(ဃ)-ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန များ အနေဖြင့် မြန်မာ့ရိုးရာ ပွဲတော်များ၊ နိုင်ငံတော် အထိမ်းအမှတ် အခမ်းအနားပွဲများနှင့် ဒေသတွင်း အားကစားပြိုင်ပွဲတို့အတွက်သီးသန့်ရန်ပုံငွေတစ်ရပ် ကျင်းပဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၆) ရက်မြောက်နေ့ (၆.၁၀.၂၀၁၆)
မေးခွန်း အကြောင်းအရာ 

a zin lattခရိုင်နဲ့မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု ပွဲတော်များ ကျင်းပပြုလုပ်ရာတွင်ဖြစ်စေ၊ နိုင်ငံတော်အထိမ်းအမှတ် အခမ်းအနားပွဲများဖြစ်သည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ မြန်မာနိုင်ငံအမျိုးသမီးများနေ့ စသည့်အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင်ဖြစ်စေ၊ မိမိတို့ဒေသအတွင်း ယဉ်ပြိုင်ကျင်းပသည့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊စစ်တုရင်စသည့် အားကစားပြိုင်ပွဲများ ကျင်းပရာတွင်ဖြစ်စေ၊မိမိတို့ဒေသအတွင်း အခါအားလျော်စွာ ကျင်းပပြုလုပ်သည့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ရာ တွင်ဖြစ်စေ ဆောင်ရွက် သည့် အခါ ငွေကြေး အများအပြားကို သုံးစွဲပြီး ဆောင်ရွက်ကျင်းပပေးရပါကြောင်း၊ ယခုလို ကျင်းပသည့်အခါတွင် ခရိုင်၊ မြို့နယ် အ‌ထွေထွေအုပ်ချုပ် ရေးဦးစီးဌာနများသည် မိမိ၏ မိခင်ဝန်ကြီး ဌာနဖြစ် သည့် ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုချထားပေးသည့် သီးသန့်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးရခြင်း မဟုတ်ပါကြောင်း၊ ဝန်ကြီးဌာနလက်အောက်တွင်ရှိနေသည့် ခရိုင်/မြို့နယ်အဆင့် ဌာနများ ၏ ဒေသ အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများဆီမှ အလှူငွေ၊အချိုးကျပါဝင် ထည့်ဝင်စေခြင်းဖြစ်စေ၊ ဒေသတွင်းရှိသည့်  စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေကောက်ခံ ထည့် ဝင်စေခြင်းဖြင့် ဆောင်ရွက်နေခြင်းကို ကြားသိရပါကြောင်း၊ယခုကဲ့သို့ လွဲမှားသည့် လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်နေကြရသည့် ဌာနဆိုင်ရာဝန်ထမ်းများမှာ ဝန်ထုပ် ဝန်ပိုး များ ဖြစ်သကဲ့သို့ အဂတိတရား မကင်းစင်နိုင်ဖွယ်ရာ အခြေအနေများကိုလည်း ဖန်တီးပေးထားသကဲ့သို့ ဖြစ်နေပါကြောင်း၊ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် ယခုလို အဂတိ လိုက်စားမှု များ လျော့ပါးအောင် ကြိုးစား နေသည့်အခါတွင် ၎င်း အထိမ်းအမှတ်အခမ်းအနားပွဲနှင့် ပွဲလမ်းသဘင်များအတွက် သုံးစွဲရသည့် ငွေကြေးများကို နည်းမှန်လမ်းမှန်အဖြစ် ရရှိမှသာ သုံးစွဲကျင်းပရန် ပိုမိုသင့်တော်ကောင်း မွန်မည်ဟု ယုံကြည်မိပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၅)၊ ပုဒ်မ ၂၂၄ တွင် ဖော်ပြထားသည်မှာလည်း ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနများ လက်အောက်ရှိ အစိုးရထံ၌ အစိုးရ အဖွဲ့အစည်းများက လုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း၊တည်ဆဲ ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဖြစ်စေရန် လည်းကောင်း၊စီမံခန့်ခွဲခြင်း၊လမ်းညွှန်ခြင်း၊ကြီးကြပ်ခြင်း၊စစ်ဆေးခြင်း ပြုရမည်ဟူ၍လည်း ပါရှိပါကြောင်း၊ မိမိမေးလိုသည်မှာ ခရိုင်၊ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများအနေဖြင့် မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီ ပွဲတော်များ၊ နိုင်ငံတော်အထိမ်း