(ခ)-ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်အိမ်ထောင် စုများအားအိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင် သင့်သောမှတ်ပုံတင်တစ်မျိုးမျိုးအမြန်ဆုံးထုတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၇) ရက်မြောက်နေ့ (၂၁.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

aye naingမြန်မာနိုင်ငံတွင်နေထိုင်ကြသည့် ပြည်သူလူထုအချို့သည် မိသားစု စားဝတ်နေရေး အတွက်ကြောင့် လည်းကောင်း၊သဘာဝဘေးဒုက္ခအန္တရာယ်ကြောင့် လည်းကောင်း၊ပညာသင်ကြားရန်အတွက် လည်းကောင်း မူလနေထိုင်ရာအရပ်ဒေသများမှ ဆွေမျိုးသားချင်းများရှိရာအရပ်ဒေသ၊အလုပ်အကိုင် အခွင့် အလမ်းပေါများ၍ စီးပွားဖွံ့ဖြိုးတိုးတက်ပြီး သယံဇာတ အရင်းအမြစ်ရှိသည့် မြို့ဒေသများသို့ ဆွေမျိုးသားချင်းများ၏ အိမ်တွင် လည်းကောင်း၊အိမ်ငှား၍သော် လည်းကောင်း ပြောင်းရွှေ့နေထိုင် ခဲ့ကြရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၎င်းမိသားစုများစွာ နေထိုင်လျက်ရှိပါကြောင်း၊ ၎င်းမိသားစု များအနေဖြင့် အိမ်ထောင်စု လူဦးရေ သန်းခေါင်စာရင်းနှင့် ကိုင်ဆောင်သင့် သည့် နိုင်ငံသားအသိ အမှတ်ပြုကတ်ပြားမရှိဘဲ နေထိုင်နေရသည့်အတွက် အရွယ်ရောက် သည့် သားသမီးများ လည်း နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထား ခွင့်မရခြင်း၊အရည်အချင်းနှင့်ကိုက်ညီသော အလုပ် အကိုင် နေရာ လျှောက်ထားခွင့် မရခြင်း၊ကြုံရာအလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေရခြင်း၊ နိုင်ငံသား ကတ်ပြား မရှိခြင်းဆိုသည့်အချက်သည် ထိုသူတို့နှင့် သားသမီးများ၏ အလုပ် အကိုင် အခွင့်အလမ်း များအား ကန့်သတ်သကဲ့သို့ဖြစ်နေခြင်း၊အသက် ၁၈ နှစ်ပြည့်ပြီးသူများအနေဖြင့် ဆန္ဒမဲပေးနိုင်ရန် ကိုင်ဆောင် လက်မှတ် တစ်မျိုးမျိုး လိုအပ်ခြင်း၊လူမှုစီးပွား ဘဝနိမ့်ကျပြီး ဥပဒေလုပ်ထုံး လုပ်နည်းများ အပေါ် လိုက်နာရန် မသိနားမလည်ခြင်း၊သီးခြားလူတန်းစား အသွင် တစ်ရပ်ဆောင်နေခြင်း၊ နိုင်ငံသား အခွင့်အရေး(Right of the Citizen) များအား အပြည့်အဝ ရရှိရန်လိုအပ်နေပါကြောင်း၊ နိုင်ငံတော် အစိုးရသစ် တွင် ပြည်တွင်းပြောင်းရွှေ့နေထိုင်သူများအား ရက်ပေါင်း ၁၀၀ အတွင်းဦးစားပေး ဖြေရှင်း နိုင်ရန် အတွက် သစ္စာစီမံချက်ကို ဆောင်ရွက်ခဲ့ပါကြောင်း၊၎င်း စီမံချက် အကောင်အထည်ဖော်နိုင်ရန် အတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ များသည် ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ စာရင်းများတင်ခဲ့ပါကြောင်း၊ ပထမအကြိမ် ၃၄၅၅၊ဒုတိယအကြိမ် ၇၀၉၄ ၊ စုစုပေါင်း ၁၀၅၄၉ ရှိပါ ကြောင်း၊စာရင်းကောက်ယူရန်လည်း ကျန်ရှိနေပါသေးကြောင်း၊သို့သော် ယခုအချိန်တွင်  ပြည်သူ လူထု၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးတို့ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သော ရက် ၁၀၀ စီမံချက်ကာလအတွင်း ၁၁၅၄၉ တွင် အိမ်ထောင်စု ၈၀ ကိုသာ ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ၁၀၄၆၉ ခု အား စာတိုက်မှဆက်သွယ်ထား သည့်အကြောင်းပြချက်သာရှိပါကြောင်း၊စာရင်းကောက် ယူရာ တွင်လည်း ဒဂုံမြို့သစ်(တောင်ပိုင်း) စိုက်/မွေးရပ်ကွက်တွင် ရှိသည့် မြေနီလမ်း အိမ်ထောင်စု ၄၀၀ ကို မကောက်ခဲ့သဖြင့် လူဦးရေ ၅၀၀ ခန့် သည် ပြီးခဲ့သည့် ၂၀၁၅ တွင် မဲပေးခွင့်မရခဲ့ပါကြောင်း၊ ထို့ကြောင့် အိမ်ထောင်စုစာရင်း နှင့် မှတ်ပုံတင် ကတ်ပြားတစ်မျိုး ကိုင်‌ဆောင်ခြင်း မရ ရှိသော ဒဂုံမြို့သစ် (တောင်ပိုင်း)မှ ပြည်သူများအား၊အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မှ သင့်လျော်မည့် အစီအမံများဖြင့် လူဦးရေ သန်းခေါင် စာရင်းနှင့် နိုင်ငံသားကတ်ပြားတစ်မျိုးမျိုး အမြန်ဆုံးထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ
အဖြေ
ဖြေကြားချက် 

