(စ)-ပေါက်တောမြို့နယ်အတွင်းစီးပွားရေးလုပ်ငန်းရှင် များ တရားမဝင်ရယူထားသောကျွဲ၊နွား၊စားကျက်မြေ များနှင့်ရွာပုံချောင်း(ရွာသားကမ်းပိုင်)များကိုမူလပိုင် ရှင် ကျေးရွာအုပ်စုများ၊ ကျေးရွာများသို့လွှဲအပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၆) ရက်မြောက်နေ့ (၆.၁၀.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

aung kyaw zanရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စီးပွားရေးလုပ်ငန်းတစ်ခုမှ အင်အားသုံးပြီး တရားမဝင် ယူထားသည့် ကျွဲ ၊နွားစားကျက်မြေများနှင့် ရွာဘုံချောင်းလို့ခေါ်သည့် တစ်ဘက်ပိတ်ဆည်များကို ဥပဒေပါပြဋ္ဌာန်း ချက်များအတိုင်း မူလပိုင်ရှင်များဖြစ်သည့် ကျေးရွာအုပ်စုများ၊ ကျေးရွာများသို့ လွှဲပြောင်း ပေးပြီး လူအများအသုံးပြုနိုင်အောင် မည်သို့ဆောင်ရွက်မည်ကို သိလိုသည့် အတွက် မေးမြန်း ဖြစ်ပါကြောင်း၊ မြို့နယ်အဆင့်တွင် မဖြေရှင်းသည့်အတွက် အခုလို မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးများသည် မြို့မြေ၊ ကျေးရွာမြေ၊ သာသနာ့မြေ၊ သုဿာန်မြေ၊ စားကျက်မြေ၊ ရွာဘုံမြေစသည့် မြေစီမံခန့်ခွဲရေးကို လုပ်ပိုင်ခွင့်ရှိပါကြောင်း။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်သည် အင်္ဂလိပ်အစိုးရလက်ထက်တွင် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ပြီး  သတ်မှတ်ထားသည့်စားကျက်မြေနှင့် ရွာဘုံချောင်းများရှိပါကြောင်း၊ စားကျက်မြေသည် ကျွဲ၊ နွားများ အတွက်အစာရေစာနှင့် လမ်း အတွက်လည်းကောင်း၊ ရွာဘုံချောင်းသည် ကျွဲ၊ နွားများ နွေရာသီရေသောက်သုံးရန်နှင့် ရွာသားများ ဟင်းသီးဟင်းရွက်၊ သားငါး၊ ပုစွန်၊ ထင်း၊ ဝါး၊ ဓနီများ ထုတ်ယူသုံးစွဲရန် အတွက် ဘုံအဖြစ်သတ်မှတ်ထားခြင်း ဖြစ်ပါကြောင်း၊ ၎င်းစားကျက်မြေနှင့် ရွာဘုံချောင်းများကို မည်သည့်ကျေးရွာအုပ်စု၊ မည်သည့်ကျေးရွာ အတွက်ဖြစ်ကြောင်း ၎င်းကျေးရွာ ရွာသားများသာ အသုံးပြုခွင့်ရှိသည်ဖြစ်ကြောင်းဖြင့် အမိန့်စာများတွင် ပေလွှာတိုင်များစိုက်ပြီး ဖော်ပြထားပါကြောင်း၊ ဖော်ပြပါ ချောင်းတွေ၊ စားကျက်မြေ များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ ထိန်းသိမ်းရန်တာဝန်ရှိ သည်ဟု ပြဋ္ဌာန်းထားသည်ကိုတွေ့ရပါကြောင်း။