အမှတ်အခမ်းအနားပွဲများနှင့် ဒေသအတွင်းအားကစား ပြိုင်ပွဲများ အစရှိသည်တို့ကို ဒေသရှိဌာနဆိုင်ရာများကို ခွဲတမ်းချအလှူခံခြင်းနှင့် ဒေသရှိစီးပွားရေး လုပ်ငန်းရှင်များအား အလှူငွေကောက်ခံပြီး ကျင်းပပြုလုပ်နေခြင်းများကို ရပ်ဆိုင်း၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီးမှ ကျင်းပဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိသေးပါကလည်း အခြားမည်သည်‌့ အစီအမံများနှင့် ဆက်လက်ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeနေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့ကဖြစ်စေ၊ ယင်းတို့၏တာဝန်ပေးချက်အရ အစိုးရဌာန၊အဖွဲ့အစည်းများကဖြစ်စေ ဦးစီးကျင်းပသည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များ၊သရုပ်ဖော်ပြပွဲများ၊ ပြိုင်ပွဲများနှင့် အခြားဖျော်ဖြေပွဲများကို ကျင်းပခြင်းဖြစ်ပါက နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့က သတ်မှတ်ထားသည့် စည်းကမ်းများနှင့် ညီညွတ်စေရန် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက ကြပ်မတ်ထိန်းသိမ်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ပါကြောင်း၊ အဆိုပါဒေသအလိုက် မြို့နယ်ခရိုင်များမှ ကျင်းပပြုလုပ်လျက်ရှိသည့် ပွဲလမ်းသဘင်အခမ်းအနားများသည် ပြည်ထဲရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာမြို့နယ်/ခရိုင်များသို့ တိုက်ရိုက်တာဝန်ပေး စေခိုင်းခြင်းများမရှိပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများ၏ နှစ်စဉ်ဘဏ္ဍာရန်ပုံငွေစာရင်းကိုလည်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ရန်ပုံငွေစာရင်းထဲတွင် ထည့်သွင်းတောင်းခံမှုမရှိဘဲ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ နှစ်စဉ်ဘဏ္ဍာရန်ပုံငွေ စာရင်းမှသာ တင်ပြခွင့်ပြုချက်ရယူ သုံးစွဲလျက်ရှိပါကြောင်း၊ သာမန် အသုံးစရိတ်များ ကို အောက်ဖော်ပြပါ သတ်မှတ်ထားသည့် ငွေစာရင်းခေါင်းစဉ်များအတိုင်းလည်း ကျခံသုံးစွဲလျက်ရှိပါကြောင်း၊(က) လစာ၊ စရိတ်ချီးမြှင့်ငွေ၊ (ခ) ခရီးသွားလာစရိတ်၊ (ဂ) ပစ္စည်း များလုပ် အားနှင့် ဆောင်ရွက်ပေးမှုအတွက် ကုန်ကျစရိတ်၊ ပြင်ဆင်ထိန်းသိမ်းစရိတ်များ၊ (င) လွှဲပြောင်း သုံးစွဲငွေ၊ (စ) ဧည့်ခံကျွေမွေးစရိတ်တို့ဖြစ်ပါကြောင်း၊  ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန များ အနေဖြင့် မြန်မာ့ရိုးရာဆယ့်နှစ်လ ရာသီပွဲတော်များ၊ နိုင်ငံတော်အထိမ်းအမှတ် အခမ်းအနားပွဲများနှင့် ဒေသတွင်းအားကစားပြိုင်ပွဲများ အစရှိသည့်ပွဲများကို သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်း ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့်အတူ ကြပ်မတ် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများကို အဆိုပါ ပွဲလမ်းသဘင်များ ကျင်းပနိုင်ရေးအတွက် တာဝန် ပေးအပ်မှုမရှိသကဲ့သို့ ဒေသဆိုင်ရာများကိုလည်း ခွဲတမ်းချခြင်း၊  ဒေသခံစီးပွားရေးလုပ်ငန်းရှင်များကို အလှူငွေကောက်ခံခြင်းတို့အား လုပ်ဆောင်ခွင့်ပြုထားခြင်းများ မရှိပါကြောင်း၊ 

