(ခ)-၁၉၇၂ခုနှစ်ကလူထုလုပ်အားဖြင့်ဖော်ထုတ်ခဲ့သော ငါးမွေးကန်နှင့်လယ်ကွက် ကိုဒေသခံအာဏာပိုင်အ ဆက်ဆက်တို့က သိမ်းယူခဲ့ပြီး သီးစားချထားပိုင်ခွင့် ရှိပါ သလား၊ မူရင်း မူလပိုင်ရှင်များထံ ပြန်လည်စွန့် လွှတ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၆) ရက်မြောက်နေ့ (၆.၁၀.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

sai oo khamသိန္နီမြို့၊အမှတ် (၂) ရပ်ကွက်၊ကြာကန်ကြီး ဘေးအနီး ယခင်မြေလွတ်၊မြေရိုင်းနေရာကို ၁၉၇၂ ခုနှစ်တွင် ကိုယ်ထူကိုယ်ထ လူထုလုပ်အားနှင့် ရပ်ကွက်ပိုင်လယ်မြေအဖြစ် စတင်ဖော်ထုတ်ခဲ့ ပါကြောင်း၊ ပြည်သူ့ကောင်စီခေတ်၊ ကောင်စီဥက္ကဋ္ဌ ဦးစိုင်းထွန်းလတ်မှ ၁၉၈၀ ခုနှစ်တွင် လယ်ကိုသိမ်းယူခဲ့ပါကြောင်း၊ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဌာနက ဦးဇာမောင်ကို ပြန်လည်လွှဲပြောင်း လုပ်ကိုင်စေခဲ့သည့်အတွက် လယ်မှထွက်ရှိသည့် စပါးကို ဘုန်းတော်ကြီးကျောင်းအတွက် လှူဒါန်းခြင်းမရှိတော့ပါကြောင်း၊ နောက်ပိုင်းတွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဦးလှအောင်ထွေးအား ထပ်မံ လွှဲပြောင်းပေးပြီး (၄) နှစ်ကြာအောင် လုပ်ကိုင်စေခဲ့ပါကြောင်း၊၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် မြို့နယ်ရုံးမှ  ၎င်းအများ ပိုင်လယ်မြေဧက ၁.၅၀ ကို အပြီးအပိုင်သိမ်းယူပြီး လယ်မြေပိုင်ရန် ဦးပိုင်အမှတ် (၆/၁၃)၊ ကွင်းအမှတ်၊ မြို့အကွက်၊ ကျူးကိုပါ လုပ်ထားပြီးဖြစ်ပါကြောင်း၊ ၎င်း လယ်ကွက်ကို သိန္နီမြို့၊ (၄) ရပ်ကွက်နေထိုင်သူ ဦးဧထွန်း၊ ၁၃/သနန(နိုင်) ၀၀၃၄၁၆ အား သီးစားတစ်နှစ်လျှင် စပါးတင်း ၄၀ ဖြင့် ငှားရမ်းလုပ်ကိုင်စေပါကြောင်း၊ လက်ရှိလယ်ကွက်သည် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနပိုင်အမည်ပေါက် ဖြစ်နေပါကြောင်း၊ အမှတ်(၂) ရပ်ကွက်လူထု၏ ပြန်လည်တောင်းဆိုမှုကြောင့် ၂၀၁၄ ခုနှစ်မှစပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်မှ မိမိတို့ရရှိသည့် တစ်နှစ်သီးစားခစပါးတင်း ၄၀ ၏ ထက်ဝက်အဖြစ် တင်း ၂၀ ကို ရပ်ကွက်ပြည်သူလူထုထံ  ပြန်လည်ခွဲဝေပေးခဲ့ပါကြောင်း၊ ယခု ၂၀၁၆ ခုနှစ်အထိစုစုပေါင်း စပါးတင်း ၆၀ ကို ပြန်လည်ရရှိခဲ့ပါကြောင်း၊ရပ်ကွက် (၂) လူထု ပိုင်ဆိုင်ခဲ့သည့် လယ်မြေ၊ ငါးကန်အပါအဝင် ၁.