(င) - လားရှိုးမြို့မှစွန့်ပစ်အမှိုက်ပုံကိုကျန်းမာရေးနှင့် ညီညွတ်သည့်နည်းစနစ်ဖြင့်စွန့်ပစ်ရှင်းလင်းပေးမည့် အစီအစဉ်အားသိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၆) ရက်မြောက်နေ့ (၆.၁၀.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

dr sai m khamရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လူဦးရေတိုးတက် များပြားလာသည်နှင့်အမျှ နေ့စဉ် စွန့်ထုတ်သည့် အမှိုက်များ ပိုမိုများပြားလာပါကြောင်း၊လူနေအိမ်များ၊စားသောက်ဆိုင်ခန်းများ၊ စည်ပင်သာယာ ဈေးကြီး/ဈေးငယ်၊ ဆေးရုံစသည်တို့မှ ထွက်ရှိသည့် အမှိုက်များ စုပေါင်းလိုက်မည်ဆိုပါက နေ့စဉ် တန်ချိန် ပေါင်းများစွာ စွန့်ထုတ်နေသည်ကို သိရှိရပါကြောင်း၊ ထိုသို့ ထွက်ရှိ လာသည့် အမှိုက်များ ကို သက်ဆိုင်ရာဌာနများမှ ယာဉ်အမျိုးမျိုးနှင့် သယ်ဆောင်ပြီး လားရှိုး-နမ္မတူကားလမ်းဘေးတွင် စုပုံပစ်ထားပြီး သာမန်မီးရှို့သည့် နည်းစနစ်ဖြင့် ရှင်းနေ သည်ကို တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ မီးရှို့သည့် အတွက် ၂၄ နာရီထွက်ရှိလာသည့် မီးခိုးလုံးကြီးများ၊အမှိုက်ပုံမှ ထွက်ရှိလာသည့် အပုတ်နံ့များ၊ အမှိုက်ပုံနားရှိ ခြင်များ၊ ယင်များ၊ ကြွက်များက အနီးအနား ကျေးရွာရှိ ပြည်သူလူထုများကို ဒုက္ခပေးခြင်းများရှိပါကြောင်း၊ ထို့အပြင် လမ်းမကြီးပေါ်တွင် ချထားခြင်းဖြစ်သည့်အတွက် နေ့စဉ်နှင့်အမျှ ဖြတ်သွားဖြတ်လာ ခရီးသည်များ အတွက်လည်း ၎င်းအမှိုက်ပုံကြီးက မသတီစရာကြီးဖြစ်နေရပါကြောင်း၊ လားရှိုးမြို့၏ သန့်ရှင်းသာယာ လှပရေးကို မထိခိုက်စေရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး၊ ပြည်သူ လူထု၏ ကျန်းမာရေးကို မထိခိုက်စေရေးတို့အတွက် အဆိုပါအမှိုက်ပုံကြီးကို အခြားသင့်တော်သည့်နေရာ၊သင့်တော်သည့် နည်းလမ်းနှင့် စွန့်ပစ်ရှင်းလင်းပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeလားရှိုးမြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်၊ အိမ်ခြေ ၂၅၀၀၀ ခန့်မှထွက်ရှိသောအမှိုက်များကို လားရှိုးမြို့ နှင့်အလှမ်းဝေးကွာပြီး ၊ နားကွမ်းလုံကျေးရွာအုပ်စု၊ ဦးပိုင်အမှတ်(၄)၊ လားရှိုး-နမ္မတူကားလမ်းဘေး လျှိုမြောင်အတွင်းကျရောက်နေသည့် မြေလွတ်၊ မြေရိုင်းဧက ၂၃ ဧကကို အမှိုက်စွန့်ပစ်မြေနေရာအဖြစ်  လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနက ၁၉၉၉ ခုနှစ်ကစပြီး ယနေ့အချိန်ထိ အသုံးပြုလျက်ရှိပါကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် လားရှိုးမြို့၏ အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၄-၇-၂၀၁၃ ရက်နေ့မှစပြီး မြို့ဂုဏ်ဆောင်(လားရှိုး)ဝန်ဆောင်မှု ကုမ္ပဏီနှင့် လားရှိုးမြို့နယ် စည်ပင်သာယာရေးကော်မတီတို့သည် လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆို ဆောင်ရွက်ခဲ့သည့် အခါတွင် ကုမ္ပဏီအနေဖြင့် မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်မှနေ့စဉ် ထွက်ရှိသည့် အမှိုက်တန် ၉၀ မှ ၁၀၀ ခန့်အထိကို သိမ်းဆည်းခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ထို့အပြင်  အမှိုက်ကျင်းမြေနေရာ စနစ်တကျဖြစ်စေရေး၊ သန့်ရှင်းသပ်ရပ်စေရေးအတွက် မော်တော်ယာဉ်သွား လမ်းများ ပြင်ဆင်ဖောက်လုပ်ခြင်း၊ ယာဉ်များဖြင့်ရှင်းလင်းခြင်း၊ သွပ်ပြားများဖြင့်ကာရံခြင်းတို့ကိုလည်း  အခါအားလျော်စွာ ကုမ္ပဏီနှင့်ဌာန တို့က ပူးပေါင်းထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

