မေးခွန်း အကြောင်းအရာ
ယင်းမာပင်မြို့နယ်အတွင်းရှိ ၉၉ ကန်နှင့်ပတ်သက်၍ မြေအောက်မှရေပေါ်ကို အလိုအလျောက် လျှံတက်နေသည့် ရေများကို ရေကန် ၉၉ ကန်တည်ဆောက်ပြီး သက်ဆိုင်ရာအစိုးရက လယ်ယာမြေများကို ရေပေးဝေသည့် စီမံကိန်းဖြစ်ပါကြောင်း၊စီမံကိန်းကို ၁-၅-၁၉၉၄ ရက်နေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၈-၂-၁၉၉၅ ရက်နေ့ (၁၀ လအကြာ) တွင် ပြီးစီးပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ယင်းမာပင်မြို့၏ ပတ်ဝန်းကျင် ၅ မိုင်ခန့်အတွင်းနှင့် ဆားလင်းကြီးမြို့နယ် အနောက်မြောက် ဧရိယာအတွင်း တည်ရှိပါကြောင်း၊ ယင်းမာပင်မြို့နယ်အတွင်း ကန် ၉၆ ကန်တည်ရှိပြီး ဆားလင်းကြီးမြို့နယ်တွင် ကန် (၃) ကန် တည်ရှိပါကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်ရာတွင် စပါးနှင့်အခြားသီးနှံ ဧက ၁၀၀ စိုက်ပျိုးရန်ရည်ရွယ်ပြီး တစ်ကန်လျှင် ရေထွက်နှုန်း တစ်နာရီ ဂါလန် ၂၀၀၀၀ ထုတ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ ကန်များတည်ဆောက်ရာတွင် အလျား ပေ ၂၀၀၊ အနံ ပေ ၂၀၀၊ အမြင့် ပေ ၇ ပေရှိသည့် ကျောက်စီရေလှောင်ကန် ၁၅ ကန်၊ မြေသားရိုးရိုးရေလှောင်ကန် ၈၄ ကန်၊ ရေပေးမြောင်း ၉၉ ခု ပြုလုပ်တည်ဆောက်ခဲ့ပါကြောင်း၊ အကျိုးပြုလယ်မြေဧက ၈၁၈၁ ဧကအတွက် ရေများပေးဝေမည် ဖြစ်ကြောင်း၊ထို့အပြင် ဖြည့်စွက်စီမံကိန်းအနေဖြင့် အလျား ၁၅၀ ပေ၊ အနံ ၁၅၀ ပေ၊ အမြင့် ၇ ပေရှိသည့် မြေသားရေလှောင်ကန် (၈) ကန်ကိုလည်း ထပ်မံပြု လုပ်ဆောင်ရွက်ခဲ့ပါကြောင်း၊
၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအရင်းမြစ်၏ စစ်တမ်းကောက်ယူမှု အခြေအနေ အစီရင်ခံစာ၏ ဖော်ပြချက်အရ ရေလျှံထွက်ရှိမှုမရှိသည့် ရေကန် ၂၈ ကန်ရှိပါကြောင်း၊ ရေလျှံထွက်မှု နည်းပါးသောကန် ၂၄ ကန်ရှိပါကြောင်း၊ ရေလျှံထွက်မှု ကောင်းမွန်ဆဲကန် ကန်ပေါင်း ၅၀ ရှိပါကြောင်း၊ ရေလျှံထွက်မှု အကောင်းမွန်ဆုံးကန် ၅ ကန်ရှိပါကြောင်း၊အဆိုပါရေလျှံထွက်မှု မရှိသည့်ကန်များ၊ ရေလျှံမှုနည်းသည့် ကန်များကိုတွင်းဆေးခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း များ ပြုလုပ်ခဲ့သော် လည်း ရေလျှံထွက်ရှိမှု မရှိသည့်အပြင် မူလအတိုင်း ရေလျှံထွက်ခြင်း မရှိတော့ပါကြောင်း၊ဌာန၏ထုတ်ပြန်ချက်တွင် ဌာနကတူးဖော်ထားသည့် ရေလျှံတွင်း နေရာများထက် နိမ့်သောအပိုင်းများ တွင် တောင်သူလယ်သမား များက ကိုယ်ပိုင်ရေလျှံတွင်း များ တူးဖော်သုံးစွဲမှု များပြားသောကြောင့် ဌာနရေလျှံတွင်းများ ရေမလျှံမှုဖြစ်ပေါ်ရကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်း ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတောင်သူ လယ်သမားများ ကို လေ့လာစုံစမ်းမေးမြန်း သည့်အခါ အဆိုပါဌာန၏ ကန်များသည် ရေလျှံထွက်ရှိမှု မရှိသည့်အတွက် လယ်ယာမြေများ ရေမရရှိသဖြင့် ကိုယ်ပိုင်ရေလျှံတွင်းများကို အကုန်အကျခံ၍ တူးဖော် သုံးစွဲရသည်ကို တွေ့ရှိရပါကြောင်း၊ယခုလို ရေလျှံထွက်ရှိမှု မရှိသည့် ရေကန်ပေါင်း ၅၀ ကျော် ရှိသည့်အပြင် ရေမြောင်းများမှာလည်း