မေးခွန်း အကြောင်းအရာ
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၈-၁၁-၁၉၈၉ ရက်စွဲပါ အမိန့်ပြန်တမ်းနှင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ၄-၁၁-၁၉၉၀ တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)ဟူ၍ ခွဲခြား သတ်မှတ်ခဲ့ပါကြောင်း၊ အကျယ်အဝန်းအားဖြင့် တောင်မှမြောက် ၁၂ မိုင်၊ အရှေ့မှအနောက် ၃ မိုင် စုစုပေါင်း စတုရန်းမိုင် ၃၀.၅၄၅ မိုင်၊ လူဦးရေ ၃၇၃၇၃၈ ဦးရှိပြီး ရပ်ကွက်ပေါင်း ၃၂ ရပ်ကွက် ရှိပါကြောင်း၊ သယ်ယူပို့ဆောင်ရေးအနေဖြင့် မြို့နယ်အတွင်းပြေးဆွဲလျက်ရှိသော ခရီးသည်တင်ဘတ်စ်ကားယာဉ်လိုင်း ၆ လိုင်းမှ ယာဉ်အစီးရေ ၄၈၁ စီး၊ ကုန်တင်ယာဉ် ၄၇၂ စီး၊ လူစီးယာဉ် ၅၅၂ စီး၊ အခြား ၅၅ စီးဖြင့် နေ့စဉ် ဝင်ထွက်သွားလာနေသော မြို့လည်းဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန စာရင်းအရ သိရပါကြောင်း၊ ထို့အပြင် စက်မှုဇုန် ၁၊ စက်မှုဇုန် ၂၊ စက်မှုဇုန် ၃၊ ၁၄၄ ရပ်ကွက် စက်မှုဇုန် စသည်ဖြင့် စက်မှုဇုန် ၄ ရုံမှ စက်ရုံအလုပ်ရုံပေါင်း ၁၃၆၈ ခုလုပ်ကိုင်လျက်ရှိရာ ၎င်းစက်မှုလက်မှု လုပ်ငန်းများသို့ သွားလာနေသောယာဉ်များ၊ စီးပွားရေးတက္ကသိုလ်၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်နှင့် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန လိုင်စင်ရုံးများသို့ သွားလာနေသောယာဉ်များလည်း ရှိပါကြောင်း၊ ၎င်းယာဉ်များအားလုံးသည် မြို့သစ် ၁၉၈၉-၁၉၉၀ ခုနှစ်တွင် စတင်တည်ထောင်စဉ်မှ ယခုအချိန်အထိ ငမိုးရိပ်ချောင်း မြစ်ကူးတံတား တစ်စင်းတည်း ကိုသာ အသုံးပြုသွားလာ နေကြရပါကြောင်း၊ ၎င်းမြစ်ကူးတံတားသည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ဝင်ထွက် သွားလာနေသည့် ယာဉ်များသာမက ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ လှည်းကူး၊ ပဲခူးသို့ အမှတ်(၂) ကားလမ်းမကြီးအတိုင်း ဝင်ထွက်သွားလာ သော ယာဉ်များပါ အသုံးပြုလျက်ရှိသဖြင့် လမ်းပိတ်ဆို့မှုများ၊ ယာဉ်ကြော ကျပ်တည်းမှုများ ဖြစ်နေပါကြောင်း။
ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် လမ်းများ၊ လျှပ်စစ်မီးများ၊ မြစ်ကူးတံတား ၄ စင်း၊ စီမံကိန်းများ ချထားပေးသော်လည်း ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် မည်မည်ရရ လုပ်ဆောင်ပေးခြင်း မရှိသဖြင့် ပြည်သူသွားလာရေး လွယ်ကူစေရန်အတွက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဏ)သို့ ငမိုးရပ်ချောင်းမြစ်ကူးတံတားတစ်စင်း တည်ဆောက်ပေးစေလိုပါကြောင်း၊ သုဝဏ္ဏ ဘက်ကမ်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် တံတားတည်ဆောက်ရန် မြေနေရာ ရှိပါသဖြင့် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်သူလူထု သွားလာရေးလွယ်ကူ စေရန်နှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရန်အတွက် ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဏ)သို့ ငမိုးရိပ်ချောင်း မြစ်ကူးတံတားတစ်စင်း တည်ဆောက်ပေးရန်နှင့် ပတ်သက်ပြီး ငမိုးရိပ်ချောင်းပေါ်တွင် ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ ဆက်သွယ်ထားသော မဟာဗန္ဓုလတံတား အရှည် ၃၆၄၃ ပေ၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ ဆက်သွယ်ထားသော သာကေတတံတားအရှည်ပေ ၉၉၃ ပေ၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် သာကေတမြို့နယ်တို့ ဆက်သွယ်ထားသော သုဝဏ္ဏတံတားအရှည် မီတာ ၃၀၀၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် သာကေတမြို့နယ်တို့ ဆက်သွယ်ထားသော သုဝဏ္ဏတံတား အမှတ်(၂) အရှည် ၃၆၀ မီတာ၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် သာကေတမြို့နယ်တို့ ဆက်သွယ်ထားသော ကမာကြည်တံတား အရှည် ၂၉၅.၉၅ မီတာ၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် ဒဂုံ(မြောက်ပိုင်း)မြို့နယ်တို့ ဆက်သွယ်ထားသော ငမိုးရိပ်တံတား သင်္ဃန်းကျွန်းအရှည် ၂၁၃.၃၅ မီတာ၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံ(မြောက်ပိုင်း)မြို့နယ်တို့ ဆက်သွယ်ထားသော ပါရမီတံတား အရှည် ၁၈၂.၈၇ မီတာ၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံ(မြောက်ပိုင်း) မြို့နယ်တို့ ဆက်သွယ်ထားသော ပါရမီတံတား အမှတ်(၂) အရှည် ၁၈၂.၈၇ မီတာ၊ မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံ(မြောက်ပိုင်း) မြို့နယ်တို့ ဆက်သွယ်ထားသော ငမိုးရိပ်တံတား(ဗိုလ်ဗထူး) စည်ပင်က တည်ဆောက်ခြင်း ဖြစ်ပါကြောင်း၊ မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံ(မြောက်ပိုင်း)မြို့နယ်တို့ ဆက်သွယ်ထားသော ဒဂုံမြို့သစ်တံတား အရှည် ၁၈၂.၈၇ မီတာ၊ မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံ(မြောက်ပိုင်း)မြို့နယ်တို့ ဆက်သွယ်ထားသော ဒဂုံမြို့သစ် လူကူးကြိုးတံတား အရှည် ၁၂၈ မီတာ၊ မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံ (မြောက်ပိုင်း)မြို့နယ်တို့ ဆက်သွယ်ထားသော ငမိုးရိပ်တံတား (သုနန္ဒာ)အရှည် ၂၁၆ မီတာ၊ ရွှေပေါက်ကံမြို့သစ်နှင့် ဒဂုံ(အရှေ့)မြို့နယ်တို့ ဆက်သွယ်ထားသော ရွှေပေါက်ကံတံတား အရှည် ၂၄၂ မီတာနှင့် လှည်းကူးမြို့နယ်နှင့် ဒဂုံ(အရှေ့)မြို့နယ်တို့ ဆက်သွယ်ထားသော ငမိုးရိပ်တံတား(ဒဂုံအရှေ့မြို့နယ်) စုစုပေါင်း တံတားကြီး ၁၆ စင်းဆောင်ရွက်ပြီး၍ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒဂုံမြို့နယ်တို့ ဆက်သွယ် ထားသော သာကေတတံတားအသစ် အရှည် ၂၅၃ မီတာအား ဂျပန်နိုင်ငံမှ JICA ထောက်ပံ့ငွေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုဆောင်ရွက်ပေးရန်တင်ပြထားသော ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဏ)သို့ ငမိုးရိပ်ချောင်းကူးတံတားတစ်စင်း တည်ဆောက်နိုင်ရန်အတွက် သင်္ဘောများ သွားလာ သည့် ချောင်းဖြစ် သည့်အတွက် ရေလမ်းကင်းလွတ်အမြင့်နှင့် အကျယ်တို့ကိုလည်းကောင်း၊ တံတား၏ ချဉ်းကပ်လမ်းတည်ဆောက်နိုင်မည့်နေရာနှင့် တံတားပေါ်သို့ဝင်ရောက်နိုင်မည့် ချဉ်းကပ်လမ်း အခြေအနေ တို့ကိုလည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် သင်္ဃန်းကျွန်း မြို့နယ်(သုဝဏ္ဏ)ဘက်ကမ်းတို့တွင် တံတားကို ဆက်သွယ်လာမည့် အဓိကလမ်းမကြီးများကို ချိတ်ဆက်နိုင်မည့် လမ်းကွန်ယက်တို့ကိုလည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကွင်းဆင်းလေ့လာပြီး ဖြစ်နိုင် စွမ်းရှိသည့်နေရာ ကို ရွေးချယ်ပြီးတော့ ပြန်လည်တင်ပြသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
