်း ဖြစ်သည့်အတွက် သင့်တော် သည်ဟု မိမိအနေဖြင့် ယူဆ ပါကြောင်း၊ ပြည်ပ ကုမ္ပဏီများ က ပြည်တွင်း တွင် ဆေးများဖြန့်ချိ မည်ဆို ပါက ဖြန့်ချိခွင့် ရရှိထား သည့် ပြည်တွင်းကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက် ရပါကြောင်း၊ ကုမ္ပဏီ အချို့၏ ဖြန့်ချိရေးပိုင်းအားနည်းမှုများကြောင့် တရားဝင်အသိအမှတ်ပြု ဆေးဝါး များသည် ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်များအနှံ့ မရောက်ရှိ ခဲ့ပါက အရည် အသွေးပြည့် မီသည့် ဆေးဝါးများသည် ပြည်သူများလက်ဝယ်သို့ ရောက်ရှိရန်အခက်အခဲများ ဖြစ်ပေါ်လာပါကြောင်း၊ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းက ချမှတ် ထားသည့် စည်းမျဉ်းအရ ကန့်ကွက်ရန် မရှိကြောင်း အသိပေးစာ၊မူလဖြန့်ချိ သည့် ကုမ္ပဏီက ကန့်ကွက်ရန်မရှိကြောင်း အသိပေးစာ ပါရှိမှသာ နောက်ထပ်ဖြန့်ချိရေးကုမ္ပဏီတစ်ခုကို လွှဲပြောင်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ထို့အပြင် ဖြန့်ချိရေးလုပ်ငန်းကို စတင်လုပ်ကိုင်လိုသည့် ပြည်တွင်းလုပ်ငန်းရှင်များအတွက်ကိုလည်း ပိတ်ပင် တားဆီး ထားသလို ဖြစ်နေ ပါကြောင်း၊ ဖြန့်ချိရေး အပိုင်းအားနည်းသည့် ကုမ္ပဏီအချို့ကြောင့် အရည်အသွေး ပြည့်မီသည့်ဆေးများ၊ ဆေးပစ္စည်းများသည် ဈေးကွက်သို့ ကျယ်ကျယ်ပြန့်ပြန့် မရောက် ရှိနိုင်ခြင်းဖြစ် ပါကြောင်း၊ ပြည်တွင်းဆေး ပစ္စည်းဈေးကွက်တွင် FDA အသိ အမှတ်ပြုမှုများ လည်းမပါဝင်သော ပြည်တွင်းကို တင်သွင်းဖြန့်ချိရန်အတွက် DIAC ကဲ့သို့သော အရည်အသွေးစစ်ဆေး ချက်များလည်းမပါရှိသည့် အထောက် အထားမဲ့ တရားမဝင် တင်သွင်းဆေးများ၊အရည်အသွေးမပြည့် မီ သော ဆေးဝါးနှင့်ဆေးပစ္စည်းအတုများ  အလုံးအရင်းနှင့်ဝင်ရောက်လာခြင်းနှင့် သက်တမ်းလွန် ဆေးဝါးများကိုလည်း ဆက်လက် ရောင်း ချနေခြင်းများ ဖြစ်ပေါ် လာရခြင်းဖြစ် ပါကြောင်း၊သို့ဖြစ်ပါ၍ အရည်အသွေးပြည့်မီပြီး စစ်မှန်သောဆေးနှင့်ဆေးပစ္စည်းများကို လွယ်ကူ လျင်မြန်စွာ ရရှိနိုင်ရေး သည် ပြည်သူများ၏ အသက်အန္တရာယ်နှင့် တိုက်ရိုက် သက်ဆိုင်နေ ပါသဖြင့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ ချမှတ်ထားသော မမျှတသည့် စည်းကမ်းချက်များကို ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင်‌့ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအမျိုးသားဆေးဝါးဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ဗဟိုအစားအသောက် ဆေးဝါးကြီးကြပ်ရေး ကွပ်ကဲမှု ကော်မတီ၊ ဆေးဝါးအကြံပေးရေးကော်မတီ၊   DRVS ADVISORY Committee တို့၏ ကြီးကြပ်မှုများဖြင့် ဆေးဝါးမှတ်ပုံတင်ခြင်း၊ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းစသည့် လုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်လျက် ရှိသည့်အပြင် ဈေးကွက်ရှိဆေးဝါးများကို စုံစမ်းထောက်လှမ်းခြင်း၊အရည်အသွေးစစ်ဆေးခြင်း၊ ဆေးဝါးဘေးထွက်ဆိုးကျိုးများကို ကြည့်ရှုခြင်း၊စည်းကမ်းဖောက်ဖျက် သူများကို အမျိုးသားဆေးဝါးဥပဒေအရ အရေးယူခြင်းများကို ပြုလုပ် လျက်ရှိပါကြောင်း၊

အမျိုးသားဆေးဝါးဥပဒေအရ ထုတ်ပြန်ထားသော ၅-၈-၁၉၉၃ ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ်၊ ၅/၉၃ အရ မှတ်ပုံတင်ရရှိထားသော ဆေးဝါးများကို တင်သွင်းရန်အတွက် ဆေးဝါးတင်သွင်းခြင်း လုပ်ငန်းလုပ်ကိုင်ခွင်‌့ လက်မှတ်လျှောက်ထားရာတွင် လိုက်နာရမည့် အချက်များကို ဖော်ပြထားပါကြောင်း၊တင်သွင်းဖြန့်ချိမည့် ကုမ္ပဏီ၏ တင်ပြအထောက်အထားများ မှန်ကန်ပါက ကုမ္ပဏီသို့ တစ်ကြိမ် တင်သွင်းခွင့် ခွင့်ပြုဆောင်ရွက်ပါကြောင်း၊ကုမ္ပဏီ၏ ဆေးသိုလှောင်ရုံသို့ ပထမအကြိမ်ရောက်ရှိ လာသော ဆေးဝါးများ အား ကောင်းမွန်သော ဆေးသိုလှောင်မှုစနစ်နှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းဆောင် ရွက်ပါကြောင်း၊ သတ်မှတ်ချက်နှင့်ကိုက်ညီပါက ဆေးဝါးတင်သွင်းခွင့် လုပ်ငန်းခွင်လိုင်စင်ကို သက်တမ်းသုံးနှစ်ပေးပြီး ခွင့်ပြုပါကြောင်း၊ ဆေးဝါး တင်သွင်းခွင့် လျှောက်ထား ရာတွင် တရားဝင်ကိုယ်စားလှယ် ခန့်အပ်စာ Letter of Authorization သည် အဓိကကျပါကြောင်း၊ ဆေးဝါးပိုင်ရှင်မှ ဆေးထုတ်လုပ်သည့် နိုင်ငံခြားမှ တစ်ဦးတည်း တင်သွင်းဖြန့်ချိရေး ကိုယ်စားလှယ် ခန့်ထားပါက မိမိတို့အနေဖြင့် လုပ်ပိုင်ခွင့်မရှိပါကြောင်း၊ တစ်ဦးတည်းတင်သွင်းဖြန့်ချိရေး ကိုယ်စားလှယ် ခန့်အပ်သော ကုမ္ပဏီ၏  No Objection Letter ရရှိပါမှ အခြားကုမ္ပဏီတစ်ခုမှ ဆေးဝါးတင်သွင်းခွင့် ရှိပါကြောင်း၊ ၎င်းကိစ္စကို ပြောင်းလဲမည်ဆိုပါက ဥပဒေကိုပြင်ရမည်၊ ဥပဒေတွင် နိုင်ငံခြားကုမ္ပဏီတစ်ခုက တစ်ဦးတည်း တင်သွင်းဖြန့်ချိရေး ကိုယ်စားလှယ် လုံးဝပေးခွင့် မရှိကြောင်း၊တင်သွင်းဖြန့်ချိရေး ကိုယ်စားလှယ်အများကြီးကို ပေးရမည်ဟု ပါရှိရမည်ဖြစ်ပါကြောင်း၊ ယခုကိစ္စသည် တင်သွင်းဖြန့်ချိရေး ကိုယ်စားလှယ် တစ်ဦးတည်းသာ ဖြစ်နေသည့်အတွက် အခြား တစ်ဦး တစ်ယောက်က ဖြန့်ချိလိုပါက တင်သွင်းဖြန့်ချိရေး ကိုယ်စားလှယ်ထံမှ No Objection Certificate ကို