မေးခွန်း အကြောင်းအရာ
အနော်ရထာလမ်းမနှင့် ၃၄ လမ်း၊ ၃၅ လမ်းထိပ်တွင် မိလ္လာ System ကို ယခင်ခေတ်က စနစ်တကျပြုလုပ်ခဲ့ကြောင်း၊ မြို့တွင်း Down Town (၆) မြို့နယ်ရှိ အညစ်အကြေးများကို ခရင်လမ်း၊ ဗိုလ်မြတ်ထွန်းလမ်းရှိ ကန်ကြီးသို့ိုပို့ပြီး အနည်ထိုင်ကာ အညစ်အကြေးများကို ရန်ကုန်မြစ်ထဲ၊လူထု မရှိသည့်နေရာများသို့ို စီးဆင်းစေခဲ့သော်လည်း ယခုအချိန်တွင် ဗိုလ်မြတ်ထွန်းလမ်း၊ ခရင်လမ်းရှိ ကန်ကြီးကို မြေဖို့ပြီး ကွန်ဒိုများတည်ဆောက်လိုက်သောကြောင့် ကျောက်တံတားမြို့နယ်အပါအဝင်၊ Down Town တွင် အကျိုးဆက်များကို ခံစားရ ပါကြောင်း၊ ကျောက်တံတားမြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးရုံးရှေ့နှင့် ၃၅ လမ်းအထက်၊ မဟာဗန္ဓုလပန်းခြံအထက်ရှိ နောက်ဖေးလမ်းကြားမြောင်းများ နှင့်မိလ္လာကန်များကို မစုပ်ယူသည့်အတွက် အညစ်အကြေးအရည်များ သည် ရေမြောင်းများထဲသို့ စီးဆင်းသွားပါကြောင်း၊ မိလ္လာကန်များမှ ရေဆိုးများထွက်သည့် အတွက် ကျောင်းများရှိ ကျောင်းသူကျောင်းသား များမှာလည်း အနံ့ဆိုးများကြောင့် စိတ်အနှောက်ယှက် ဖြစ်ခြင်းများခံစားရပါကြောင်း၊ ကမ်းနားလမ်းနှင့် ၃၉ လမ်းအထက်၊ Austria Embassy နှင့် Strand ဟိုတယ်နားအနီးရှိ လမ်းမကြီးပေါ်တွင် မိလ္လာရည်များ စီးဆင်းနေပါကြောင်း။
မိမိတို့ကျောက်တံတားမြို့နယ်တွင် တန်ဖိုးရှိသော မဟာဗန္ဓုလကျောက်တိုင်နှင့် ရှေးဟောင်းအဆောက် အဦများရှိခြင်းကြောင့် ရှေးဟောင်းအမွေအနှစ်များကို နိုင်ငံခြားသားများ အများဆုံး လာရောက် လည်ပတ်သည့် နေရာဖြစ်ပါကြောင်း၊ နိုင်ငံတကာရှိ တိုးတက်သည့် နိုင်ငံများတွင် နိုင်ငံခြားသားများ လာရောက်သည့် နေရာများကို စနစ်တကျသန့်သန့် ရှင်းရှင်းနှင့် ပြုလုပ် ထားခြင်းကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်အတွင်း၌ မိလ္လာကန်၊ မိလ္လာရေပိုက်များ၊ ရေဆိုးရေမြောင်းများမှ အညစ်အကြေး များ မြောင်းအတွင်း စီးဆင်းနေသည့်အတွက် ကျန်းမာရေးအရ ထိခိုက်မှုရှိပြီး အနံ့အသက်များလည်း ဆိုးရွားစွာခံစားနေရပါသဖြင့် မိလ္လာကန်များနှင့် မိလ္လာရေပိုက်များကို ပြုပြင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်မြို့ Down Town (၆) မြို့နယ်ရှိ မိလ္လာစွန့်ပစ်စနစ်မှာ ၁၈၈၈ ခုနှစ်ကစတင်ခဲ့ပြီး မိလ္လာပြွန်စနစ်တွင် မြေဆွဲအားသုံး မိလ္လာပိုက်များ၊ လေဖိအားသုံးမိလ္လာပြွန်မကြီး၊ မိလ္လာတွန်းစက်အိုး ၃၅ လုံးနှင့် လေမှုတ်စက်ရုံနှစ်ရုံအသုံးပြုပြီး ရေဆိုးသန့်စင်စက်ရုံတွင် သန့်စင်ပြီးရေကြည်အား မြစ်အတွင်း စွန့်ပစ်ရသော စနစ်ဖြစ်ပါကြောင်း၊ မိလ္လာပြွန်စနစ်မှာ မူလကလူဦးရေ ၄၀၀၀၀ အတွက် ရည်ရွယ် တည်ဆောက်ခဲ့သော်လည်း အဆိုပါမြို့နယ်များတွင် အထပ်မြင့်အဆောက်အဦများ တိုးပွားလာခြင်း၊ နေထိုင်သူလူဦးရေများပြားလာပြီး မိလ္လာစွန့်ပစ်မှု ပိုမိုများပြား လာခြင်းနှင့် နောက်ဖေးလမ်းကြားများတွင် အမှိုက်များစွန့်ပစ်မှုကြောင့် မိလ္လာလူဝင်ကျင်းများအတွင်း အမှိုက်များဝင်ရောက်ပိတ်ဆို့ခြင်း၊ လျှံကျခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ နှစ်ပေါင်း ၁၂၈ နှစ်ကြာမြင့်ပြီဖြစ်သောကြောင့် မိလ္လာလူဝင်ကျင်းများ နိမ့်ဆင်းခြင်းနှင့် အုတ်နံရံများ ပြိုကျခြင်းတို့အား ပြုပြင်ခြင်း၊ လမ်းသွယ်များရှိ လူဝင်ကျင်း Frame နှင့် အဖုံးများလဲ လှယ်ခြင်း၊ နောက်ဖေးလမ်းကြား ၆ လက်မ CI မိလ္လာလိုင်းများနှင့် မိလ္လာလူဝင်ကျင်းများအား လူအားဖြင့်ရှင်းလင်း အနည်ဆယ်ခြင်း၊ နောက်ဖေးလမ်းကြားလူဝင်ကျင်းများအား အမြင့် ၁ ပေ ၆ လက်မ အထိ ပြုပြင်မြှင့်တင်ခြင်းနှင့် မိလ္လာတွင်းဆက်အိုးများ ပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်း စသည့် လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုယ်ပိုင်အဆောက် အဦများရှိ မိလ္လာပိုက်များပေါက်ခြင်းနှင့် မိလ္လာကန်များ ပြည့်လျှံခြင်းဖြစ်ပေါ်ပါက သက်ဆိုင်ရာ အဆောက်အဦ နေထိုင်သူများက တာဝန်ယူဆောင်ရွက်ရမည်ဖြစ်၍ စစ်ဆေးပြီး အကြောင်းကြားခြင်း၊ ပြုပြင်စေခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ယခုအခါ တိုးတက်လာသော လူဦးရေနှင့်အညီ ၂၀၄၀ ခုနှစ်အထိ တိုးတက်လာမည့် လူဦးရေ လျာထားပြီး JICA နှင့် ပူးပေါင်း၍ ရေဆိုးသန့်စင်စက်ရုံနှင့် ရေဆိုးသွယ်ပိုက်များ ဇုန်အလိုက် ဆောင်ရွက်နိုင်ရန် Master Plan ရေးဆွဲထားရှိပြီးဖြစ်ပါကြောင်း၊ ရန်ကုန်မြို့အတွက် ဇုန် ၁၃ ဇုန် လျာထား၍ ၆ ဇုန်အား ၂၀၄၀ ခုနှစ်တွင် ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်း၊ ၎င်းအပြင် မြို့တွင်း/ မြို့နယ်များအတွက် လိုအပ်သော ရေဆိုးသွယ်ပိုက်များကို လမ်းမကြီးနှင့် နောက်ဖေးလမ်းများအတွက် အသစ်ချထားဆောင်ရွက်ခြင်း၊ ရေဆိုးသန့်စင်စက်ရုံ တိုးချဲ့ဆောင်ရွက်ခြင်းတို့အား