နိုင်ငံအသီးသီးတွင် အစွန်းရောက် အကြမ်းဖက် အဖွဲ့များက အကြမ်းဖက် တိုက်ခိုက်မှုများ၊ ဖောက်ခွဲမှုများကို နေ့စဉ်ကြုံတွေ့ရလျက်ရှိသည်ကို တွေ့ရပါကြောင်း၊ အစွန်းရောက် တိုက်ခိုက်များ သည် သမရိုးကျ နည်းလမ်းများနှင့် ခေတ်မီနည်းပညာများကိုလည်း အသုံးပြုပြီး ဆောင်ရွက်လာကြသည့်အတွက် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ထိခိုက်လာမည်ဖြစ်ပါကြောင်း၊ ယင်းအခြေအနေနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံအပေါ်တွင်လည်း အကြမ်းဖက်လုပ်ရပ်များအတွက် အခြိမ်းခြောက်ခံရခြင်း၊ ကြေညာခံရခြင်းများ ပြုလုပ်ခံထားရသည့် အတွက် မြန်မာနိုင်ငံအတွင်းနေ ထိုင်ကြသော ပြည်သူများ ဘေးကင်းလုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို များစွာထိခိုက်လာနိုင်သည့်အတွက် ကြိုတင်ကာကွယ်ခြင်း၊ စီမံမှုများဆောင်ရွက်ခြင်း၊ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခြင်း တို့ကို ဆောင်ရွက်ထားနိုင်ရန်အတွက် ရည်ရွယ်ပြီးမေးမြန်းရခြင်း ဖြစ်ပါကြောင်း။
ခေါင်းဆောင် RML ဇဝါဟာရီသည် ၃-၉-၂၀၁၄ ရက်နေ့တွင် ကျင်းပသော ညီလာခံတစ်ခု၌ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများကို အကြမ်းဖက်တိုက်ခိုက်မှု များပြုလုပ်ရန်အတွက် အယ်ခိုင်းနား (အိန္ဒိယအဖွဲ့ခွဲ)အား အသင့်ဖွဲ့စည်းထားပြီးဖြစ်ကြောင်းနှင့် အကြမ်း ဖက်တိုက်ခိုက်မည်ဖြစ်ကြောင်း Online Media တွင် ၅၂ မိနစ်ကြာ ပြောကြားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အိန္ဒိယနယ်စပ်ရှိ အဖွဲ့များသည် သီးခြားရပ်တည်နေသော အဖွဲ့တစ်ဖွဲ့အနေဖြင့် ဖွဲ့စည်းနိုင်ခြင်းမရှိသော်လည်း နောင်နှစ်နှစ်ခန့်တွင် တစ်ဖွဲ့တည်းဖြင့်ရပ် တည်သွားမည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ ပါကြောင်း၊ ၂၀၁၄ ခုနှစ်က ဖြစ်သည့်အတွက် ယခု ၂၀၁၆ ခုနှစ် စက်တင်ဘာလက နှစ်နှစ် ပြည့်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၃၁-၇-၂၀၁၆ ရက်နေ့တွင် စင်ကာပူနိုင်ငံထုတ် The Straight Time သတင်း စာမှာဆိုရင် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်ပွဲဆင်နွဲသင့်ကြောင်း တိုက်တွန်းမှုအပါအဝင် အစွန်းရောက်ဝါဒများ၊အွန်လိုင်းတွင်ဖြန့်ဝေရေးသားနေသူ စင်ကာပူနိုင်ငံသားမှ စင်ကာပူပြည်တွင်း လုံခြုံရေးအက်ဥပဒေနှင့် အရေးယူဖမ်းဆီးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊
နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများ၊ အဖျက်အမှောက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ရာတွင် ပစ်မှတ်အနေဖြင့် လူစည်ကားသည့် လေဆိပ်၊ ဘူတာရုံ၊ ကုန်တိုက်စသည်ဖြင့် နည်းလမ်းပေါင်းစုံဖြင့် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ လက်ရှိအခြေအနေတွင် ဒေသတွင်းအိမ်နီးချင်း နိုင်ငံအပါအဝင် အစွန်းရောက် အကြမ်းဖက်တိုက်ခိုက်မှုများ ဖောက်ခွဲရန်အတွက် စိုးရိမ်ရသည့် Security Point of View အရကြည့်မည်ဆိုလျှင် စိုးရိမ်ရသည့် အနေအထားရှိသည့်အတွက်ကြောင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများ၌ အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့နေရပါသဖြင့် မြန်မာနိုင်ငံပြည်သူများ ဘေးကင်း လုံခြုံရေး အတွက် မည်သို့စီစဉ်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
