မေးခွန်း အကြောင်းအရာ
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်အတွင်းရှိ ကုသရေးဆေးရုံကြီးကို ၁၉၆၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် မြို့နယ်ဆေးရုံကြီးအဖြစ် မြို့နယ်ကုသရေးဦးစီးမှူးတစ်ဦးနှင့် လက်ထောက်ဆရာဝန် လေးဦး စုစုပေါင်း ငါးဦးကို စာရင်းခန့် ထားခဲ့သည်ဟု သိရှိရပါကြောင်း၊ သို့သော် စတင်ခန့်ထားခဲ့သော ၂၀၀၉ ခုနှစ်မှစ၍ ယနေ့အချိန်အထိ စာရင်းရှိ ဆရာဝန်ငါးဦးကို မည်သည့်အခါမျှ အပြည့်အဝခန့်ထားခဲ့ခြင်း မရှိပါကြောင်း၊ ယခုအချိန်တွင် မြို့နယ်ကုသရေး ဦးစီးမှူးတစ်ဦးနှင့် လက်ထောက်ဆရာဝန်တစ်ဦးဖြင့်သာ တာဝန်ယူကုသနေရသည့်အတွက် ဆရာဝန် တစ်ဦး ခရီးထွက်ခဲ့လျှင် ဆရာဝန်တစ်ဦးတည်းဖြင့် မနိုင်မနင်းကုသနေရခြင်းကြောင့် လူနာများ အခက်အခဲများစွာ ကြုံတွေ့ရပါကြောင်း၊
မိမိတို့မြို့နယ်တွင် ရပ်ကွက်လေးကွက်အပါအဝင် ကျေးရွာအုပ်စု ၇၆ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၈၀ ရှိနှင့် လူဦးရေစုစုပေါင်း ၆၀၀၀၀ ကျော်သည် အဆိုပါ ဆေးရုံကြီးတစ်ခုတည်းကိုသာ အဓိကထား အားထာားနေရပါကြောင်း၊ မင်းတုန်းမြို့နယ်၏ တောင်ဘက်တွင် မြောက်ပြင် တိုက်နယ် ဆေးရုံနှင့် မြောက်ဘက်တွင် ကျောက်တိုင်တိုက်နယ်ဆေးရုံများ ရှိသော်လည်း အဆိုပါဆေးရုံများတွင် ဆရာဝန် တစ်ဦးမျှ မရှိပါကြောင်း၊ မြောက်ပြင်တိုက်နယ်ဆေးရုံကို ၁၉၈၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော်လည်း ၂၀၀၇ ခုနှစ်မှ ၂၀၁၀ အထိကာလကိုသာ ဆရာဝန်တစ်ဦးတည်း တာဝန်ထမ်းဆောင်ခဲ့သည်ကို သိရှိပါကြောင်း၊ ၂၀၁၃ ခုနှစ်၌ ဆရာဝန်တစ်ဦးခန့်ထားခဲ့သည်ကို သိရှိရ သော်လည်း အဆိုပါ ဆရာဝန်ခန့်ထားခဲ့တယ်လို့ သိရသော်လည်း ခန့်ထားသည့်နေ့မှ စ၍ ဆေးပညာဘွဲ့လွန်တတ်နေဟုသိရှိရသဖြင့် မြောက်ပြင်တိုက်နယ်ဆေးရုံမှ နှစ်ကာလကြည်ရှည်စွာ ဆရာဝန် လစ်လပ်ခဲ့ပါကြောင်း၊ ထို့အတူ ပုသိမ်-မုံရွာကားလမ်းမကြီးပေါ်တွင် တည်ဆောက်ထား ရှိသော ကျောက်တိုင် တိုက်နယ် ဆေးရုံကြီးကိုလည်း ဆရာဝန်မရှိခြင်းကြောင့် အကျိုးမရှိနိုင်ဖြစ် နေပါကြောင်း၊ ထို့အတူ မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်အတွင်းရှိ မြို့နယ် ကုသရေး ဆေးရုံကြီးနှင့် တိုက်နယ်ဆေးရုံများဖြစ်ကြသော မြောက်ပြင်တိုက်နယ်ဆေးရုံ၊ ကျောက်တိုင် တိုက်နယ်ဆေးရုံ များတွင် ကာလကြာရှည်စွာလစ်လပ်နေသော ဆရာဝန်များကို ခန့်ထားပေးရန် အစီ အစဉ်ရှိ/မရှိနှင့် အစီအစဉ် ရှိပါက လစ်လပ်နေသောဆရာဝန်များကို မည်သည့်အချိန်တွင် ခန့်ထား ပေးထားမည့် အစီအစဉ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်အတွင်းရှိ မြို့နယ်ကုသရေးဆေးရုံကြီးနှင့် တိုက်နယ် ဆေးရုံများဖြစ်ကြသော မြောက်ပြင်တိုက်နယ်ဆေးရုံ၊ ကျောက်တိုင်တိုက်နယ်ဆေးရုံများတွင် လိုအပ်လျက်ရှိသော ဆရာဝန်များကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလဆန်းတွင် စတင် တာဝန်ထမ်းဆောင်ရန် ရှိပါကြောင်း၊ မိမိတို့အနေဖြင့် မကြာခင်အချိန်တွင် ဆရာဝန် ဦးရေ ၂၀၀၀ ကို ဖောင်ကြီးသင်တန်းတွင် ရှစ်ပတ်တာကာလမှာ နှစ်ပတ်တာကာလသည် ဝန်ကြီးဌာနမှ သင်ကြားပေးမည်ဖြစ်ပြီး ခြောက်ပတ်တာကာလမှာ ဝန်ထမ်းရေးရာကိစ္စများကို သင်ကြားပို့ချပေးမည့် သင်တန်းကိုလည်းကောင်း တက်ရောက်စေပြီးလျှင် လိုအပ်သော ဆေးရုံ၊ ပြည်နယ်များတွင် နေရာ ချထားပေးရန် ညွှန်ကြား ထားပြီးဖြစ်ပါကြောင်း၊ တာဝန်ပေးအပ်ချထားရာတွင်လည်း တစ်ကြိမ်တည်း တာဝန်ပေးမည်ဖြစ်သည့် အတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလဆန်းတွင် လိုအပ်သော ဆရာများကို ရရှိနိုင်ရန် ဖြစ်နိုင်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် မြောက်ပြင်တိုက်နယ်ဆေးရုံ၌ သက်ဆိုင်ရာ မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး အစီအစဉ်ဖြင့်လည်းကောင်း၊ သရက်ပြည်သူ့ဆေးရုံတွင်လည်း လက်ထောက်ဆရာဝန်တစ်ဦးအား ၁၇ ရက် ၅ လပိုင်းတွင် သုံးလခေတ္တတာဝန်ချထားပေးခြင်းများကိုလည်းကောင်း ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်းနှင့် ၎င်းဆရာဝန် တာဝန်ပြီးဆုံးချိန်ရောက်ရှိပါကလည်း နီးစပ်ရာဆေးရုံတစ်ရုံမှ ဆရာဝန်တစ်ဦး နောက်ထပ်သုံးလ တာဝန်ချထားမည်ဖြစ်ပါကြောင်း၊ ယခင် တာဝန်ချထားသည့်ဆရာဝန်တစ်ဦးနှင့် အသစ်ဝင်ရောက်လာမည့် ဆရာဝန်တို့သည် Overlap ဖြစ်မည်ဆိုပါက အဆင်ပြေနိုင်မည် ဖြစ်ပါကြောင်း၊ ကျောက်တိုင်တိုက်နယ်ဆေးရုံတွင်လည်း လက်ထောက်ဆရာဝန်တစ်ဦးကို ကုသရေးဌာနဦးစီးဌာန၏ ၂၆-၆-၂၀၁၆ ရက်စွဲပါစာဖြင့် ပြောင်းရွှေ့တာဝန်မည်ဖြစ်ကြောင်းနှင့် ၁၁-၇-၂၀၁၆ မှစ၍ တာဝန်များကို ထမ်းဆောင်နေပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
