(ဃ) -လေရှီး - ထမံသီလမ်းနှင့်လေရှီး-ဆွ မ္မ ရာ လမ်းပေါ်ရှိ မိုင်ပေါင်း(၃၀)ခန့်အား လမ်းကြောင်း အသစ် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၇) ရက်မြောက်နေ့ (၇.၁၀.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

kyaw htayလေရှီး-ထမံသီလမ်းပိုင်းသည် ယခင် မဆလခေတ်က ဖောက်လုပ်ခဲ့သည့် လမ်းဖြစ်ပြီး ၄၁ မိုင်ရှိပါကြောင်း၊ လေရှီး-ထမံသီလမ်းပိုင်းကို ဖောက်လုပ်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၅၀ ကျော်နေပြီဖြစ်သော် လည်း ယနေ့အချိန်ထိ ရာသီမရွေးသွားလာနိုင်သော လမ်းဖြစ်မလာပါကြောင်း၊အတက်အဆင်း၊အကွေ့အကောက်များ လွန်းသည့်ခြင်းနှင့် မိုးရေတိုက် စားခြင်းကြောင့် နှစ် စဉ်ပြင်ဆင်စရိတ် အကုန်အကျများနေခြင်းများကို တွေ့ရှိရပါကြောင်း၊ ဒေသခံများက လမ်းအူကြောင်းအသစ် ရှာဖွေပြီး တင်ပြ ခဲ့သော်လည်း ယခင်အဆက်ဆက် ဆောက်လုပ်ရေးဌာနက လမ်းကြောင်း အသစ် ဖောက်လုပ်ရန် စိတ်မဝင်စားခဲ့ကြပါကြောင်း၊ လမ်းကြောင်းကောင်းသွားခဲ့ပါက ပြင်ဆင်စရိတ်ရရှိမည် မဟုတ်တော့ ပါကြောင်း၊ လမ်းကြောင်းကောင်း ဖို့ထက် ပြင်ဆင် စရိတ်မကြာခဏ ရရှိရန်ကို ပိုအလေးပေးခဲ့ခြင်းကြောင့် ကောင်းမွန်သည့်လမ်းကြောင်းကို ဖောက်လုပ်ခဲ့ခြင်းမရှိပါကြောင်း၊

လေရှီး-ဆွမ္မရာလမ်းပိုင်းကို နအဖခေတ်တွင် စစ်ဆင်ရေးလမ်းကြောင်းအတွက် ရိက္ခာသယ်ရန် အဓိကရည်ရွယ်ပြီး ဖောက်လုပ်ခဲ့သည့် လမ်းဖြစ်ပါသောကြောင့် ဒေသခံများက လမ်းအူကြောင်းသစ် ရှာပေးခဲ့သော်လည်း ဖောက်လုပ်ခွင့်မရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ကြမ်းတမ်းသည့် တောင်တက်တောင် ဆင်းများ များလွန်းသည့်အတွက်ကြောင့် အန္တရာယ်များပြီး မကြာခဏ မတော်တဆမှုများ ဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ လေရှီး-ထမံသီလမ်းကြား ၂၄ မိုင် ၆ ဖာလုံက ဆုံကင်းကျေးရွာ ၃၁ မိုင်အထိ လမ်းလွှဲရမည့် နေရာဖြစ်ပါကြောင်း၊ ၎င်းလမ်းအပိုင်းသည် ဆိုးသွမ်းလွန်းသည့်အတွက်ကြောင့် လေရှီး-ထမံသီလမ်းနှင့် လေရှီး-ဆွမ္မရာလမ်းပေါ်ရှိ မိုင်ပေါင်း ၃၀ ခန့်အား လမ်းကြောင်းအသစ် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

win khaingစစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထမံသီ-လေရှီးလမ်း မိုင်တိုင် (ဝ/၀) မှ (၄၁/ဝ) အထိ ၄၁ မိုင်သည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊ လေရှီး-ပန်ဆပ်-ဆွမ္မရာလမ်းအပိုင်း ၃၉ မိုင် ၆ ဖာလုံက ယခင်က နယ်စပ်ရေးရာဝန်ကြီးဌာနပိုင် လမ်းဖြစ်ပြီး စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူဖောက်လုပ်ခဲ့ပြီး ၂၂-၃-၂၀၁၆ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက လွှဲပြောင်းလက်ခံခဲ့ပါကြောင်း၊ ထမံသီ-လေရှီး-ပန်ဆပ်-ဆွမ္မရာလမ်း ၈၀ မိုင် ၆ ဖာလုံအဖြစ် တစ်ဆက်တစ်စပ်တည်း ပြင်ဆင်ခဲ့ပါပြီး ၃၁-၃-၂၀၁၆ ရက်နေ့တွင် လမ်း၏အခြေအနေမှာ ကွန်ကရစ်လမ်း ၁ မိုင် ၃ ဖာလုံ၊ ကတ္တရာ လမ်း ၃၉ မိုင် ၅ ဖာလုံနှင့် ကျောက်လမ်း ၃၉ မိုင် ၆ ဖာလုံ စုစုပေါင်း ၈၀ မိုင် ၆ ဖာလုံဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြထားသည့် လမ်းပိုင်းများအပါအဝင် ကျန်လိုအပ်သော လမ်းပိုင်းများ အား Gradient နှိမ့်ချရန်နှင့် လမ်းအူကြောင်းပြောင်း လဲ ဖောက်လုပ်ရန် အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ လမ်းတိုင်းတာရေး အဖွဲ့များနှင့်အတူ ကိုယ်စားလှယ်တော် ကြီးများနှင့် ဒေသခံများလိုက်ပါ၍ မြေပြင်သို့သွားရောက်ပြီး ကွင်းဆင်း စစ်ဆေးတိုင်းတာ ဆောင်ရွက်စေပြီး လိုအပ် လျက်ရှိသည့် နေရာများကို ပြန်လည်စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းရှင်းလင်း ဖြေကြားပါသည်။