အကြမ်းဖက် တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စုလွှတ်တော်က ၄-၆-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၃) ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ကုလသမဂ္ဂ၏ ကွန်ဗင်းရှင်း ၁၂၄၀၊ ၁၃၇၃၊ ၁၄၃၈ တို့အပေါ်အခြေခံပြီး ရေးဆွဲပြဋ္ဌာန်းထားရှိခဲ့ပြီးဖြစ်ပါကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ အရ ၁၃-၁၀-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် (၁၁၉/၂၀၁၅) နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် အဖွဲ့ဝင် ၃၄ ဦး ပါသော အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ကိုလည်း ဖွဲ့စည်းထားရှိခဲ့ပါကြောင်း၊ လက်ရှိအစိုးရသစ် လက်ထက်တွင်လည်း ဝန်ကြီးဌာန များ ပြင်ဆင်ပြောင်းလဲမှုအရ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၉-၈-၂၀၁၆ ရက်နေ့ဖြင့် အမိန့်ကြော်ငြာ စာအမှတ် (၅၉/၂၀၁၆) နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် အဖွဲ့ဝင် ၃၂ ဦးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားရှိပါကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားလာပါက အမြန်ဆုံးဆောင်ရွက်နိုင်ရေးအတွက် သတင်းရဲ တပ်ဖွဲ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန (Counter Terrorism Department) ကို ၁-၁၂-၂၀၁၅ ရက်နေ့တွင် ဖွဲ့စည်းပြီး ကယ်ဆယ်ရေး၊ ချေမှုန်းရေးစသည့် လုပ်ငန်းစဉ် များ ဆောင်ရွက်နိုင်ရန်အတွက် စုဖွဲ့ပြင်ဆင်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းရှိပါကြောင်း၊ အကြမ်းဖက်မှုတိုက်ခိုက်ရေး အန္တရာယ်ကို ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့အနေဖြင့် အောက်ပါလုပ်ငန်း စဉ်များကို ပြင်ဆင်ဆောင်ရွက် ထားရှိကြောင်း၊
(၁)အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားလာပါက အမြန်ဆုံးတုံ့ပြန် ဆောင်ရွက် နိုင်ရေးအတွက် သတင်းရဲတပ်ဖွဲ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန (Counter Terrorism Department) အဖြစ် ဖွဲ့စည်းပြီး ကယ်ဆယ်ရေး၊ ချေမှုန်းရေး ဆောင်ရွက်နိုင်ရန်အတွက် စုဖွဲ့ပြင်ဆင် လေ့ကျင့်စေပြီး တာဝန်များထမ်းဆောင်စေလျက်ရှိခြင်း၊
(၂) နေပြည်တော်၊ရန်ကုန်၊ မန္တလေးတို့တွင် အရေးကြီးနေရာများအဖြစ် သတ်မှတ်ပြီး အထူးလေ့ကျင့်ပေးထားသော အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့စုများကို ဖွဲ့စည်းတာဝန်ချထားခြင်း၊
(၃) အရေးကြီး အဆောက်အအုံ၊ ဘာသာရေးအဆောက်အအုံ၊ စက်ရုံ/အလုပ်ရုံ၊တံတားများ အရေးကြီး ပုဂ္ဂိုလ်များ၏ လုံခြုံရေးဆိုင်ရာစီမံချက်များကိုလည်း အသေးစိတ်ရေးဆွဲပြီး လုံခြုံရေးတာဝန်များကို ပုံမှန် ထမ်းဆောင်စေခြင်း၊
(၄) နိုင်ငံတကာအကြမ်းဖက်မှုသတင်းများ အချိန်နှင့်တစ်ပြေးညီ ရရှိစေရေး Interpol၊ Aseanapol အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊အိမ်နီးချင်းနိုင်ငံများ၊မိတ်ဘက်အဖွဲ့အစည်းများနှင့် ချိတ်ဆက် သတင်း ဖလှယ်ခြင်းများကို အဓိကထား ဆောင်ရွက်လျက် ရှိပြီး နိုင်ငံတကာအကြမ်းဖက်မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် သတင်းဖလှယ်မှုအပါအဝင် အင်တာနက်သတင်းများ၊ သတင်းဌာနများ၏ အသံလွှင့်ချက်များမှ တစ်ဆင့် သတင်းများ စုဆောင်းတည်ဆောက်ခြင်း၊ Open Sources Media များမှ အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်သည့် သတင်းစုဆောင်း တည်ဆောက်ခြင်းများကို ပြုလုပ်ပြီး သတင်းအပေါ် စိစစ်သုံးသပ်လျက် ကြိုတင်ကာကွယ်ရေးအစီအမံများကိုလည်း အခြေအနေနှင့် လိုက်လျော ညီထွေစွာ ပြင်ဆင်ရေး ဆွဲဆောင်ရွက်လျက်ရှိခြင်း၊
