မိုးတွင်းကာလတွင် AK ကုမ္ပဏီလုပ်ပိုင်ခွင့်ရသည့် မုဒုံမြို့နှင့် သံဖြူဇရပ်ကြား ပြည်ထောင်စု ကားလမ်း ပိုင်းသည်ကျင်း၊ ချိုင့်များစွာ ဖြစ်ပေါ်ပြီး ယာဉ်များ အန္တရာယ်ဖြစ်သည်အထိ ပျက်စီးခဲ့ပါကြောင်း၊ မွန်ပြည်နယ်လွှတ်တော်မှတစ်ဆင့် အမြန်ချိတ်ဆက်ပြီး အစိုးရအစီအစဉ်ဖြင့် လမ်းများကို အမြန်လိုက်လံဖာထေးခဲ့ကြရပါကြောင်း၊ အချို့လူမှုကွန်ရက်ကတစ်ဆင့် လမ်းအခြေအနေသိရအောင်ဆိုပြီး ဓာတ်ပုံများဖြင့် ပြည်သူလူထုမှ တင်ပြကြပါကြောင်း၊ မိမိတို့ကိုယ်စားလှယ်များရှုထောင့်မှနေပြီး နောင်ယခုလိုမဖြစ်ရန် မည်သည့်အတွက်ကြောင့် ဖြစ်သည် ဆိုသည့်အကြောင်းရင်းကို ပြင်ဆင်နိုင်ရန်အတွက် စုံစမ်းပါကြောင်း၊ စာချုပ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် AK ကုမ္ပဏီတို့ချုပ်ဆိုသည့် အချက်ကို လေ့လာစမ်းစစ်ကြည့် ခဲ့ပါကြောင်း၊ ၂၇-၁၂-၂၀၁၁ ရက်နေ့မှစပြီး စာချုပ်ချုပ်ဆိုခဲ့ပါကြောင်း၊ နှစ် ၄၀ လုပ်ပိုင်ခွင့် ပေးထားပြီးနှစ်စေ့လျှင် သက်တမ်းသုံးကြိမ်တိုးခွင့် ၅ နှစ်စီပေးထားသည့်အတွက် ၅၅ နှစ်တိုင် လုပ်ပိုင်ခွင့်ပေးခဲ့သည်ကို တွေ့ရပါကြောင်း၊ စပေါ်ငွေကို အာမခံစနစ်တွင် ရင်းနှီးမြှုပ်နှံသည့်ငွေ၏ ၁ ရာခိုင်နှုန်းကိုသာ တင်ခိုင်းထားသည်ကိုတွေ့ရပါကြောင်း၊ ယခု ၆ နှစ်အတွင်း ကောက်ခဲ့သည့်ငွေသည် ၁ ရာခိုင်နှုန်းမကတော့ပါကြောင်း၊ ထို့ကြောင့် ၎င်း အာမခံစနစ် သည် အားနည်းသည်ကို သိရှိရပါကြောင်း၊ ၎င်းနှုန်းနှင့်ဆိုပါက အချိန်မရွေး စည်းကမ်းမလိုက်နာနိုင်ပါကြောင်း၊ အရည်အသွေးပိုင်း သတ်မှတ်မှုတွင် ဥပမာ- ရေပိတ်လွှာခင်းခြင်း ဆိုသည့်ခေါင်းစဉ် အောက်တွင် ၃ လက်မ သိပ်သည်းပြီး ကတ္တရာအလွှာ စခင်းပြီး ၎င်းပေါ်တွင် ၁.၅ လက်မရှိသည့် ကတ္တရာစီးဝင်လွှာကို နှစ်ကြိမ်ခင်းရမည်ဟု ပါရှိပြီး၊ (၂) အချက် (ဌ) တွင် ယာဉ်နှင့်ကုန်အလေးချိန် တန် ၆၀ ရှိသော ခံနိုင်ဝန်ရှိလမ်းဖြစ်ရမည်ဟု ဖော်ပြထားသည့်အတွက် စံချိန်စံညွှန်းသတ်မှတ်ချက်မှာ အလွန်ကောင်းပါ ကြာင်း၊ သို့သော် လမ်းခင်းပေးသူသည် ၎င်းအတိုင်းခင်းခဲ့ခြင်းရှိမရှိနှင့် စစ်ဆေးကြီးကြပ်ရန် တာဝန်ရှိသူအနေဖြင့် စေ့စပ်သေချာစွာ စစ်ဆေးကြီးကြပ်ခဲ့ခြင်း တို့ကို ဆန်းစစ်ကြည့်သည့်အခါ တာဝန် ပျက်ခဲ့ကြသည့် အတွက် မိုးရွာတာနှင့် လမ်းမကြီးတွင် ကျောက်ပေါက်မရောဂါများ ဖြစ်ခဲ့ခြင်း သည် သက်သေထင်ရှား ဖြစ်ပါကြောင်း၊ ထို့ကြောင့် နောင်ယခုလိုမဖြစ်အောင် တစ်နိုင်ငံလုံးကိုခြုံပြီး စာချုပ်များကို ပြန်စိစစ်ပြင်ဆင်ရန်လိုအပ်ပါကြောင်း၊ မိမိလေ့လာချက်အရ အကြံပြုတိုက်တွန်းချင်သည့် အချက်(၅)ချက်ရှိပါကြောင်း၊ (၁) အခြေခံ Data များကို အကြံပြုစုစေလိုပါကြောင်း၊ မိမိတို့ဒေသတွင် တစ်နေ့ပျမ်းမျှအစီးရေ ၂၅၀ ဖြတ်ပါက ၁၈ ပေကျယ်မှ ၂၄ ပေကျယ်လမ်းကို ခင်းပေးရမည်၊ မည်သည့်အဖွဲ့မှ မည်သူစစ်ဆေးနေသည်ကိုတော့ မသိပါကြောင်း၊ အစီးရေ ၂၀၀၀ ကျော်ပါက ကွန်ကရစ်ကတ္တရာ ၂၄ ပေခင်းရမည်ဟု ရေးထားပါကြောင်း၊ ကျိုက္ခမီဘုရားပွဲနှင့် သြင်္ကန်ကာလ ဖြတ်သည့် ကားအစီးရေသည် ၇ မိုင်အရှည်ကို