စားကျက်မြေနှင့် ကျေးရွာဘုံချောင်းများကို နဝတ၊ နအဖ အစိုးရလက်ထက်တို့တွင် နည်းအမျိုးမျိုးနှင့် တရားမဝင်ရယူပြီး သဘာဝကန်နည်းစနစ်ဖြင့် ရေငန်ပုစွန်များကို မွေးမြူခဲ့ကြပါကြောင်း၊ လုပ်ငန်း စတင်စဉ် အသင့်အတင့်အောင်မြင်ခဲ့သော်လည်း ယခုအခါ သဘာဝပတ်ဝန်းကျင်ပျက်စီး လာသည့် အတွက် အကျိုးဖြစ်ထွန်းမှုမရှိ သလောက်နည်းပါးသွားပါကြောင်း၊ ကျေးရွာခြောက်ရွာမှာ ရွာပိုင်ချောင်း ၁၀ ခုနှင့် စားကျက်မြေတစ်ခု ပါရှိပါကြောင်း၊ ၎င်းစားကျက်မြေများကို ဥပဒေနည်းလမ်း များနှင့်အညီ သက်ဆိုင်ရာရွာကို မည်ကဲ့လွှဲပြောင်းပေး၍ မည်ကဲ့သို့ စီမံခန့်ခွဲပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeစစ်တွေခရိုင်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ၁၅.၉.၁၉၉၇ ရက်စွဲပါ စာအမှတ်၊၄/၄-၂/ဦး ၁ နှင့် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၊ ငပြီကျွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၈၅-ဃ)၊ ပေါ်ကျွန်းကွေ့ ရှိ မြေဧရိယာ ၂၉၀ ကို ငပြီကျွန်းနှင့် သရက်တောကျေးရွာတွင် နေထိုင်သူများအတွက် စားကျက်မြေအဖြစ် သတ်မှတ်ထားပါကြောင်း၊ ၎င်းမြေဧရိယာ ၂၉၀ ကို ၂၀၀၁-၀၂ ခုနှစ်တွင် ရခိုင် ပြည်နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်ရန် ် လုပ်ငန်းရှင် ၇ ဦးကို ၂၆၅ ဧက ၊ မြေနိမ့်ပိုင်းခြံ  ၂၅ ဧက ကို ခွင့်ပြုခဲ့ ပါကြောင်း၊အဆိုပါ ငါး၊ပုစွန်မွေးမြူရေး လုပ်ကိုင်ခွင့်ရရှိသူများမှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသကဲ့သို့ စားကျက် မြေ ပယ်ဖျက်ခွင့်လည်း တင်ပြလာခြင်း မရှိသည့်အတွက် မြေဧက ၂၉၀ သည် ယနေ့အချိန်အထိ ပြည်ထဲရေးဝန်ကြီးဌာနစာရင်းတွင် စားကျက်မြေအဖြစ် တည်ရှိနေပါကြောင်း၊၎င်းစားကျက်မြေပေါ် တွင် စစ်တွေမြို့၊ ဘောက်သီးစု ရပ်ကွက်နေ ဦးသိန်းဇံ ၊မိဇံရပ် ကွက်နေ ဦးသန်းဇော်၊ ကြွီတဲကျေးရွာ နေ ဦးဘန်ဒူနှင့် ငပြီကျွန်းကျေးရွာသားအချို့ကျူးကျော်ဝင်ရောက်  စိုက်ပျိုးလုပ်ကိုင်မှုများလုပ်ဆောင် လျက်ရှိ ပါကြောင်း၊ ပေါက်တောမြို့နယ်၊ ငပြီကျွန်း ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၈၅-ဃ) ှ မြေဧရိယာ ၂၉၀ ဧကသည် ကျေးရွာစားကျက်မြေအဖြစ် သတ်မှတ်ခွင့်ပြုခဲ့ပြီးဖြစ်သည့်အတွက် ၁၈၇၆ ခုနှစ်၊ မြေနှင့် အခွန်နည်းဥပဒေ ၆၉ အရ အဆိုပါ စားကျက်မြေ ဧရိယာ ၂၉၀ ပေါ်တွင် ကျူးကျော်လုပ်ကိုင် နေသူများကို မြေယာလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင် ရွက်နိုင်ရေး အတွက် ပေါက်တောမြို့နယ်၊ ပ်ချုပ်ရေးမှူး ဦးဆောင် သည့် စားကျက်မြေကျူးကျော်မှုများ စစ်ဆေးရေးအဖွဲ့ကို ၁၂.၉.