(၅) အကြမ်းဖက်မှုများကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်ရန်အတွက် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်များတွင် Online စနစ်နှင့်ချိတ်ဆက်ထားသည့် အမျိုးသားအဆင့်အရေးပေါ် စီမံခန့်ခွဲရေးဗဟိုဌာနကို ၂၀၁၄ ခုနှစ်တွင် နေပြည်တော်မှာထူထောင်ထားရှိပြီး ယူရိုငွေ ၁၀ သန်း တန်ဖိုးရှိသည့် သတင်းနည်းပညာ သုံးအဆင့်မြင့် စက်ကိရိယာ အထောက်အကူပစ္စည်းများကို တပ်ဆင်အသုံးပြုဆောင်ရွက် လျက်ရှိခြင်း၊
(၆) အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက စီမံခန့်ခွဲနိုင်ရန်အတွက် အမျိုးသားဆင့် အရေးပေါ်စီမံခန့်ခွဲမှု ဗဟိုကော်မတီကို ဒုတိယသမ္မတမှ ဥက္ကဋ္ဌအဖြစ်ပါဝင် ဖွဲ့စည်းပြီး လုပ်ငန်းကော်မတီကို ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်နယ်/တိုင်းဒေသ ကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ကော်မတီ အသီးသီးကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိခြင်းနှင့်
(၇) နိုင်ငံတော်အနေနှင့် အကြမ်းဖက်မှုအခြေအနေများနှင့် ကြုံတွေ့လာပါက အမြန်ဆုံးတုံ့ပြန် နိုင်ရေးအတွက် တွေ့ကြုံရနိုင်သည့်အခြေအနေများကို မျှော်မှန်းပြီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားလာပါက ဆောင်ရွက်မည့်စီမံချက်၊ ဓာတုဗေဒလက်နက်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားပါက ဆောင်ရွက်မည့်စီမံချက်၊ လက်နက်ကိုင်စွဲ ပစ်ခတ်မှုဖြစ်ပွားပါက ဆောင်ရွက်မည့်စီမံချက်၊ ဓားစာခံဖမ်းဆီးရမိမှုဖြစ်ပွားပါက ဆောင်ရွက်မည့်စီမံချက်နှင့် လူထုအမြောက်အမြား ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားပါက ဆောင်ရွက်မည့် စီမံချက်များကို ရေးဆွဲလေ့ကျင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊
(၈) အကြမ်းဖက်မှုလုပ်ရပ်များ၏ အရင်းအမြစ်ဖြစ်သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး လုပ်ငန်းများကို လည်း ဆောင်ရွက်နိုင်ရန်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေပြဋ္ဌာန်းခြင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း၊ ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်လည်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ သတင်းအချက်အလက်ဖလှယ်ရေး လုပ်ငန်းများကိုလည်း ပူးပေါင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊
(၉) Interpol၊ Aseanapol နှင့် မိတ်ဘက်အဖွဲ့အစည်းများမှ ပေးပို့ထားသည့် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များစာရင်းကို မှတ်တမ်းထားရှိခြင်း၊ နိုင်ငံခြားတိုက်ခိုက်ရေး သမားများ FDF နှင့် အကြမ်းဖက်အဖွဲ့ဝင်များ၏ အမည်စာရင်း (Black List) စာရင်းရေးသွင်းခြင်း၊ အကြမ်းဖက်သမားများအဖြစ် သံသယဖြစ်ဖွယ်ရှိသူများကို စောင့်ကြည့်စာရင်း (Watch List) များ ရေးသွင်းပြီး စောင့်ကြည့်ခြင်း များ ပြုလုပ် လျက်ရှိပါကြောင်း၊
(၁၀) အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ပေါက်များတွင် လုံခြုံမှုရှိစေရေးအတွက် Mind Device, Find Device များတပ်ဆင်ပြီး ခရီးသွားများကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ Interpol နှင့် ချိတ် ဆက်ပြီး စောင့်ကြည့်စစ်ဆေးလျက်ရှိပါကြောင်း၊အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဒေသများတွင် နိုင်ငံအလိုက် နယ်စပ်ဆက်ဆံရုံး BLO(Border Liaison Office) များကို ထားရှိပြီး နယ်စပ်ဝင် /ထွက်မှု များကို သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းစစ်ဆေး စောင့်ကြည့်ခြင်း၊ သတင်းဖလှယ်ခြင်း၊ နယ်စပ်ဒေသလုံခြုံရေးပူးပေါင်းဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
