မေးခွန်း အကြောင်းအရာ
နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအုပ်စုတွင် T & C ကုမ္ပဏီမှ ရော်ဘာစိုက်ပျိုးရန်အတွက် ပုံစံ (၁၀၅) ရှိပြီးသည့် မြေကွက်များအပါအဝင် ဒေသခံများစိုက်ပျိုးလျက်ရှိသည့် လယ်ယာမြေများကို ၂၀၀၇ ခုနှစ်တွင် သိမ်းယူခဲ့ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ မြေလွတ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့၏ ၉-၄-၂၀၀၉ ရက်စွဲဖြင့် မြေ ၇၉၉ ဧကကို စတင်ချမှတ်ပေးစဉ်က ရွာနှင့်နှစ်မိုင်ဝေးသည့် နေရာမှစတင်ပြီး စိုက်ပျိုးရန်ပြောဆိုခဲ့သော်လည်း ကုမ္ပဏီမှ ရွာနှင့် တစ်ဆက်တည်း ရှိသည့်မြေများကို သိမ်းယူခဲ့ပါကြောင်း၊ ယခုလို မြေသိမ်းယူသည့် အချိန်တုန်းက ကုမ္ပဏီနှင့် အကျိုးတူလုပ်ဆောင်ရွက်မည်ဆိုပါက မြေများပြန်ရမည်ဟု ပြောကြားခဲ့သည့်အတွက် ဒေသခံ တစ်ချို့သည် ကုမ္ပဏီနှင့်အကျိုးတူ လုပ်ဆောင်ခဲ့ပါကြောင်း၊ သို့သော်လည်း ကုမ္ပဏီသည် စာချုပ်ပါအတိုင်း လိုက်နာကျင့်သုံးခြင်းမရှိခဲ့ပါကြောင်း၊ ရွာနှင့်တစ်ဆက်တည်းရှိ နှစ်ရှည်ပင်များ စိုက်ပျိုးထားသည့် အတွက်ကြောင့် နယ်မြေလုံခြုံမှုမရှိသည့် ဒေသများတွင် ရွာအတွက် အန္တရာယ်ဖြစ်စေပါကြောင်း၊ ၎င်းမြေများကို ပြန်လည်ရယူလိုကြောင်း ၁၅-၃-၂၀၁၂ ခုနှစ်တွင် ဒေသခံများက ရှမ်းပြည်နယ်အစိုးရထံ တင်ပြတောင်းခံခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်၊ လွှတ်တော်တွင် ၃၀-၅-၂၀၁၃ ခုနှစ်တွင် မေးမြန်းခဲ့ရာ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီးကိုယ်တိုင် ကွင်းဆင်းဆောင်ရွက်ပြီး စိုက်ပျိုးရာသီအမီ ဖြေရှင်းပေးရန် ညွှန်ကြားပေးခဲ့ပါကြောင်း၊ ထို့အပြင် မြန်မာ့နှစ် ရှည်ပင်လုပ်ငန်း စိုက်ပျိုးရေးဝန်ကြီးဌာန စိုက်ပျိုးရေးဌာန၊ မြေစာရင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ကို အသိမ်းခံရသည့် နယ်မြေများကို ကွင်းဆင်းတိုင်းတာစေခဲ့ပါကြောင်း၊ တောင်သူ ၈၀ ဦး၏ အသိမ်းခံရသည့် မြေစုစုပေါင်းသည် ၅၃၃ ဖြစ်ပါကြောင်း၊ သို့သော် ကွင်းဆင်းတိုင်းတာသည့် အချိန်တွင် ရရှိသည့်ဧကက ၇၆၃.၇၆ ဆိုပြီး ကွာဟချက်ရှိနေပါကြောင်း၊