ပထမဦးစားပေး ဆောင်ရွက်ရန် လျာထားပါကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံခြားမှပညာရှင်များ၊အဖွဲ့အစည်းများနှင့် ငွေကြေးအကူအညီရရှိရေး၊ နည်းပညာအကူအညီရရှိရေး ညှိနှိုင်းဆွေးနွေး လျက်ရှိပါကြောင်း၊ မြို့တွင်း (၆) မြို့နယ်အတွင်း နောက်ဖေးလမ်းကြားပေါင်း ၁၇၅ လမ်း၊ မိလ္လာတွင်းစက် ၃၅ လုံး၊ မိလ္လာကန် ၂၁၁၄ လုံးနှင့် မိလ္လာပိုက်လိုင်းအရှည် ၁၅၇၀၀၀ ရှိရာ နှစ်စဉ်နှစ်တိုင်း လူအားဖြင့် လမ်းရှင်းခြင်း၊ အနည်ဆယ်ခြင်းလုပ်ငန်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဘဏ္ဍာငွေ ရရှိမှုပေါ်မူတည်ပြီး ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၁-၁၂ ခုနှစ်မှ ၂၀၁၅-၁၆ ခုနှစ် ငါးနှစ်တာဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေဆောင်ရွက်ရမည့် နောက်လေးလမ်းကြား ၁၁၀ ခု၌ မိလ္လာပြွန်ပေရှည် ၁၂၆၂၇၀ ပေ နှင့် မိလ္လာကန် ၈၉၇ လုံးအား လူအားဖြင့်လမ်းရှင်း၊ အနည်ဆယ်ခြင်း လုပ်ငန်းကိုဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ လက်ရှိသုံးစွဲလျက်ရှိသော မိလ္လာပြွန်စနစ်တွင် မိလ္လာတွန်း စက်များ၏ စက်အစိတ်အပိုင်းအချို့အား ပြည်တွင်းပစ္စည်းများဖြင့် လဲလှယ်ထိန်း သိမ်းခြင်းကိုလည်း နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ကျောက်တံတားမြို့နယ်အတွင်း စုစုပေါင်းနောက်ဖေး လမ်းကြား ၄၇ ခု၊ မိလ္လာကန် ၂၁၉ ကန်၊ မိလ္လာလိုင်းပေရှည် ၂၉၈၀၀ ခန့်ရှိရာ နှစ်စဉ်နှစ်တိုင်း လူအားဖြင့်လမ်းရှင်းခြင်း၊ အနည်ဆယ်ခြင်း လုပ်ငန်း များနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဘဏ္ဍာငွေရရှိမှုပေါ် မူတည်ပြီးဦးစားပေး အဆင့်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိလ္လာပိုက်ရှင်းလင်းခြင်းကို Instruction Camera CCTV တို့ဖြင့် ပိုက်လိုင်း စစ်ဆေးခြင်းတို့ကို အခါအားလျော်စွာ ပူးတွဲဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရန်ကုန်မြို့ရှိ မြို့တွင်းခြောက်မြို့နယ်အတွင်း ရေဆိုးသယ်ပိုက်များ၊ လမ်းမကြီးနှင့်နောက်ဖေး လမ်းကြားများ အသစ်ဆောင် ရွက်နိုင်ရေးနှင့် ရေဆိုးသန့်စင်စက်ရုံ တိုးချဲ့တည်ဆောက်နိုင်ရေးအတွက် ဂျပန်နိုင်ငံ၊ ဆူမိတိုမိုကုမ္ပဏီဖြင့် MOU လက်မှတ်ရေးထိုးရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စားရှင်းလင်း ဖြေကြားပါသည်။