u thein sweမြို့နယ်အသီးသီးတွင် ပြောင်းရွှေ့နေထိုင်သည့် အလုပ်သမားအိမ်ထောင်စု ဝင်များအတွက် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင် တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ရက် ၁၀၀ စီမံချက် ကာလအတွင်း သစ္စာစီမံချက်ဖြင့် တစ်နိုင်ငံလုံးတွင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊တချို့ပြည်သူလူထုများသည် မူလနေထိုင်ရာ အရပ်ဒေသမှ အကြောင်းအမျိုးမျိုး၊အခက်အခဲများကြောင့် ပတ်သက်ဆက်နွယ် နေသော ဆွေမျိုးသား ချင်းများရှိသည့်အရပ်ဒေသ၊ အလုပ်အကိုင်အခွင့် အလမ်းပေါများ သည့် မြို့ကြီး/ရွာကြီးများ ကို ရွှေ့ပြောင်းသွားကြသည့်အတွက် ၎င်းမိသားစုများ၏ အိမ်ထောင်စုစာရင်းများ၊ မှတ်ပုံတင်များ ရရှိအောင် မိမိတို့ ဦးစားပေး လုပ်ငန်းများအဖြင့် စီစဉ်ဆောင်ရွက်ခြင်းဖြစ် ပါကြောင်း၊ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ရွှေ့ပြောင်းနေထိုင်သူအလုပ်သမားများ၊ အိမ်ထောင်စု စာရင်းနှင့် ကိုင်ဆောင် သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုးထုတ်ပေးမည့် စီမံချက်ကာလအတွင်း ရပ်ကွက် (၃၂) ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများမှ ပထမအကြိမ် တင်ပြသည့် အိမ်ထောင်စုစာရင်းအတွက် စုစုပေါင်း ၃၄၅၅ စု ရှိပါကြောင်း၊၎င်းနှင့်ပတ်သက်ပြီး သာမန်ရွှေ့ပြောင်း အခြေခံ လုပ်ငန်း စဉ်များနှင့်အညီ ၎င်းတို့ မူလ နေထိုင်ရာနေရပ်အသီးသီးမှာရှိသည့် မြို့နယ်ဦးစီးမှူးရုံးတွင် လည်းကောင်း၊အကြောင်းကြားစာများ၊Fax ဖုန်းများဖြင့် လည်း မေးမြန်းစုံစမ်း၍ရပါကြောင်း၊မိမိတို့မှလည်း ဆက်သွယ်ပြီးှ စုံစမ်း ဆောင်ရွက်နေပါကြောင်း၊သက်ဆိုင်ရာမြို့နယ်များတွင် နေထိုင်ခဲ့ခြင်း၊ အိမ်ထောင်စု စာရင်းများ ရှိခြင်း/မရှိခြင်းဆိုသည့် ပြန်ကြားချက်များရရှိမှသာ မိမိတို့မှဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း၊တက်ဖက်တွင် အိမ်ထောင်စုဝင် စာရင်းရှိသည်ဆိုလျင် ၎င်းစာရင်းကို နုတ်ရပါကြောင်း၊အသစ်ထပ်ပေးမိပါက လူဦးရေ၊အိမ်ထောင်စု စာရင်းဝင်များ ဖောင်းပွနိုင်သည့် အတွက် အမှန် တကယ် လိုအပ်သည့် စိစစ်မှုများကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ယခုအချိန်ထိ ပြန်ကြားစာ ၅၀၅ စောင်ရရှိ ထားပါကြောင်း၊ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် လျှောက်လွှာရှင်များ ကို အကြောင်းကြားထားပြီးလည်း ဖြစ်ပါကြောင်း၊လာရောက်ပြီး လျှောက်ထားသူအိမ်ထောင်စု ၁၃၀ စုကို အိမ်ထောင်စု လူဦးရေ စာရင်း ထုတ်ပေး ခဲ့ပါကြောင်း၊ကျန် ၄၂၀ စုသည် အကြောင်းကြားစာများပို့ထားသော်လည်းလာ ရောက် လျှောက်ထားခြင်းမရှိ၍ ကျန်နေခြင်းဖြစ်ပါကြောင်း၊သက်ဆိုင်ရာမြို့နယ်များမှ စိစစ်ပြန်ကြား စာထပ်မံရောက်ရှိ လာမည် ဆိုပါက သက်ဆိုင်ရာလျှောက်လွှာရှင်များထံ အကြောင်းကြားပြီးအိမ်ထောင် စုစာရင်းများထုတ်ပေးသွားမည်ဖြစ်ပါကြောင်း၊မြို့နယ်များကိုလည်း ၎င်းကိစ္စများကို အမြန်ဆုံးပြန်ကြားပေး ရန် ညွှန်ကြား ထားပြီးဖြစ်ပါကြောင်း၊မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင်သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၏ စာရင်းများကို စိစစ်ရသည့်အတွက် အနည်း ငယ်ကြန့်ကြာနေခြင်းဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် တင်ပြလာသည့် အိမ်ထောင်စု ၇၀၉၄ စု နှင့် ပတ်သက်ပြီး မူလလိပ်စာပြည့်စုံမှုမရှိသည့် အိမ်ထောင်စု ၁၀၄၀ စု အား လိပ်စာပြည့်စုံစွာ ဖော်ပြနိုင်ရေး အတွက် လည်းကောင်း၊ကျန်အိမ်ထောင်စု ၄၆၀၄ စုကို စိစစ်ပြန်ကြားပေးရန် မူလနေ ထိုင်ရာ ဒေသအသီးသီးရှိ မြို့နယ်ဦးစီးမှူးရုံးများသို့ အကြောင်းကြား စာများကို စာတိုက်၊Fax ဖုန်းများမှ တစ်ဆင့်ပေးပို့ခဲ့ပါကြောင်း၊သက်ဆိုင်ရာမြို့နယ်များမှ စိစစ် အတည်ပြုပြန်ကြားချက် ရရှိမည်ဆိုပါက လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက် ထုတ်ပေး သွားမည် ဖြစ် ပါကြောင်း နှင့် သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး များကိုလည်း ထပ်မံ၍ စိစစ်မေးမြန်း ပူးပေါင်းဆောင်ရွက် သွား မှာဖြစ်ကြောင်း ဖြေကြားပါသည်။