တောင်သူများ စိုက်ပျိုးထားခြင်းရှိ/မရှိဆိုသည်ကို ၂၀၁၆ ခုနှစ်တွင် တိုင်းတာထားသည့် Google acc မြေပုံမှ ခန့်မှန်းဖော်ပြထားသည့်အတွက် အဖြေမှန်မဟုတ်နိုင်ပါကြောင်း၊ ၁၅၄.၆၄ ဧကဆိုသည်မှာ Google acc ကြည့်လိုက်လျှင် စိုက်ပျိုးမှုမပေါ်လွင်ဘူးဆိုပြီး ဖော်ပြထားပါကြောင်း၊ စိုက်ပျိုးမှုမပေါ်လွင်ဘူးဆိုပြီး ဖော်ပြထားသည့် နေရာတွင် ယခုအချိန်အထိ စိုက်ပျိုးသည့်အပင်များ သက်သေအနေဖြင့် ရှိနေပါကြောင်း၊ ခန့်မှန်းပြောဆိုချက်ထက် လက်တွေ့တိုင်းတာချက်အရ မြေပြင် အခြေအနေကိုသာ အလေးထားအတည်ပြုသင့်ပါကြောင်း၊ ထို့ကြောင့် ၃-၁-၂၀၁၅ တွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့မှ တောင်သူများ၏ ဆန္ဒသဘောထားကို တောင်းဆိုရာတွင် တောင်သူများမှ မြေများကိုသာ ပြန်လည်ရယူလိုပါကြောင်း၊ ဝန်ကြီးချုပ်မှ ၂၈-၁-၂၀၁၆ ခုနှစ်တွင် ၎င်း ကုမ္ပဏီအဖွဲ့ကို ရှင်းလင်းပေးရန် ညွှန်ကြားခဲ့ပါကြောင်း၊ ထို့ကြောင့် T & C ကုမ္ပဏီသည် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမကုန်မီတွင် နောက်ဆုံးထားရှင်းပေးမည်ဖြစ်ပါကြောင်း၊ တစ်ဧကတစ်မတ်နှုန်းထားအတိုင်း ဆီလျော်မှုရှိ/မရှိ စိစစ်ပြီးမှပေးလျော်ပါရန်ဟူ၍ ဝန်ကြီးချုပ်က မှတ်ချက်ပြုခဲ့ပါကြောင်း၊ ထို့ကြောင့် T & C ကုမ္ပဏီက လျော်ကြေးပေးခြင်းထက် အသိမ်းခံရသည့် မြေဧကအတိုင်း ဒေသခံများကို အမြန်ဆုံးပြန်လည် ပေးအပ်ဆောင်ရွက်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအုပ်စု၊ ကွင်းပြင်ပမြေနေရာများ တွင် ယခင်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့၏ ၉-၄-၂၀၀၉ ရက်စွဲပါစာအမှတ်၊ ၂၂၇၆/၁၀ မယ(ဖ) (၁၁) ၂၀၀၉ ဖြင့် မြေဧရိယာ ၇၉၇ ဧကကိုလည်းကောင်း၊ ၆-၄-၂၀၁၀ ရက်စွဲပါ စာအမှတ်၊ ၂၈၃၂/၁၀ မယ (ဖ) (၁၁) ၂၀၁၀ ဖြင့် မြေဧရိယာ ၃၅၀ ဧကကိုလည်းကောင်း၊ ၂၈-၄-၂၀၁၁ ရက်စွဲပါစာအမှတ်၊ ၁၄၄(က)/၁၀ မယ(ဖ)(၁၁)၂၀၁၁ ဖြင့် မြေဧရိယာ ၆၅၀ ဧကကိုလည်းကောင်း မြေဧရိယာသုံးနေရာတွင် စုစုပေါင်းဧရိယာ ၁၇၉၇ ဧကကို T & C ကုမ္ပဏီမှ နှစ်ရှည်ပင်များ စိုက်ပျိုး လုပ်ကိုင်ရန်အတွက် လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ရရှိခဲ့ကြောင်းနှင့် ကုမ္ပဏီအနေဖြင့် လျှောက်ထားစဉ်က ဦးစံပြည့်ပါ တောင်သူလေးဦးသို့ မြေစာရင်းပုံစံ (၁၀၅) ထုတ်ပေးထားသည့် ယာမြေ ၃၃.၅ ဧကအား ချန်လှပ်၍ လျှောက်ထားခဲ့ကြောင်း၊
မြေစာရင်းပုံစံ(၁၀၅)ဆိုသည်မှာ မြေတည်ရှိမှုအခြေအနေ၊ မြေအမျိုးအစား၊ ပိုင်ဆိုင်မှု အခြေအနေစသည်တို့ကို တည်ဆဲနှစ်အတွက်အသုံးပြုလျက်ရှိသော ကွင်းထွက်မြေပုံမှ ရေးကူးပေးသည့် စာရင်းမြေပုံကောက်နုတ်ချက် မှတ်တမ်းမိတ္တူတစ်ခုသာဖြစ်၍ ပိုင်ဆိုင်မှုအထောက်အထား တစ်ခုမဟုတ်ကြောင်း၊ မြေစာရင်းပုံစံ (၁၀၆) ဆိုသည်မှာလည်း ဦးပိုင်တစ်ခု၏ ရာဇဝင်အားဌာနမှ အသုံးပြုထိန်းသိမ်းထားသည့် မှတ်ပုံစာရင်းများမှ ရေးကူးပေးသည့် ပုံစံမျှသာဖြစ်ကြောင်း၊ T & C ကုမ္ပဏီလီမိတက်အနေဖြင့် ခွင့်ပြုမိန့်ရရှိထားသည့် ၇၉၇ ဧကမြေနေရာတွင် ၆၇၆ ဧက စိုက်ပျိုးပြီးဖြစ်၍ ၁၂၁ ဧက ဖော်ထုတ်စိုက်ပျိုးရန် ကျန်ရှိပါကြောင်း၊ ကျန် ၃၅၀ ဧကနှင့် ၆၅၀ ဧက ခွင့်ပြုမိန့်ရရှိထားသည့် မြေနေရာများတွင် ဧရိယာအားလုံးကို စိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် တောင်သူများနှင့် T & C ကုမ္ပဏီလီမိတက်တို့ အကျိုးတူလုပ်ကိုင်ရန် နှစ်ဖက်ညှိနှိုင်းသဘောတူခဲ့ပြီး ယင်းသဘောတူညီချက်အရ ၂၀၀၉ ခုနှစ်တွင် T & C Group ကုမ္ပဏီလီမိတက်မှ မြေလွတ်၊ မြေရိုင်းလုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားရယူခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားစဉ်က တောင်သူများအနေဖြင့် ကန့်ကွက်ခဲ့ခြင်းမရှိကြောင်း၊ တောင်သူများနှင့် T & C ကုမ္ပဏီလီမိတက်တို့ နှစ်စဉ်အကျိုးတူလုပ်ကိုင်ရန် နှစ်ဖက်ညှိနှိုင်းသဘောတူ စာချုပ်အရ အကျိုးတူလုပ်ကိုင်သော တောင်သူများအား စိုက်ပျိုးရေးနှင့် ဆက်စပ်သည့် ပစ္စည်းကိရိယာများနှင့် စိုက်ပျိုးပြီးအပင်များကို ပြုစုထိန်းသိမ်းရန် ငွေကြေးများ ပေးအပ်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်မှစ၍ T & C ကုမ္ပဏီလီမိတက်မှ ပစ္စည်းကိရိယာများနှင့် ငွေကြေးများပံ့ပိုးမှု မရှိသည့်အတွက် တောင်သူများနှင့် T & C ကုမ္ပဏီတို့အကြား မြေယာပြန်လည်တောင်းဆိုမှု ပြဿနာများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါကြောင်း၊
၂၀၁၃ ခုနှစ်တွင် T & C Group ကုမ္ပဏီလီမိတက်မှ စိုက်ပျိုးထားရှိသည့် ရော်ဘာခြံအတွင်းသို့ ဒေသခံတောင်သူများ၏ ကျွဲ၊ နွားများဖြင့်ဝင်ရောက်ပြီး ဒဏ်ငွေတပ်ခြင်း၊ ကျွဲ၊ နွားများသိမ်းယူ ခြင်းတို့ကြောင့် တောင်သူများနှင့် ပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီး ပေးဆောင်ခဲ့ရသည့် ဒဏ်ငွေများ ပြန်လည်ရယူလိုခြင်းနှင့် စိုက်ပျိုးခြံမြေများ ပြန်လည်ရယူလိုကြောင်း၊ တောင်သူ ၅၈ ဦးတို့မှ တင်ပြ တောင်းဆိုခဲ့ပါကြောင်း၊
၃၀-၅-၂၀၁၃ ရက်နေ့တွင် နားဆိုင်းကျေးရွာ၊ မူလတန်းကျောင်းကျင်းပသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ယခင်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနနှင့် နားဆိုင်းကျေးရွာတောင်သူများ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး အဖွဲ့ခေါင်းဆောင် အဖြစ်ပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ကို အခြေအနေမှန် ကွင်းဆင်းစစ်ဆေးတင်ပြရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ အဆိုပါ မြို့နယ်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့၏ စိစစ်တင်ပြခဲ့မှုအပေါ် ကျောက်မဲခရိုင်၊ မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့က ၈-၈-၂၀၁၄ ရက်နေ့တွင် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဒေသပေါက်ဈေးတစ်ဧကလျှင် နှစ်သိန်းကျပ် သတ်မှတ်ပြီး T&C Group ကုမ္ပဏီလီမိတက်မှ နစ်နာသူတောင်သူများအား လျော်ကြေးပေးနိုင်ရန် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီသို့ ညွှန်ကြားခဲ့ပါကြောင်း၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၁၄-၂-၂၀၁၆ ရက်စွဲပါစာအမှတ်၊ ၅၈၉/၆-၆၃၃/အစရ(ရှမ်း)အရ ၁၇-၁-၂၀၁၆ ရက်နေ့တွင် မြို့နယ်မြေအသုံးချစီမံခန့်ခွဲရေး ကော်မတီမှ နားဆိုင်းကျေးရွာသို့ ကွင်ဆင်းပြီး တောင်သူ ၅၁ ဦးနှင့်တွေ့ဆုံခဲ့ရာ တောင်သူ ၁၅ ဦးမှာ လျော်ကြေးငွေရယူလိုကြောင်းနှင့် ကျန် ၃၆ ဦးမှာ မိမိတို့ လယ်ယာမြေများကို ပြန်လည်ရယူလိုကြောင်း ပြောကြားခဲ့ပြီး ကျန် ၂၉ ဦးမှာ အစည်းအဝေးသို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပါကြောင်း၊
T&C Group ကုမ္ပဏီအနေဖြင့် မြေဧရိယာ ၁၆၃ ဧကအတွက် လျော်ကြေးငွေများကို တောင်သူများအား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း တစ်ဧကလျှင် နှစ်သိန်းကျပ်နှုန်းဖြင့် လျော်ကြေးပေးမည်ဟု ကတိပြုထားသော်လည်း ယနေ့အထိ ပေးလျော်မှုမရှိသေးကြောင်းနှင့် အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ၉-၈-၂၀၁၆ ရက်နေ့တွင် မြို့နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ T&C ကုမ္ပဏီလီမိတက်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ မြေဧရိယာ ၁၆၃ ဧကအပေါ်တွင် နစ်နာလျော်ကြေးငွေများကို သုံးကြိမ်ခွဲပြီး ပေးအပ်သွားမည်ဖြစ်ကြောင်း ပထမအကြိမ်အနေဖြင့် ၁၀-၉-၂၀၁၆ ရက်နေ့တွင် ပေးအပ်သွားမည်ဖြစ်ပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့အား ဆက်လက်ပေးအပ်သွားပါမည်ဟု T&C ကုမ္ပဏီလီမိတက်မှ ကတိပြုခဲ့ကြောင်း၊ ကုမ္ပဏီအနေဖြင့် ရယူထားသောမြေဧရိယာများပေါ် နှစ်ရှည်ပင်များ၊ ရင်းနှီး မြှုပ်နှံစိုက်ပျိုးထားပြီးဖြစ်သဖြင့် ပြန်လည်စွန့်လွှတ်နိုင်ခြင်းမရှိကြောင်း၊
သို့ဖြစ်ပါ၍ ဒေသခံတောင်သူများနှင့် T&C ကုမ္ပဏီတို့အကြား နှစ်ဘက်သဘောတူစာချုပ်ချုပ်ဆို၍ အကောင်အထည် ဖော်ခဲ့မှုအပေါ် ကုမ္ပဏီဘက်မှ ကတိကဝတ်ဖောက်ဖျက်မှုများဖြစ်ပွားပါက ယခုဖြစ်စဉ်အရ နစ်နာမှုရှိခဲ့သူများက သက်ဆိုင်ရာတရားရုံး၌ တရားစွဲဆောင်ရွက်သွားရန် ဖြစ်ပါကြောင်းနှင့် ခွင့်ပြုဧရိယာအတွင်း ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည့် ဧရိယာ ၁၂၁ ဧကနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ အသစ်ပြင်ဆင်ဖွဲ့စည်းမည့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကွင်းဆင်းစစ်ဆေးစေ၍ ခွင့်ပြုဧရိယာအတွင်းမှ ပယ်ဖျက်နိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဗဟိုကော်မတီသို့ စိစစ်တင်ပြဆောင်ရွက်သွားစေမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်နန်းခမ်းအေး (နမ္မတူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
၎င်း မြေကိုသိမ်းသည့် အချိန်တုန်းက ကန့်ကွက်ခဲ့ပါအကြောင်း၊ သို့သော် ဦးစိုင်လားဆိုသူသည် မိမိအား ဖုန်းဖြင့်ဆက်သွယ်ပြောကြားရာတွင် ဦးစိုင်းလားမှ မိမိတို့ပိုင်ဆိုင်သည့် မြေကိုသာပြန်လည်ရယူလိုပါကြောင်း၊ ရုံးကလည်း မိမိကို ငွေပေးရန်ခေါ်ယူ ဆွေးနွေးခဲ့ခြင်းလည်းမရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ကျေးရွာကိုသွားရောက် တွေ့ဆုံရာတွင် ကျန်ရှိသည့်တောင်သူ ၄၇ ဦးမှလည်း မြေကိုသာရယူလိုပါကြောင်း၊
ကုမ္ပဏီသည် ရွာနှင့်တစ်ဆက်တစ်စပ်တည်း နေရာတွင်ရှိသည့်အပြင် ခြံစည်းရိုးများလည်း ကာရံထားခြင်းမရှိသည့်အတွက် ကျွဲ၊ နွားများက အပင်များကို ဝင်တိုက်သည့်အတွက်ကြောင့် ကုမ္ပဏီက ကျွဲ၊ နွားများကို သိမ်းယူသွားသည့် သက်သေအထောက်အထားများလည်း ယခုထိရှိနေပါကြောင်း၊ ထို့အပြင် မတရားဒဏ်ငွေရိုက်သည့် အတွက်ကြောင့် ဒေသခံတောင်သူလယ်သမားများနှင့် ကုမ္ပဏီတို့သည် ပဋိပက္ခအသွင်ဆောင်လာသည့် အတွက်ကြောင့် ဖြေရှင်းပေးရန် မိမိမှ ၃၁-၁၀-၂၀၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရကို တင်သွင်းခဲ့ရာတွင် အစိုးရမှနမ္မတူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် T & C ကုမ္ပဏီက တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများကို ခေါ်ယူ ညှိနှိုင်းပေးပါသည်ဆိုသည့် အကြောင်းကြားစာ ပေးပို့ထားပါသည်။