(၁၁) အကြမ်းဖက်သမားများကို စောင့်ကြည့်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင်ရှိသည့် အရေးကြီးနေရာများတွင် CCTV ကင်မရာများတပ်ဆင်၍ Police Command Centre များမှ စောင့်ကြည့်ကြပ်မတ် စစ်ဆေးလျက်ရှိပါကြောင်း၊ ထို့အပြင် ရန်ကုန်မြို့အတွင်းတွင်လည်း CCTV ကင်မရာများကို တပ်ဆင်ပြီး Command Centre များ ဖွင့်လှစ်ပြီး လုံခြုံရေး ဆိုင်ရာ စောင့်ကြပ်ကြည့်ရှုမှုများ ပြုလုပ်နိုင်ရေးလည်း စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊
(၁၂) အကြမ်းဖက်သမားများ မိမိနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည်ဟူသောသတင်း ရရှိပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပြီး နောက်ယောင်ခံခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း များအပြင် သက်ဆိုင်ရာနယ်မြေအလိုက် သတင်းအဆက်မပြတ်ရရှိစေရေး အလေးထား စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊
(၁၃) ယင်းသို့စောင့်ကြည့်စစ်ဆေးရာတွင်ရရှိသည့် သတင်းအချက်အလက်များပေါ် မူတည်၍ ပြည်တွင်း/ပြည်ပ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှုအန္တရာယ်နှင့် ပတ်သက်သော နိုင်ငံတကာ သတ်မှတ်ချက် စံနှုန်းများနှင့်အညီ သာမန်အခြေအနေအဆင့်(၅) အစိမ်းရောင်အဆင့်မှ အဆိုးဆုံးအခြေအနေအဆင့်(၁) အနီရောင်အဆင့်ထိ အဆင့်ငါးဆင့်ကိုလည်း သတ်မှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊
(၁၄) အကြမ်းဖက်သမားများ၏ အဆင့်အတန်းအခြေအနေကိုလည်း အဆင့်(၁) အလို ရှိသော အနီရောင်အဆင့်မှ အဆင့်(၅) မှုခင်းမှတ်တမ်းရှိသူ အစိမ်းရောင်များအဖြစ်လည်း သတ်မှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထို့အပြင် ပြည်ပနိုင်ငံများ၏ အစီအစဉ်ဖြင့်ဖွင့်လှစ်သည့် အကြမ်းဖက်တိုက်ခိုက်ရေးဆိုင်ရာ သင်တန်းပေါင်း ၂၉ ခုတွင် သင်တန်းသား ၃၉၂ ဦး တက်ရောက်လေ့ကျင့် သင်ကြား စေလျက်ရှိပါကြောင်း၊ မြန်မာ့တပ်မတော်မှ ဖွင့်လှစ်လျက်ရှိသည့် အထူး တပ်ဖွဲ့ဝင်သင်တန်းများသို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ တတ်ရာက်လေ့ကျင့်လျက်ရှိပြီး လိုအပ် လာပါက အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် တပ်မတော်နှင့် ပူးပေါင်းချေ မှုန်းနိုင်ရေး လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ (Counter Terrorism Committee) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းများတွင်လည်း ပါဝင်လက်မှတ် ရေးထိုးထားပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတကာ၌ ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်ဖြစ်စဉ်များ အပေါ်တွင်လည်း မျက်ခြေမပြတ်စောင့်ကြည့် လေ့လာသုံးသပ်၍ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ သတင်းကြိုတင် လက်ဦးမှုရရှိရေး၊ လုံခြုံရေးဆိုင်ရာ ကြိုတင်ဟန့်တားမှု တန်ဖိုး (Deterrent Value) ရရှိစေရေးနှင့် အချိန်တိုအတွင်း လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့အတွက် အစီအမံများရေး ဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