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် ရန်ပုံငွေများကိုအောက်ပါ ခေါင်းစဉ်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊(က) ပြပွဲနှင့်ဘွဲ့နှင်း သဘင်ကုန်ကျစရိတ် (ခ) နေ့ကြီးရက်ပြီးများကျင်းပရေး (ဂ) ပညာပေးသင်တန်း (ဃ) လက်ဆောင်ပေးခြင်းနှင့် အလှူဒါန (င) ဧည့်ခံစရိတ်တို့ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများအနေဖြင့်  မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ၊ နိုင်ငံတော်အထိမ်းအမှတ် အခမ်းအနားပွဲများနှင့် ဒေသတွင်း အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး အ တွက် ပြည်ထဲရေး ဝန်ကြီးဌာနမှ သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ကျင်းပဆောင်ရွက်ရန် အစီအစဉ်မရှိပါကြောင်းနှင့် အဆိုပါအခမ်းအနားကျင်းပနိုင်ရေး အတွက် ကုန်ကျစရိတ်များကို  သက်ဆိုင်ရာတိုင်းဒေသကြီး /ပြည်နယ် အစိုးရအဖွဲ့များမှ သက်ဆိုင်ရာ ငွေစာရင်း ခေါင်းစဉ်များအလိုက် ရေးဆွဲဆောင်ရွက်သည့် လုပ်ငန်းများဖြစ်သည့်အတွက် အချို့သော တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှလည်း ငွေစာရင်းခေါင်းစဉ် များ ရေးဆွဲဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။    

ဒေါက်တာဒေါ်အေဇင်လတ် (ရွှေဘိုမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီးဖြေသွားသည့်အထဲတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနက ယခုလိုမျိုးခွဲတမ်းချပြီး ကောက်ခံတာမျိုးမရှိပါကြောင်း၊ ခိုင်းစေထားခြင်းလည်းမရှိပါကြောင်းကို ဖြေသွားသည့် ကွဲလွဲချက်အပေါ် မိမိတို့ကလည်း အကောင်းဘက်ကို သွားချင်သည့် အတွက်ကြောင့် ဝန်ထမ်းများတွင် ခွဲတမ်းချအလှူခံခြင်း မျိုးလုပ်ခဲ့သည်ဖြစ်စေ၊ ပြည်သူများဆီမှ အလှူခံပြီးကျင်းပခြင်းမျိုးဖြစ်ခဲ့သည်ဖြစ်စေ ဝန်ကြီးဌာနအနေဖြင့် ထိရောက်သည့် အရေးယူမှု များ ပြုလုပ်ပေး ရန်အတွက်လည်း အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအသီးသီးကိုမေးသကဲ့သို့ သက်ဆိုင်ရာအထွေထွေ အုပ်ချုပ်ရေးဌာနစုရှိသည့်  မြို့နယ်အဆင့်၊ ခရိုင်အဆင့်များကိုလည်း မိမိတို့မေးမြန်းခဲ့သည်မှာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေသည့်တိုင်း စုစုပေါင်း (၅) ခုနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ ဘတ်ဂျက်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖြေကြားထားသည့် ညှိနှိုင်းဖြေကြားချက်ပို့ထားသည်မှာလည်း (၅) ခုရှိပါကြောင်း၊တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ ဘတ်ဂျက်အပြင် စေတနာရှင်များ၏ ထည်‌့ဝင်လှူတန်းငွေများနေဖြင့်လည်းလက်ခံပြီး ရိုးရာပွဲလမ်း သဘင်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကိုလည်း ဆောင်ရွှက်သွားမည်ဟု တင်ပြထားသည့် တိုင်းဒေသကြီးများလည်း တွေ့ရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက တင်ပြခဲ့သလို အထွေထွေအုပ်ချုပ်ရေးစု ဌာန၏ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ နယ်မြေများ တွင်ရှိသည့် အထွေထွေအုပ်ချုပ်ရေးစုဌာန ဝန်ထမ်းများ၏ လစာစာရိတ်အပါအဝင် ဘတ်ဂျက်ရန်ပုံငွေစာရင်း အားလုံးကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများဆီက တင်ပြတောင်းခံသုံးစွဲခြင်း ဖြစ်သည့်အတွက် ရန်ပုံငွေထူထောင်မှု မရှိပါကြောင်း ထို့ကြောင့် သက်ဆိုင်ရာမြို့နယ်/ခရိုငများရှိ ပွဲလမ်းသဘင်များကို အကြောင်းပြပြီး မသမာသည့်ငွေပေးငွေယူမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်လာမည်ဆိုပါက ဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများနှင့်၊လိုအပ်သည့်အရေးယူ ဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။