မြောင်မြို့နယ်မှ မူလတောင်သူများ ပိုင်ဆိုင်သည့် မြေဧက ၄၀ ခန့်ကို ၁၉၇၈ ခုနှစ်က စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်ရန်အတွက်ဟုဆို၍ သိမ်းယူခဲ့ပါကြောင်း၊ နိုင်ငံတော်မှ စီမံကိန်းပျက်သွားခြင်းကြောင့် မူလတောင်သူများထံ ပြန်လည်လုပ်စားခွင့် ပြန်ပေးခဲ့သော်လည်း ၁၉၉၄ ခုနှစ်တွင် မြို့နယ် မ.ဝ.တ အဖွဲ့မှအစိုးရ၏ လူမှုရေးအသင်းကြီးဟုဆိုကာ ထပ်မံသိမ်းယူခဲ့ပါကြောင်း၊ နစ်နာကြေး၊ လျော်ကြေးမရရှိခဲ့သည့်အတွက် လက်ရှိတွင် မြေ ၂ ဧက ခန့်ကို အဆောက်အအုံ ဆောက်ထားပြီး ကျန်မြေများမှာ ယခုအထိ အသုံးမပြုနိုင်သေးပါကြောင်း၊ မူလတောင်သူများမှ မိမိတို့မြေ များ ပြန်လည်ရရှိရေးအတွက် တာဝန်ရှိသူများထံ အကြိမ်ကြိမ်တောင်းခံခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် ၎င်းမြေများကို အဆိုပါအဖွဲ့ကြီးမှ ပုံစံ(၇) ပြုလုပ်ခဲ့ပါကြောင်း၊ မည်သည့်တောင်သူမှ သိရှိရခြင်းမရှိပါကြောင်း၊ ယခင်တာဝန်ရှိသူများက ပုံစံ(၇) ပြုလုပ်ထားခြင်းသည် ဥပဒေနှင့် ညီသည်ဟု ဆိုသော်လည်း တောင်သူများက ဥပဒေနှင့်မညီပါဟု တင်ပြလာကြပါကြောင်း၊ နစ်နာခဲ့သည့် တောင်သူများကို မြေများပြန်လည်ရရှိအောင် အမျိုးမျိုးကြိုးစားခဲ့သော်လည်း ယခုအချိန်အထိ ပြန်လည်ရရှိခြင်းမရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ မြောင်မြို့နယ်မှ မူလ တောင်သူများပိုင်ဆိုင်သည့် မြေဧက ၄၀ ခန့်အား တောင်သူများထံပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိနှင့် ပြန်လည်မပေးနိုင်ပါကလည်း မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လယ်ယာမြေဧက ၄၀ ခန့်ဆိုသော်လည်း မြေပြင်တွင် ၃၂.၆၅ ဧက ရှိပြီး ဝ.၉၆ ဧကမှာ နှစ် ၃၀ မြေငှားဂရန်ရရှိထားပြီးဖြစ်ခြင်း၊ ၃၁.၇၅ ဧကသည် လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ်ပုံစံ (၇) ရရှိထားပြီးဖြစ်ခြင်း၊ မြေသိမ်းဆည်းခဲ့သည့် ကာလသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် အစိုးရကာလဖြစ်ပြီး ထိုအချိန်တွင် ပြဋ္ဌာန်းထားသည့် ပြည်သူ့ကောင်စီအဆင့် ဆင့်နှင့် အလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့် ဥပဒေအရ ဖွဲ့စည်းထားသည့် မြို့နယ်ပြည်သူ့ကောင်စီ အဖွဲ့မှ ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်ဖြစ်သည့်အတွက် ယခုအသစ် ဖွဲ့စည်းထားသော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက် သင့်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
