(ခ)-နှစ်စဉ်တစ်နိုင်ငံလုံး၏ စီမံကိန်းနှင့်ရသုံးခန့် မှန်းခြေငွေစာရင်းရေးဆွဲရာတွင်မည်သည့်မူဝါဒ အရရေးဆွဲပြီးမည်သို့သောနည်းလမ်းဖြင့်လုပ်ငန်း စီမံကိန်းများကို အကောင်အထည်ဖော်နေသည် တို့ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၆.၈.၂၀၁၆)

ပြည်ထောင်စုအစိုးရသည် ချမှတ်ထားသော မူဝါဒများနှင့်အညီ လိုအပ်သော စီမံကိန်းများကို ရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်၏ဦးအောင်ကျော်ဇံ (ပေါက်တော) သဘောတူညီချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရ မည်ဟု ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပါကြောင်း၊ အဆိုပါပြဋ္ဌာန်းချက်အရ ဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြသည့်အခါ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များမှ သာမန်သဘော ဆွေးနွေးကြသည်ကိုလည်း တွေ့ရပါကြောင်း၊ စီမံကိန်းနှင့် ဘတ်ဂျက် အစီရင်ခံစာများ ထွက်လာသည့် အခါ ပေါက်တောမြို့နယ်၏ အခြေအနေမှာ ၂၀၁၆-၁၇ ခုနှစ်တွင် ပေါက်တောမြို့နယ်အတွက် ခွဲဝေချထားသည့်ငွေမှာ သိန်းထောင် ဂဏန်းမျှသာ ရှိပါကြောင်း၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေးရရှိရေးစသည့် အခြေခံ အဆောက်အဦများ Inset Infrastructure ကို တည်ဆောက်မှုမရှိဘဲ အပေါ်ယံလုပ်နေခြင်းကြောင့် တောနှင့်မြို့၊ ပြည်နယ်နှင့် ပြည်မ ကြာမြင့်လေ ဝေးလေဖြစ်နေပါကြောင်း၊

မိမိတို့ပြည်နယ်တွင် အလုပ်လက်မဲ့လူငယ်၊ လူလတ်များသည် မိမိဒေသကို စွန့်ခွာပြီး တဖက်နိုင်ငံများသို့ သွားရောက်လုပ်ကိုင်ကြရသည့်အတွက် မိမိတို့ပြည်နယ်တွင် လူဦးရေနည်းပါး သွားပါကြောင်း၊ ထို့ကြောင့် ဆင်းရဲနွမ်းပါးသည့် ဒေသများကို တာဝန်ရှိသူများ ကိုယ်တိုင် လာရောက် ကြည့်ရှု စေချင်ပါကြောင်း၊ ထို့ကြောင့် စီမံကိန်းနှင့် ရသုံးခန့်မှန်းခြေ ငွေစာရင်း ရေးဆွဲရာတွင် ဆင်းရဲနွမ်းပါးမှု အခြေအနေကိုလိုက်၍ ဦးစားပေးအလိုက် ရေးဆွဲရန် လိုပါကြောင်း၊ ဒေသလို အပ်ချက်ကို သေသေချာချာလ့လာပြီး ဒေသခံပြည်သူ များ လက်ခံနိုင်သည်အထိ ပွင့်လင်းမြင်သာစွာ ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ စတင်၍ ဗဟိုအဆင့်ထိ စီမံကိန်းဘတ်ဂျက်ရေးဆွဲခြင်းမှာ အခြေအနေလွဲချော်နေပါကြောင်း၊

စီမံကိန်းနှင့် ရသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲတင်ပြသည့် နေရာတွင် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်ကို အခြေခံ၍ ရေးဆွဲမည်၊ နယ်မြေအကျယ်အဝန်း သို့မဟုတ် လူဦးရေကို အခြေခံ၍ စဉ်းစားမည်၊ ဆင်းရဲချမ်းသာကွာဟမှုကို အခြေခံစဉ်းစားမည်၊ မည်သည့်မူဝါဒအရ လက်တွေ့ကျကျ မည်ကဲ့သို့ ခွဲဝေသုံးစွဲမည်နှင့် စပ်လျဉ်း၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒု-ဝန်ကြီးဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းပြည်ထောင်စုအစိုးရသည် နှစ်စဉ်အမျိုးသားစီမံကိန်း ဥပဒေနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေများကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းသည့်နေရာတွင် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်၏ အမျိုးသားစီမံကိန်းဥပဒေကို စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှလည်းကောင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေနှင့် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းကို ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှလည်းကောင်း ရေးဆွဲပြုစုတင်ပြရပါကြောင်း၊ နှစ်စဉ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းရေးဆွဲရာ တွင် နိုင်ငံတော်၏ ဘဏ္ဍာရေးမူဝါဒကို အခြေခံပြီး ရေးဆွဲ ရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရေးမူဝါဒမှာ အဓိကအားဖြင့် အခွန်မူဝါဒနှင့် အသုံးစရိတ် မူဝါဒဆိုပြီး နှစ်ပိုင်းပါဝင်ပါကြောင်း၊ အသုံးစရိတ်မူဝါဒအပိုင်းတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍအသုံးစရိတ်များကို မြှင့်တင်သုံးစွဲရန်၊ ပြည်သူလူထုကို အကျိုးပြုနိုင်သည့် အသုံးစရိတ်များကို ဦးစားပေးသုံးစွဲရန်၊ ဝန်ထမ်းခန့်အပ်မှုများကို စနစ်တကျ စိစစ်ပြီးမှ ခန့်အပ်ရန်၊ စီမံကိန်းများကို ဦးစားပေးအဆင့်ခွဲပြီး မလိုအပ်သည့် စီမံကိန်းများကို ရွှေ့ဆိုင်းဆောင်ရွက်ရန်၊ ပစ္စည်းဝယ်ယူမှုများကို စနစ်တကျ စိစစ်ဆောင်ရွက်ရန်နှင့် သာမန်နှင့်ငွေလုံး ငွေရင်း အသုံးစရိတ်များကို စနစ်တကျထိန်းချုပ် သုံးစွဲရန်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ လျှပ်စစ်မီး ရရှိရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေးလုံလောက်စွာ ရရှိရေးတို့အတွက် ဦးစားပေး ထည့်သွင်း စဉ်းစားပြီး မူဝါဒချမှတ်ပေးပါကြောင်း၊ ဘတ်ဂျက်ရေးဆွဲသည့်နေရာတွင် သမားရိုးကျ နှစ်စဉ်တိုးမြှင့်ပြီး လျာထားခဲ့သည့် ပုံစံအစားကို ကမ္ဘာ့နိုင်ငံအများစုတွင် ကျင့်သုံးနေကြပြီဖြစ်သည့် မူဝါဒကို အခြေခံပြီး ဘတ်ဂျက်ရေးဆွဲခြင်း(Policy based Budgeting) ဖြစ်စေရန်အတွက် ကမ္ဘာ့ဘဏ် နည်းပညာ အကူအညီများကို ရယူပြီး နှစ်လတ်ဘဏ္ဍာရေး မူဘောင် (Medium Term Fiscal Framework-MTFF) ကိုလည်း ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှ စပြီး ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ Medium Term Fiscal Framework-MTFF နှစ်လတ်ဘဏ္ဍာရေး မူဘောင်အရ ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများအားလုံးအတွက် ဘဏ္ဍာငွေအရအသုံးများကို ဘတ်ဂျက်မရေးဆွဲခင် ကြိုတင်သတ်မှတ် ပေးပါကြောင်း၊ အလားတူ နှစ်လတ်ဘဏ္ဍာရေး မူဘောင်အရ ထွက်ပေါ်လာသည့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အခြေအနေအရ တိုင်းဒေသကြီး/ပြည်နယ်များကို ပြည်ထောင်စုမှ ထောက်ပံ့ပေးရမည့် ပမာဏကိုလည်း လျာထားတွက်ချက် ထားပါကြောင်း၊ ယခုလိုတွက်ချက်သည့် နေရာတွင် ညီမျှမှု၊ မျှတမှုရှိစေရန်အတွက်  ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေးညွှန်ကိန်းသုံးခုကို အသုံးပြုပြီး တွက်ချက်ခဲ့ပါကြောင်း၊ ၎င်းညွှန်ကိန်းသုံးခုမှာ လူဦးရေ (Population Index)၊ လူတစ်ဦးစီ၏ ပျှမ်းမျှအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(Per Capital GDP) နှင့် ဆင်းရဲမှုညွှန်ကိန်း (Poverty Index) ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် အချိုးစားမျှတမှု ရှိစေရန်အတွက် ညွှန်ကိန်းသုံးခုကို ထပ်မံပြီးထည့်သွင်း တွက်ချက်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် အတွက် ရသုံးခန့်မှန်းခြေငွေစာရင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ပြည်ထောင်စုမှ ထောက်ပံပေးမည့် ပမာဏကို ညွှန်ကိန်းခြောက်ခုဖြင့် တွက်ချက်ခြင်း ဖြစ်ပါကြောင်း၊

တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်သည့် ငွေဖြည့်ဆည်းရန်အတွက် ထောက်ပံ့ပေးမည့် ပမာဏကို တွက်ချက်ရာတွင် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်မှာလည်း နယ်မြေအကျယ်အဝန်းနှင့် လူဦးရေ အခြေခံပါကြောင်း၊ ထို့အပြင် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်ကို အခြေခံသည့် အခြားအသုံး စရိတ်တွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ဖြစ်ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှ စပြီး တစ်မြို့နယ်ကို ကျပ်သိန်း ၁၀၀၀ နှုန်းဖြင့်     ဥပဒေနှင့်အညီ မိမိတို့နှစ်စဉ် လျာထားခွင့်ပြု ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များကို ပြည်ထောင်စုမှ ထောက်ပံ့ပေးသည့် အခါတွင် တိုင်းဒေသကြီး/ပြည်နယ်ကို ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် Medium Term Fiscal Framework-MTFF  အရ ပြည်ထောင်စုဝန်ကြီး ဌာနများအတွက် အသုံးစရိတ်ဘောင်များ ကြိုတင်သတ်မှတ်ပေးသည့် အချိန်တွင်လည်း ဝန်ကြီးဌာနများ အလိုက်သတ်မှတ်ပေးပြီး ၎င်းတို့၏ လက်အောက်ခံ ဌာနအဖွဲ့အစည်းများ အတွက်ကိုလည်း သတ်မှတ်ပေးရပါကြောင်း၊ အမျိုးသားစီမံကိန်းဥပဒေသည် တစ်နိုင်ငံလုံးအတွက် ကဏ္ဍအလိုက်၊ ဒေသအလိုက် စီမံကိန်းများကို ပေါင်းစပ်ရေးဆွဲထားသည့် စီမံကိန်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ် အားလုံးပါဝင်ပါကြောင်း၊ စီမံကိန်းကော်မရှင်တွင် ဆွေးနွေးအတည်ပြုပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားစီမံကိန်းနှင့် ဒေသန္တရ စီမံကိန်းတို့တွင် ပါဝင်သည့် ရင်းနှီးမြှုပ်နှံမှု ငွေလုံးငွေရင်း အသုံးစရိတ်များ သည် ပြည်ထောင်စု ဘတ်ဂျတ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဘတ်ဂျက်နှစ်ခုစလုံးတွင် ပါဝင်မှုရှိနိုင်ပါကြောင်း၊ ပေါက်တောမြို့နယ် အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ထောင်စုအပိုင်းတွင်  ပညာရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအောက်တွင် ရှိသည့် ဌာနအဖွဲ့အစည်း အချို့သည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ပြည်ထောင်စုဘတ်ဂျက်မှ ဆောင်ရွက် ကြပါကြောင်း၊ ထို့အတူ နယ်စပ်စည်ပင်၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနများသည် လည်း ပြည်ထောင်စု ဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲပြီး ဆောင်ရွက်ကြပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနစသည့် ဝန်ကြီးဌာနများ ပါဝင်သည့် ဌာနအဖွဲ့အစည်းအချို့တွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု ငွေလုံးငွေရင်းစီမံကိန်း လုပ်ငန်းများ အတွက်ကို ပြည်နယ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်မှုများလည်း ရှိပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်ပြည်ထောင်စု ဘတ်ဂျက်နှင့် ပြည်နယ် ဘတ်ဂျက်များကို ဦးစားပေးလုပ်ငန်း အစီအစဉ်များ ခွဲခြားပြီး ဆောင်ရွက်လျက် ရှိသည့်အတွက်ကြောင့် သက်ဆိုင်ရာဌာနများကို တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်သင့်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။