လားရှိုးမြို့ပေါ်ရပ်ကွက်များမှ ထွက်ရှိသည့်အမှိုက်များကို ကျန်းမာရေးနှင့်ညီညွတ်သော နည်းစနစ်ဖြင့် စွန့်ပစ်ရှင်းလင်းနိုင်ရေး ကိစ္စနှင့်ပတ်သက်ပြီး လက်ရှိမြို့နယ် စည်ပင် သာယာရေး ကော်မတီအနေဖြင့် ရရှိသည့် ဝင်ငွေအပေါ် လျာထားသုံးစွဲနိုင်မှုမရှိသေးသော်လည်း နေရောင်ခြည်သုံး ဆိုလာလျှပ်စစ်ပါဝါ လုပ်ငန်းများ၊ စွန့်ပစ်ရေဆိုးများ၊ စွန့်ပစ်အမှိုက်များမှ လျှပ်စစ် ပါဝါ ထုတ်လုပ်သည့်လုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိသည့် Shwe Pygi San Co.,Ltd မှ ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် ၁၀-၆-၂၀၁၅ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြခဲ့ပါကြောင်း၊ထိုသို့တင်ပြခဲ့သည့် အပေါ်တွင် အသေးစိတ် စိစစ်ဆွေးနွေးနိုင်ရန်အတွက် စွန့်ပစ်အမှိုက်မှမီးရှို့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းကို  ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူးက ၁၃-၁၁-၂၀၁၅ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအင်ဂျင်နီယာမှူးကြီးမှ ၂၃-၁၁-၂၀၁၅ ခုနှစ် ရက်နေ့တွင်လည်းကောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီသို့ သွားရောက်လေ့လာခဲ့ပြီး ထုတ်ယူနိုင်မည့် စံနှုန်းတစ်ခုကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း၊ တောင်ကြီးမြို့တွင်လည်း အလားတူအမှိုက်မီးရှို့စက် တည်ဆောက်မည် ဆိုပါက  တန် ၆၀ စက်ရုံ အသေးတစ်ခု တည်ဆောက် သင့်ကြောင်း ကိုလည်း လေ့လာတွေ့ရှိခဲ့ပါကြောင်း။

တောင်ကြီးမြို့၏အခြေအနေအရ စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဒီဇယ် ထုတ်လုပ်ခြင်းလုပ်ငန်းများကို Shwe Pygi San Co.,Ltd မှ ဆောင်ရွက်ခွင့်တင်ပြရာတွင် ဌာနအမည်ပေါက်ရန်အတွက် ဂရန်ရရှိရန်လိုအပ်ပါကြောင်း ကုမ္ပဏီကတင်ပြခဲ့သည့်အတွက်  လက်ရှိတွင် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့်  အမှိုက်စွန့်ပစ်နေရာအတွက် ဂရန်ရရှိရေး ကိုလည်း ဆောင်ရွက်လျက် ရှိသေးသည့် အတွက် ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ကိုလည်း သိရှိရပါကြောင်း၊အလားတူ လားရှိုးမြို့အနေဖြင့်လည်း အမှိုက်များစွန့်ပစ်လျက်ရှိသောမြေနေရာ ၂၃ ဧက သည် မြေလွတ်၊ မြေလပ်၊ မြေရိုင်း အမျိုးအစားဖြစ်သည့်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီကို လုပ်ထုံး၊ လုပ်နည်းနှင့်အညီတင်ပြပြီး ခွင့်ပြုချက်ရရှိရေးကိုလည်း ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ကြီးကြပ် မှုနှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို အစိုးရအဖွဲ့၏ ညှိနှိုင်းဖြေကြားချက်အရ သိရှိရပါကြောင်း၊ ခွင့်ပြုချက်ရရှိပြီးပါက စွန့်ပစ်အမှိုက်များကို ကျန်းမာရေးနှင့် ညီညွတ်သည့်နည်းစနစ်ဖြင့် စွန့်ပစ်ရှင်းလင်းနိုင်ရေး၊  စွန့်ပစ်အမှိုက်မှ လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဒီဇယ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို လားရှိုးမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက် လိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင်‌့ ညှိနှိုင်းဆွေးနွေးပြီး ဆောင် ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ညှိနှိုင်းဖြေကြားချက်အရ ပြန်လည်ရှင်းလင်းဖြေကြားပါသည်။ 

ဒေါက်တာစိုင်းမောက်ခမ်း (လားရှိုး)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အဆိုပါအမှိုက်ပုံကြီးအား သပ်သပ်ရပ်ရပ်ဖြစ်ရန် မည်ကဲ့သို့ စီမံပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်း ဖြင့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

ထပ်ဆင့်မေးခွန်းနှင့်ပတ်သက်ပြီး မူလဖြေကြားချက်ထဲတွင်ပါရှိသည့်အတိုင်း အမှိုက်သိမ်းဆည်းရေး ကိစ္စနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်နှင့် မြို့နယ်ဂုဏ်ဆောင် (လားရှိုး) ဝန်ဆောင်မှု ကုမ္ပဏီ လားရှိုးမြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုဆောင်ရွက် ခဲ့သည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စာချုပ်ပါစည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ လိုအပ်သည့် စစ်ဆေးကြပ်မတ် မှုများနှင့် စာချုပ်ပါစည်းကမ်းများ ဖောက်ဖျက်ပါက လိုအပ်သည့် စာချုပ်ပါ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း ဆက်လက်ကြပ်မတ်နိုင်ရေးကို သက်ဆိုင်ရာ ပြည်နယ်အစိုးရမှ တစ်ဆင့် သက်ဆိုင်ရာပြည်နယ်အစိုးရမှတစ်ဆင့် သက်ဆိုင်ရာ စည်ပင်သာယာရေး အဖွဲ့သို့ လမ်းညွှန်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။