ထို့ကြောင့် ၎င်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို သွားေရောက်တွေ့ဆုံသည့်အခါတွင် T & C ရော်ဘာခြံကိစ္စနှင့် ပတ်သက်ပြီး ၃၁-၁၀-၂၀၁၂ ရက်နေ့တွင် နမ္မတူမြို့နယ်ရုံး၌ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူလယ်သမားများအား ခေါ်ယူအသိပေး ညှိနှိုင်းခြင်းမရှိသည်မှာ မှန်ကန်ပါကြောင်းဖြင့် မိမိကိုဝန်ခံကတိပေးသည့်စာအား ပေးထားပါကြောင်း၊ ထို့နောက် တောင်သူများကို နှစ်သိန်းပေးမည်ဆိုသည်မှာလည်း မည်သည့်ဝန်ကြီး၊ မည်သည့်အစိုးရကမှ သတ်မှတ်ပေးခြင်း မရှိသော်လည်း ကျပ်နှစ်သိန်းပေးလျော်သင့်ပါသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးမှ ညှိနှိုင်းခဲ့ပါကြောင်း၊ ဝန်ကြီးချုပ်က ၂၈-၁-၂၀၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည့်စာအရ သတ်မှတ်သည့်နှုန်းထားနှင့် ပေးလျော်မှု ရှိ/မရှိစိစစ်ပြီးမှ ပေးလျော်ပါရန် မှတ်ချက်ပြုထားသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ဝန်ကြီးချုပ် လမ်းညွှန်မှုကြောင့် စိုက်ပျိုးရေးဝန်ကြီးကွင်းဆင်းသည့်အချိန်တွင် T & C တွင် မစိုက်ပျိုးရသေးတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများရှိနေသည့် မြေနေရာအားအစားထိုးပေးရန် ကမ်းလှမ်းသော်လည်း တောင်သူများက ရွာနှင့်နီးစပ်မှုမရှိသည့် နေရာဖြစ်သည့်အတွက် ၎င်း မြေနေရာအား မယူလိုပါကြောင်း၊ ယခု ငွေယူချင်သည့် တောင်သူ ၁၈ ယောက်ရှိသည့်အနက် ကိုးဦးကိုသာ ငွေေပေးလျာ်သွားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပြည်သူရွေးချယ်ထားသည့် ပြည်သူ့အစိုးရအနေုဖြင့် အမှန်စကားပြောခွင့်မရသည့် နင်းပြားပြည်သူများ၏ ဘဝကို ပြန်လည်ငဲ့ကြည့်ရန် လိုအပ်ပါကြောင်း၊
မိမိတို့လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော် နည်းဥပဒေပုဒ်မ ၁၄၁ ပုဒ်မခွဲ (ဂ) တွင် မိမိ၏ ဖော်ပြချက်မှန်ကန်ကြောင်း၊ မေးခွန်းမေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်ကို တာဝန်ခံရမည်ဆိုသည့်အတိုင်း အမှန်ကိုသာဖြစ်စေချင်ပါကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ်အစိုးရ အနေဖြင့်လည်း မေးခွန်းကို တာဝန်ခံရန်လိုအပ်ပါကြောင်းဖြင့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
လွှတ်တော်ကိုယ်စားလှယ်ကြီးအပါအဝင်၊ T&C ကုမ္ပဏီအပါအဝင်၊ ရှမ်းပြည်နယ်အစိုးရအပါအဝင်၊ နမ္မတူမြို့နယ်အုပ်ချုပ်ရေး၊ မြေစာရင်းဌာန၊ တောင်သူများနှင့် တာဝန်ရှိသူများအားလုံးသည် ၎င်းကိစ္စုနှင့် ပတ်သက်၍ အမှန်အကန်ဖြစ်အောင် မိမိတို့ ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ဆက်စပ်မေးခွန်းဖြေကြားပါသည်။