ရေပေးဝေမှုမရှိသည့်အတွက် တောင်သူလယ်သမားများအတွက် အကျိုးမပြုတော့သဖြင့် လယ်ယာစိုက်ပျိုးမြေများ အလဟဿဖြစ်နေသည့် ဧကပေါင်းမြောက်မြားစွာ ဖြစ်ပေါ်နေမှုကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် ၉၉ ကန် ရေလျှံတွင်း ရေလှောင်ကန်စီမံကိန်းကို ၁၉၉၄-၁၉၉၅ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ စီမံကိန်း၏ မူလရည်ရွယ် ချက်မှာ မြေမျက်နှာသွင်ပြင်အရ အမြင့်ပိုင်းရေလျှံနိုင်သော ဒေသများ၌ ရေလျှံတွင်းများတူးဖော်ပြီး မြေသားရေလှောင်ကန်များဖြင့် ရေကိုစုဆောင်း၍ ရေပေးမြောင်းငယ်များမှတစ်ဆင့် အနိမ့်ပိုင်း စိုက် ပျိုး မြေများသို့ အလိုအလျောက် ရေစီးဆင်းသည့် Gravity Flow System စနစ်ဖြင့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေပေးဝေသွားရန်ဖြစ်ပါကြောင်း၊ ရေလျှံတွင်း ၉၉ ကန်၏ ရေပေးဝေမှု မှတ်တမ်းများအရ နှစ်စဉ်ပျမ်းမျှ စပါးနှင့်အခြားသီးနှံ စုစုပေါင်း ၅၅၀၀ ဧကခန့်ကို ရေပေးဝေနိုင်ခဲ့ပါကြောင်း၊၉၉ ကန် စီမံကိန်းရေလျှံ တွင်းများ အနက် ရေလျှံမှုလျှော့ကျလာသော ၃၄ ကန်ကို လေ့လာခဲ့ရာတွင် ဒေသခံတောင်သူများက ရေကိုအလှည့်ကျစနစ်ဖြင့် စနစ်တကျရယူသုံးစွဲမှု မရှိခြင်းနှင့် မိမိ၏လယ်ကွက်များ အတွင်း ရေလျှံတွင်းများအား ၎င်းတို့အစီအစဉ်ဖြင့် ထပ်မံတူးဖော် ခဲ့ခြင်းကြောင့်ဖြစ်သည်ကို လေ့လာတွေ့ရှိရပါကြောင်း။
မူလစီမံကိန်း တည်ဆောက်စဉ်အတွင်း စက်ရေတွင်း စုစုပေါင်း ၄၉၉ တွင်းသာတူးဖော်ခဲ့သော်လည်း အခြားဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် တောင်သူများမှ စုစုပေါင်း ၂၁၁၉ တွင်းအထိများပြားစွာ ထပ်မံတူးဖော်ထားခြင်းနှင့် အဆိုပါတွင်းအများစုကို မူလစီမံကိန်းတွင်းများ တည်ရှိရာထက်ပို၍ နိမ့်သော နေရာများတွင် တူးဖော်ကြခြင်း၊အချို့သော အသုံးပြုသူများ မှာ ရေကန်များအတွင်းနှင့် စက်ရေတွင်းများ အတွင်းသို့ အမှိုက်များ၊ ခဲများပစ်ချခဲ့သဖြင့် တွင်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် မူလစီမံကိန်း ရေလျှံတွင်းများ၏ မြေအောက်ရေမျက်နှာပြင် (Piezometric Level) ကျဆင်း၍ ရေလျှံသည့် ပမာဏများ တဖြည်းဖြည်းလျော့နည်းလာရခြင်း ဖြစ်ပါကြောင်း၊ မြေအောက်ရေသယံဇာတ အရင်းအမြစ်များ ဖွံ့ဖြိုးတိုး တက်နေစေရန် နိုင်ငံတော်နှင့်ကိုက်ညီမည့် အမျိုးသားအဆင့် ရေမူဝါဒ၊ မြေအောက်ရေဆိုင်ရာ ထိန်းချုပ်မှုဥပဒေများ ပေါ်ထွက်လာပြီးနောက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ ကိုယ်တိုင်ကြီးကြပ် ထိန်းချုပ်ခြင်း၊ မြေအောက်ရေတွင်းသစ်များ တူးဖော်ခွင့်လိုင်စင်များ စိစစ်ခွင့်ပြုပေးခြင်း တို့ကို ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ထို့ပြင် ရေနှင့်ဆက်နွယ်ဆောင်ရွက်နေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ပုဂ္ဂလိက အဖွဲ့ အစည်းများ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များနှင့် ပူးပေါင်းဆွေးနွေးပြီး မြေအောက်ရေထိန်းချုပ်မှု ဆိုင်ရာဥပဒေတစ်ရပ် အမြန်ပေါ်ထွက်လာရေး ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊
မြန်မာနိုင်ငံတွင် ရေနှင့်ပတ်သက်၍ ဆက်နွယ်ဆောင်ရွက်နေသောဌာန၊ အဖွဲ့အစည်းများဖြစ်သည့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန၊စက်မှုဝန်ကြီးဌာန၊ သက်ဆိုင်ရာ စည်ပင် သာယာရေးအဖွဲ့များ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ၊ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှလည်း ဝိုင်းဝန်းကူညီထိန်းသိမ်းသွားရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ Focal Department အဖြစ် ဆောင်ရွက်နေသည့် မြေအောက်ရေကြီးကြပ် ထိန်းသိမ်းရေးဥပဒေမူကြမ်း အတည်ပြုပေါ်ထွက်လာရေးကိုလည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၉၉ ကန်ရေ လျှံတွင်းများ ပြန်လည်ထိန်းသိမ်းရာတွင် အတည်ပြုပြဋ္ဌာန်းလာမည့် မြေအောက်ရေဥပဒေ၊စည်းမျဉ်း၊စည်းကမ်းများအပေါ် အခြေပြုပြီး မလိုအပ်သော ရေလျှံတွင်းများကို ပိတ်သိမ်းခြင်း၊ အသုံးပြုနေ သည့် ရေလျှံတွင်းများ ကို ရေမလိုအပ်သော အချိန်တွင် အလေအလွင့်မရှိစေရန် ပိတ်ထားနိုင်ရေး စီမံဆောင်ရွက်ခြင်း (Piezometer များတပ်ဆင်ခြင်း)၊တွင်းအသစ်များ တူးဖော်ခြင်းများကို စနစ်တကျကြီးကြပ်၍ ခွင့်ပြုမိန့် ထုတ်ပေးခြင်း စသည့် မြေအောက်ရေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊
ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများအား မြေအောက်ရေ ဆိုင်ရာပညာပေး ဟောပြောပွဲတစ်ခုကို ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ယင်းမာပင်မြို့၌ ကျင်းပသွားရန် စီစဉ်ထားရှိပါကြောင်း၊ထို့အပြင် နိုင်ငံတော်၏ မြေအောက်ရေသယံဇာတ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်အကူအညီရယူပြီး မြေအောက်ရေ ထိန်းသိမ်းစောင့်ရှောက်မှု ဆိုင်ရာ သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ၉၉ ကန် ရေလျှံတွင်း ရေလှောင်ကန် စီမံကိန်းသည် ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက် လာစေရေးအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးအတွက်သာမက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက်ပါ အကျိုးပြုနေသော စီမံကိန်းတစ်ခုဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု ဖြစ် စဉ်ကြောင့် ရေရှားပါးမှု အခက်အခဲများ ဖြစ်ပေါ်လာပါက လက်ရှိရေလျှံမှု လျော့ကျနေသော ၃၄ ကန်ရှိ တွင်းများတွင် စက်တပ်ဆင်၍ ဆောင်ရွက်ပေးရန်ရှိသည့်အပြင် လက်ရှိအခြေအနေတွင်လည်း ၉၉ ကန် ရေလျှံတွင်း များနှင့် ပတ်သက်ပြီး ရေမလိုသောအချိန်တွင် ရေအလေအလွင့်မရှိစေရန်နှင့် တွင်းပိတ်ဆို့မှုများ မဖြစ်ပေါ်စေရန်အတွက် စက်ရေတွင်းများတွင် ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့် ရေရှည် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသဖြင့် အဆိုပါစီမံကိန်းအား ဖျက်သိမ်းရန်အစီအစဉ် မရှိပါကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်အတူ ပေါင်းစပ် ရှင်းလင်းဖြေကြားပါသည်။