ယာဉ်ကြောပိတ်ဆို့မှုဖြစ်လောက်အောင် များပါကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသခံများက နိုင်လွန်ကတ္တရာ ခင်းပေးရန်သင့်နေပြီ တောင်းဆိုခြင်းဖြစ်ပါကြောင်း၊ (၂) ဒေသစားသောက်ကုန်တင်ယာဉ်နှင့် အစိုးရတာဝန်ကြီးကြပ်သည့် ထုတ်ကုန်များနှင့် ပတ်သက်၍ လျှော့ပေါ့ကောက်ရမည်ဟု ပါရှိပါကြောင်း၊ ၎င်းကို ဘယ်နှစ်ရာခိုင်နှုန်းလျှော့မည်ဟု တိတိကျကျ မချုပ်ဆို ထားပါကြောင်း၊ လူထုလည်းမသိရပါကြောင်း၊ ထို့ကြောင့် သိအောင်ဖော်ပြသင့်ပါကြောင်း ၊ (၃) ငါးနှစ်တစ်ကြိမ်အစိုးရလဲသည့်အတွက် အစိုးရတိုင်းကို နှစ်စဉ်စာချုပ်များအသိပေးသင့်ပါကြောင်း၊ (၄) လမ်းအရည်အသွေးပိုင်းစစ်ဆေးမှုကို ဌာနဝန်ထမ်းလောက် နှင့်မလုံလောက်သည့်အတွက် လူထုပါဝင်သည့်အဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးသင့်ပါကြောင်း၊(၅) ယခုဖြစ်သမျှအပြီးတွင် စံချိန်စံညွှန်း စည်းကမ်းနှင့်မညီသည့်ကုမ္ပဏီကို အရေးယူမှုများလုပ်ရန် လိုအပ်ပါကြောင်းနှင့် လမ်းတံတားကြေး ကောက်ယူခွင့်ရ ကုမ္ပဏီအဖွဲ့အစည်းများ၏ စာချုပ်ပါစည်းကမ်းနှင့်အညီ ဆောင်ရွက်မှုရှိ/မရှိ၊ စည်းကမ်း နှင့်မညီ လုပ်ဆောင်မှုကို မည်သို့အရေးယူဆောင်ရွက်ပြီး ကြီးကြပ်ကွပ်ကဲရန် တာဝန် ပျက်ကွက်သော တာဝန်ရှိဝန်ထမ်းအဖွဲ့ကို မည်သို့အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်နှင့် ပတ်သက်၍ သိလိုပါကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုထားသော လမ်းပိုင်းများတွင် လမ်း တံတား အသုံးပြုခ ကောက်ခံ ခွင့်ပြုထားသည့် B.O.T ကုမ္ပဏီများအား ပဋိညာဉ်စာချုပ် တွင်ပါရှိ သည့် စံချိန်စံညွှန်းများအတိုင်း ပြည့်မီအောင်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များ ရှိ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)များမှ အနီးကပ် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့်အပြင် လမ်းဦးစီးဌာန၊ B.O.T Task Force အဖွဲ့များမှ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ကွင်းဆင်း စစ်ဆေး၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ စီမံကွပ်ကဲဆောင်ရွက်သည့်နေရာတွင် B.O.T ကုမ္ပဏီများမှ စာချုပ်ပါစည်းကမ်း များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပထမ သတိပေးခြင်း(၃) ကြိမ် ပြုလုပ်မည်ဖြစ်ပြီး နောက်ထပ် လိုက်နာမှုမရှိပါက လမ်းတံတားအသုံးပြုခ ကောက်ခံခွင့်အား ရပ်ဆိုင်းခြင်းကို ဆက်လက်၍ လိုက်နာမှုမရှိလျှင် လုပ်ငန်းရုပ်သိမ်းသည့်အထိ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Aye Ko မိသားစုဆောက်လုပ်ရေး ကုမ္ပဏီလိမီတက် အနေဖြင့် လုပ်ငန်းဆောင်ရွက်မှု အားနည်းသည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ၈-၈-၂၀၁၇ ရက်နေ့တွင် ကုမ္ပဏီကို သတိပေးစာထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းအပြင် ကရင်လက်နက်ကိုင် တပ်ဖွဲ့များ၏ ဒေသဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးကော်မတီမှလည်း လမ်းလုပ်ငန်း