တောင်းရပါကြောင်း၊ No Objection Letter မရဘဲ ခွင့်ပြုလိုက်ပါက Distributions လုပ်သည့် ကုမ္ပဏီနှစ်ခုသည် အကြီး အကျယ် ပြဿနာဖြစ်နိုင်ပါကြောင်း၊မိမိတို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအနေဖြင့် ဆေးဝါးများကို Distributions ပြုလုပ်သည့်အခါတွင် ပြဿနာမရှိပါကြောင်း၊ ဖြန့်ချိရေးကိစ္စတွင် ကုမ္ပဏီများအချင်းချင်း ကိစ္စသာဖြစ် ပါကြောင်း၊မိမိတို့ FDA နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဖြင့် အရည်အသွေး၊ အာနိသင်၊ ဘေးအန္တရာယ် ကင်းရှင်းမှုရှိသော ဆေးဝါးများ တင်သွင်း ဖြန့်ဖြူးရောင်းချ မှုနှင့် နိုင်ငံအတွင်းဆေးဝါး မပြတ်လပ်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဖြိုးဇေယျာသော်(ခ)ဇေယျာသော်(ဇမ္ဗူသီရိမဲဆန္ဒနယ်) ကဆက်စပ်မေးခွန်း မေးခွန်းမေးမြန်းပါသည်။

ယခင်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များအသင်းက ဆေးဝါးများ၏  ဈေးနှုန်းကအစ ကန့်သတ်မှုများရှိခဲ့ပါကြောင်း၊ ယခုအစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက် အရ ဈေးနှုန်း ကန့်သတ်ချက်များကို မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များ အသင်းထံသို့ တင်ပြစရာမလိုပါကြောင်း၊ မူရင်းဈေးအတိုင်းသာ တင်သွင်းခွင့်၊ ဖြန့်ချိခွင်‌့၊ ရောင်းချခွင့်တို့ကို ပြုပြင်ပြောင်းလဲပေးခဲ့ခြင်းများ ရှိပါကြောင်း၊ခွင့်ပြုထားသော သုံးနှစ်တစ်ကြိမ် သက်တမ်းကုန်ဆုံး သွားသည့်အချိန်တွင် ထပ်မံတင်သွင်းရန်အတွက် Renal ပြန်လျှောက်ရပါကြောင်း၊ ရက် ၁၀၀ စီမံချက် တွင် ပြည်ထောင်စုဝန်ကြီး က ဈေးနှုန်းကိစ္စကို ဖြေလျှော့ပေးခဲ့သည်မှာ မိမိတို့က ကြားကာလတွင် Describer ပြောင်းလဲခြင်းမျိုးမဟုတ်ဘဲ သက်တမ်းပြည့်၍ ပြောင်းသည့်အချိန်တွင် N.O.C Letter ကို ဖြေလျော့ပေးနိုင်မည့် အစီအစဉ် ရှိ/မရှိဆိုသည်ကို တစ်ဆက် တစ်စပ်တည်းမေးမြန်းပါသည်။

ကျန်းမာရေးနှင်‌့အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး

နောက်တစ်ကြိမ် သုံးနှစ်သက်တမ်းပြည့်၍ ပြန်လည်လျှောက်ထားမည်ဆိုပါက ညီတူညီမျှ ဈေးအနည်းဆုံးနှင့် ရရှိမည်‌့ကုမ္ပဏီကို ပေးရန် မိမိအနေဖြင့် ထောက်ခံပါကြောင်း၊ ၎င်း ကိစ္စနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် ဆက်လက်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ အလွန်ကောင်းသည့် အကြံဉာဏ်ဖြစ်သည့်အတွက် အဖြစ်နိုင်ဆုံးလုပ်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။