၅၀ ဧကကို ပြန်လည်ရရှိရေးအတွက် တင်ပြစာနှင့်အတူ ပြည်သူ ၂၀၉ ဦးက လက်မှတ်ရေး ထိုးပြီး တောင်းဆိုထားသော မှတ်တမ်းကိုပါ တင်ပြထားပါကြောင်း၊ သို့ဖြစ်ပါ၍ ၁၉၇၂ ခုနှစ်ကတည်းက လူထုအားဖြင့် ဖော်ထုတ်ခဲ့သည့် လယ်ကွက်ကို ဒေသခံအာဏာပိုင် အဆက်ဆက်တို့က သိမ်းယူခဲ့ပြီး သီးစားချထားပိုင်ခွင့်ရှိ/မရှိနှင့် ၎င်းမြေကို မူလပိုင်ရှင်ထံသို့ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိ၊လွှဲပြောင်းပေးရန် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် နည်း၊ ပြန်လည်လွှဲပြောင်းပေးပါကလည်း မည်သည့်အချိန် ကာလတွင် လွှဲပြောင်းပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ် (၅) ဈေးတန်း၊ ဦးပိုင်အမှတ် (၁၃) ဧရိယာ ၁.၅၀ ဧက၊ ပေ ၁၂၀ ပတ်လည်ရှိသည့် ငါးမွေးမြူရေးကန် တစ်ကန်သည် ယခင်ကမြေလွတ် မြေရိုင်းမြေအမျိုးအစားဖြစ်ခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် အမှတ် (၂) ရပ်ကွက် ပြည်သူ့ကောင်စီဥက္ကဋ္ဌ ဦးကျေဝူးမှ အဆိုပါ မြေလွတ်မြေရိုင်းများကို ရပ်ကွက်လူထုလုပ်အားဖြင့် လယ်မြေနှင့်ငါးကန်အဖြစ် ဖော်ထုတ်ပြီး မိုးစပါးစိုက်ပျိုးခဲ့ပါကြောင်း၊ ထွက်ရှိသည့်စပါးများကို ကျောင်းဆိုင်ကျောင်းတိုက်သို့ လှူဒါန်းခဲ့ပါကြောင်‌း၊ သို့သော် ၁၉၈၆ ခုနှစ်တွင် မြို့နယ်ပြည်သူ့ကောင်စီဥက္ကဋ္ဌ ဦးစိုင်းထွန်းလှမှ အဆိုပါမြေကို မြို့နယ်စစ်မှုထမ်း ဟောင်းအဖွဲ့သို့ လုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း၊ ၁၉၉၅ ခုနှစ် မတ်လ  ၂၂ ရက်နေ့တွင် အဆိုပါ မြေနှင်‌့ငါးကန်ကို မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌဦးကျောင်ထင်ထံမှ မြို့နယ်ငြိမ်းဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလူဖေဝင်းက ဝန်ထမ်းသက်သာရန်ပုံငွေမှ ငွေကျပ် ၉၀၀၀ ဖြင်‌့ စာချုပ်ချုပ်ဆို လွှဲပြောင်းရယူခဲ့ပါကြောင်း၊ ထို့နောက် ၁၉၉၄-၁၉၉၅ ခုနှစ်မှစပြီး မြေစာရင်းဦးစီးဌာန၏ ဦးပိုင်မှတ်ပုံတင်စာရင်းတွင် သိန္နီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လယ်ယာမြေအဖြစ် စာရင်း ပေါက်ခဲ့သည်ကိုလည်း သိရှိရပါကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ၁၉၉၆ ခုနှစ်အထိ အဆိုပါ လယ်ယာမြေကို မိုးစပါးစိုက်ပျိုးခဲ့ပြီးသည့် နောက်ပိုင်းတွင် အမှတ် (၂) ရပ်ကွက်နေ ဦးစိုင်းအေးထွမ်းနှင်‌့ အကျိုးတူလုပ်ကိုင်စေခဲ့သည်မှာ ယနေ့တိုင် ဆောင်ရွက်လျက်ရှိပါကြောင်း၊

အဆိုပါမြေနှင့်ပတ်သက်ပြီး ၇-၁-၂၀၁၄ ရက်နေ့တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ တင်ပြခဲ့သည့်အပေါ် မြို့နယ်မြေ အသုံးချစီမံခန့်ခွဲရေး ကော်မတီမှစိစစ်ပြီး မြေယာအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီသို့ အဆင့်ဆင့်တင်ပြခဲ့ရာတွင် အဆိုပါ လယ်မြေနှင့်ပတ်သက်ပြီး မြို့နယ်လယ်မြေစီမံခန့်ခွဲရေးနှင့် စာရင်း ဦးစီးဌာနရုံး၏ မှတ်ပုံတင်စာရင်း မှတ်တမ်းအရ ၁၉၉၄-၁၉၉၅ ခုနှစ်မှစ၍ သိန္နီမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ လယ်ယာမြေအဖြစ်စာရင်းပေါက်နေပြီး မြေခွန်များလည်း ပေးဆောင်လျက် ရှိကြောင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မတရားသိမ်းယူခဲ့ခြင်းမျိုးလည်းမရှိပါကြောင်း၊ ဌာနအမည်ပေါက်ခြင်းလည်းမရှိပါကြောင်းနှင့် လက်ရှိဌာနမှ စိုက်ပျိုးလျက်ရှိခြင်းတို့ကြောင့် အကြောင်း အရင်းခိုင်မာမှုရှိပါသဖြင့် စွန့်လွှတ်ပေးရန်လည်း မရှိပါကြောင်း၊ ၎င်းအခြေအနေနှင့် ပတ်သက်၍ ၂၀-၁၁-၂၀၁၄ ရက်နေ့တွင် ကျောင်းဆိုင်ဘုန်းကြီးကျောင်း၏ ဂေါပကအဖွဲ့ကိုလည်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူးမှ ခေါ်ယူ အသိပေးရှင်းလင်းပြောကြားခဲ့ပါကြောင်း၊ အဆိုပါ လယ်မြေနှင့် ပတ်သက်၍ ၁၉၈၆ ခုနှစ်တွင် မြို့နယ်ကောင်စီဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့သို့ လုပ်ကိုင် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး သိမ်းယူခဲ့ခြင်း မဟုတ်ကြောင်း ၁၉၆၃ ခုနှစ် သီးစားချထားရေး နည်းဥပဒေအပိုဒ် ၁၁ အရ ကျေးရွာအုပ်ချုပ်ရေး မြေယာချထားရေးကော်မတီနှင့် မြို့နယ်မြေယာချထားရေး ကော်မတီတို့သည် သီးစားချ ထား ပေးပိုင်ခွင့် ရှိသည့် အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ပါ၍ မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အနေဖြင့် ၁၉၉၅ ခုနှစ်တွင် ဌာနသက်သာရန်ပုံငွေမှ ကာလပေါက်ဈေး တန်ဖိုးနှင့် အညီ စာချုပ်ချုပ် ဆို၍ ပြန်လည် လွှဲပြောင်းရယူခဲ့ပြီး နှစ်စဉ်မြေခွန်ပေးဆောင်ထားသည့် ဌာနအမည်ပေါက် မြေဖြစ်ခြင်း၊ ဌာနပိုင်လယ်မြေဖြစ်သော်လည်း မူလရည်ရွယ်ချက်ဖြစ်သော ကျောင်းဆိုင် ဘုန်းကြီး ကျောင်းဆွမ်း အခက်အခဲ မရှိစေရန်နှင့် နှစ်စဉ်ရရှိသော စပါးများ၏ထက်ဝက်ကို ဆက်လက်လှူဒါန်းလျက် ရှိခြင်းတို့ကြောင့် ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။