ဆောင်ရွက်ချက် အားနည်းသည့်အတွက် အရေးယူဆောင်ရွက်ပေးရန် ၁၇-၈-၂၀၁၇ ရက်စွဲပါစာဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ တင်ပြလာသည့်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ၁၈-၈-၂၀၁၇ ရက်နေ့တွင် ကုမ္ပဏီမှ တာဝန်ရှိသူများကိုခေါ်ယူပြီး ၎င်းနေ့တွင် နောက်ဆုံးအကြိမ် သတိပေးစာ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းထုတ်ပြန်ချက်အရ AK မိသားစုဆောက်လုပ်ရေးကုမ္ပဏီမှ မော်လမြိုင် - မုဒုံ-သံဖြူဇရပ်လမ်းပိုင်း ၃၇ မိုင်အနက် မိုင်တိုင် ၈/၀ မှ ၁၄/ဝ၊ ၁၉/၀ မှ ၂၇/ဝ၊ ၃၂/၀ မှ ၃၅/၀ ၊ ၃၆/၆ မှ ၃၉/၆ အထိ မိုင် ၂၀ အား ၂၄ ပေအကျယ် AC ခင်းခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ် ဇွန်လတွင် လည်းကောင်း၊ မိုင်တိုင် ၂/၆ မှ ၂/၈ အထိ ၁၄/၀ မှ ၁၉/၀ ၊ ၂၇/၀ မှ ၃၂/၆ ၊ ၃၅/၆ မှ ၃၆/၆ အထိ ၁၇ မိုင်အား ၂၄ ပေအကျယ် AC ခင်းခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဇွန်လတွင် လည်းကောင်းအပြီး ဆောင်ရွက်သွားရန် နှင့် ဆောင်ရွက်နိုင်ခြင်းမရှိပါက ရင်းနှီးမြှုပ်နှံမှုငွေများကို တစ်စုံတစ်ရာ တောင်းခံ ခြင်းမပြုဘဲ လုပ်ငန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနကို ပြန်လည်အပ်နှံရမည်ဟု ဝန်ခံကတိထိုးထား ပြီး ဖြစ်သဖြင့် AK မိသားစု ဆောက်လုပ်ရေးကုမ္ပဏီလိမိတက်အနေဖြင့် သတ်မှတ်ထားသည့် ကာလ အတွင်း အပြီးဆောင်ရွက်နိုင်ခြင်းမရှိပါက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လုပ်ငန်းအား ပြန်လည် သိမ်းယူသည့်အဆင့်ထိ မိမိတို့အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Traffic Sell Self ကောက်ခြင်းကိုလည်း တစ်လတစ်ကြိမ်မိမိတို့ ဝန်ထမ်းများဖြင့်ကောက်ယူလျက် ရှိပါကြောင်း၊ အကြံပြုထားသည့် အတိုင်း ဒေသခံပြည်သူများပါဝင်တဲ့ Traffic Sell Self ကောက်ယူခြင်း လုပ်ငန်း များ ကိုလည်း ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက် ၅ နှစ်တစ်ကြိမ် အစိုးရများ ပြောင်းလဲ သည့်အပေါ် ၎င်းစာချုပ်များကို အစိုးရအပြီးပေးပါဆိုသည့်အတိုင်း ယခုလက်ရှိတွင်လည်း ဝန်ကြီးချုပ် များ ကို စာချုပ်များအားလုံးကို အသိပေး၊ မိတ္တူပေးပို့တင်ပြထားပြီးဖြစ်ပါကြောင်း၊ စစ်ဆေးသည့်အခါ ဌာနဝန်ထမ်းသာ စစ်ဆေးပါက Correction များဖြစ်နိုင်သလို အရည်အသွေးလည်းမကောင်းနိုင် ပါသည့်အတွက် လူထုများ၊ ကျန်ရှိသည့်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ၊ မြို့မိ/ မြို့ဖ များ ၊ ဝန်ထမ်းများ ပါဝင်သည့်အဖွဲ့ များနှင့် ၎င်းလုပ်ငန်းများကို စစ်ဆေးရန်အတွက် မိမိတို့ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လက်ရှိ အခြေအနေတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ B.O.T စနစ်ဖြင့် ခွင့်ပြုထားသည့် လမ်းပိုင်းများအား စာချုပ်ပါ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်စေရေးအတွက် B.O.T ကုမ္ပဏီများသို့ ကြပ်မတ်ညွှန်ကြား ဆောက်ရွက်လျက် ရှိပါ ကြောင်း ဖြေကြားခဲ့ပါသည်။