ဦးအေးနိုင်(ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်)မှဆက်လက်မေးမြန်းပါသည်။

မိမိနေထိုင်သည့်ရပ်ကွက်တွင် အိမ်ထောင်စု ၄၀၀ သည် ယခုအချိန်အထိ မရသေးပါကြောင်း၊ အမှန်တကယ်နစ်နာနေသည့်ပြည်သူလူထုအတွက် တစ်မြို့နယ်လုံးကို ကွင်းဆင်း စာရင်းကောက်ပြီး အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် လိုအပ်ပါက မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ၊အဖွဲ့ဝင်များနှင့် ရုံးအဖွဲ့များ အားလုံးမှ အကူအညီပေးနိုင် ပါကြောင်းနှင့် ယခုလိုကြန့်ကြာခဲ့မှုကို ဗဟိုအနေဖြင့် တာဝန်ရှိသူတွေကို ပြန်လည်စိစစ်ပေးရန် ထပ်မံ၍ တစ်ဆက်တစ်စပ်တည်း မေးမြန်းပါသည်။

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ

လွှတ်တော်ကိုယ်စားလှယ်ကြီး ထပ်ဆင့်မေးသည့်မေးခွန်းများကိုစိစစ်ပြီး မိမိတို့ အကောင်းဆုံး ဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။