၂၀၁၆  ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ရွာဘုံချောင်း (ရွာသားကမ်းပိုင်)များနှင့်ပတ်သက်ပြီး ၁၄.၂.၂၀၁၃ ရက်နေ့မှစ၍ ပေါက်တောမြို့နယ် ကျောက်တောင်ကျေးရွာရှိ ဇီးကိုင်းချောင်း၊ ကမ်းပိုင်ကြီးချောင်းများအား ထိန်းသိမ်းရန် အတွက် ကျေးရွာအဆင့် ရေချိုချောင်းထိန်းသိမ်းရေးကော်မတီကို အဖွဲ့ဝင် ၁၆ ဦး နှင့်ဖွဲ့စည်းပြီး လွှဲပြောင်းပေး အပ်ခဲ့ပါကြောင်းနှင့် ပေါက်တောမြို့နယ်၊ကံပြင်ကျေးရွာ၊ ငပြီတက် ကျေးရွာများရှိ ပခုတ်မချောင်း၊ စန္ဒာချောင်း၊ နော်နာချောင်း၊ မော်ဦးချောင်း၊ကွမ်းသီးပတ်ကုလား ချောင်းများကို ထိန်းသိမ်းရန် အတွက် ကျေးရွာအဆင့် ရေချိုချောင်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းပြီး စည်းကမ်းချက်များ ချမှတ်၍ လွှဲပြောင်း ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

ပေါက်တောမြို့နယ်၊ တောင်ပုက္ကေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ ယင်ကြီးပေါက်ချောင်းနှင့် ဗျိုင်းကျွန်းချောင်း (အရပ်ခေါ် ခေါင်းတင်ချောင်း)တို့ကိုလည်း ရေချိုချောင်းအဖြစ် ထားရှိရေးအတွက် ရေချိုချောင်း ထိန်းသိမ်းရေးကော်မတီကို အဖွဲ့ဝင်၁၃ဦးနှင့် ဖွဲ့စည်းအပ်နှံထားရှိ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ပေါက်တောမြို့နယ်၊ တောင်းဖူးကျေးရွာရှိ တောင်းဖူးချောင်း (ရွာသားကမ်းပိုင်) ၊ ရွာဘုံမြေ လွတ်မြေရိုင်း (ရွာဘုံချောင်း) အဖြစ် ထားရှိရန်  မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲမှုကော်မတီမှ ၂၀.၉. ၂၀၁၄ ရက်နေ့တွင် ကျေးရွာမြေ အသုံးချမှုစီမံခန့်ခွဲရေးကော်မတီသို့ ရွာဘုံမြေလွတ်မြေရိုင်းမြေ အဖြစ်ထားရှိသွားရန် အကြောင်းကြား ဆောင် ရွက်ထားပြီးဖြစ် ပါကြောင်း၊ ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ်၊ ငပြီကျွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၈၅-ဃ) မှ စားကျက် မြေဧရိယာ ၂၉၀ ပေါ်တွင် လက်ရှိ ကျူးကျော်ဝင်ရောက်လုပ်ကိုင်နေသူများကို မြေယာဥပဒေ လုပ်ထုံး လုပ်နည်းနှင့် အညီ အရေးယူရန်အတွက် သက်ဆိုင်ရာပြည်နယ်အစိုးရမှ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ရွာဘုံချောင်း (ရွာသားကမ်းပိုင်)များကို အများပြည်သူအသုံးပြုရေးအတွက် သက်ဆိုင်ရာကျေးရွာ အုပ်စု၊ ကျေးရွာ များသို့ ပြန်လည်လွှဲပြောင်းပေးအပ်ထားပြီး ဒေသခံတောင်သူများ ဖွဲ့စည်းထားသော ကျေးရွာအဆင့် ထိန်းသိမ်းရေးကော်မတီများမှ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။