(ဂ)-လေရှီးမြို့နယ်အတွင်းရှိ လေယုံ၊ငကျန်၊ဂျီလာ၊ ရန်ပိုမိုနွေး၊မော်နွမ်း၊ထဝိုင်၊နမိယူပီ၊ဆပ်ပြာ၊ချယ်ရာ၊ ခိုလာ၊ဝမ်းဘဲနှင့်မိုဒွန်ရွာမကျေးရွာများတွင်၂၀၁၆- ၁၇ ဘဏ္ဍာနှစ်အတွင်း ဆေးပေးခန်း အဆောက် အဦ ဆောက်လုပ် ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ် လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးတတိယနေ့(၂၇.၇.၂၀၁၆)

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်သည် ရပ်ကွက်/ကျေးရွာအုပ်စု ၂၆ ခု၊ ကျေးရွာပေါင်း ၇၇ဦးကျော်ဌေး (လေရှီး) ရွာရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၃ ခု ရှိသည့်အနက် ဆေးပေးခန်း အဆောက်အဦ ဆောက်လုပ်ပြီးသား ကျေးရွာ ၁၁ ရွာရှိပြီး ကျန်ရှိသည့် ၁၂ ရွာတွင် အဆောက်အဦဆောက်လုပ်ခြင်း မရှိသေးပါကြောင်း၊ ထို့အပြင် ကျေးလက်ကျန်းမာရေးဌာနခွဲတွင် တာဝန်ကျသည့် ဝန်ထမ်းများအတွက် အိမ်ရာသီးသန့် ဆောက်လုပ်ပေးနိုင်ခြင်း မရှိသေးသည့်အချိန်တွင် ဒေသ၏ အခြေအနေအရ ဆေးပေးခန်းများတွင်သာ နေကြရပါကြောင်း၊ ဆေးပေးခန်း မရှိသည့် အဆောက်အဦ၊ အဆောက်အဦ မရှိသည့်ကျေးရွာများတွင် တာဝန်ကျသည့် ကျန်းမာရေးဌာန ဝန်ထမ်းများနေထိုင်ရန်အတွက် လုံခြုံသည့် အဆောက်အဦ မရှိသည့်အချိန်တွင် နေအိမ်မရှိခြင်းကို အကြောင်းပြပြီး တာဝန်ကျသည့် ကျေးရွာတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ခြင်း မရှိသည့်အတွက် ပြည်သူများသည် ကျန်းမာရေးစောင့်ရှောက်မှု မရရှိ နိုင်ဘဲ အခက်အခဲကြုံတွေ့နေရခြင်းများ တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ မိုးရာသီတွင် ဖျားနာသူများ များပြားပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသဖြစ်သည့်အတွက် လေရှီးမြို့နယ် ဆေးရုံကိုလည်း မသွားလာနိုင်သည့်အတွက်ကြောင့် မသေသင့်သောလူနာများလည်း အသက်ဆုံးရှုံး ရခြင်းများ တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တာဝန်ကျဝန်ထမ်းများ ကျေးရွာများတွင် အချိန်ပြည့်နေထိုင်ပြီး ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရန်အတွက် မိမိတို့ဒေသ၏ လိုအပ်ချက်အရ ဆေးပေးခန်း အဆောက်အဦ မရှိမဖြစ် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိမဲဆန္ဒနယ်မြေဖြစ်သည့် လေရှီးမြို့နယ်အတွင်းရှိ လေယုံ၊ ငကျန်၊ ဂျီလာ၊ ရန်ပိုမိုနွေး၊ မော်နွမ်း၊ ထဝိုင်၊ နမိယူပီ၊ ဆပ်ပြာ၊ ချယ်ရာ၊ ခိုလာ၊ ဝမ်းဘဲနှင့် မိုဒွန်ရွာမ ကျေးရွာများတွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ဆေးပေးခန်းအဆောက်အဦ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဖော်ပြပါဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပေးနိုင်ခြင်းမရှိပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းခြေစာရင်း၊ ငွေလုံးငွေရင်းစာရင်းဖြင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန များတွင် ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲအဆောက်အဦများ ဆောက်လုပ်ပေးရန် တိုင်းဒေသကြီး/ပြည်နယ်များကို ဦးစားပေး အစီအစဉ်အလိုက် ဆောက်လုပ်လိုသည့် အမည်စာရင်းကို တောင်းခံ၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေ သကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆောင်ရွက်လိုကြောင်း တင်ပြသည့် ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများစာရင်းတွင် လေရှီးမြို့နယ်အတွင်းမှ အထက်ဖော်ပြပါ ကျေးလက်ကျန်းမာရေးဌာနခွဲ အမည်များ ပါဝင်လာခြင်း မရှိသဖြင့် ယခုကဲ့သို့ ဖြေရှင်းရခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း ကျေးလက်ကျန်းမာရေးဌာနခွဲ မရှိသော်လည်း ၎င်း ရွာများတွင် Big နှင့် Public Health Supervisor အဆင့်(၂) များကို မိမိတို့အနေဖြင့် ရရှိအောင် ကြိုးစားပေးမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အဆောက်အဦမရှိသည့်အတွက် Big နှင့် Public Health Supervisor များသည် ၎င်းရွာနား၌ မိမိတို့အိမ်တွင်နေထိုင်ပြီး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါကြောင်း၊ အဆောက်အဦရရှိမည်ဆိုပါက အလွန်ကောင်းမွန်မည့် ကိစ္စဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ လေရှီးမြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေး အဆောက်အဦများ ဆောက်လုပ်ရန် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေတွင် ပါဝင်ခြင်းမရှိသေးသည့်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင်မှ အထူးဦးစားပေး အစီအစဉ်ဖြင့် ထည့်ပေးမည်ဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကျေးလက်ကျန်းမာရေး ဌာနခွဲများသည် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ပထမဆုံးထိတွေ့သည့် နေရာဖြစ်သည့်အပြင် ၎င်းဝန်ထမ်းများသည် ၂၄ နာရီပတ်လုံး ၎င်းရွာများရှိလူများနှင့် ထိတွေ့သည့် နေရာဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် အထူးအရေးကြီးသည့် ကိစ္စတစ်ရပ်အဖြစ် သတ်မှတ်ထားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။