(ခ)-အင်းစိန်မြို့နယ် အတွင်းရှိ မီးရထားစက်ခေါင်း စက်ရုံနှင့်မီးရထားအိမ်ရာဝင်းအတွင်းရှိအလုပ်သမား ဝန်ထမ်းမိသားစုအိမ်ခန်းများနှင့်လိုင်းခန်းမျာတွင်(၂၄) နာရီမီးရရှိရေးအတွက်မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၄) ရက်မြောက်နေ့ (၄.၁၀.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u mg mg seinအင်းစိန်မြို့နယ် မီးရထားစက်ရုံဝင်းရှိ ဝန်ထမ်းအိမ်ရာများဖြစ်သည့် လှိုင်မီးရထားဝင်း၊ ကြို့ကုန်း မီးရထားဝင်း၊ မီးရထားဆေးရုံနှင့် မီးရထားရဲဝန်ထမ်းအိမ်ရာများတွင်  အခန်းစုစုပေါင်း ၁၅၈၆ ခန်း၊ အိမ်ထောင်စုပေါင်း ၂၇၀၈ စုနှင့် လူဦးရေပေါင်း ၉၂၁၄ ဦး ရှိပါကြောင်း၊အဆိုပါ ၁၅၀၀ ကျော်သော ဝန်ထမ်းများမှာ လျှပ်စစ်မီးပြတ်တောက်နေသည့်ဘဝဖြင့် ဆယ်စုနှစ်ကျော်ခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါ  ဝန်ထမ်းအိမ်ရာများ ၂၄ နာရီမီးရရှိရေးအတွက် မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ညှိနှိုင်းသည့်အခါတွင် အဆိုပါမီးရထားလိုင်းခန်းများကို မီးပေးရန်အတွက် လျှပ်စစ်ဓာတ်အား အလုံ အလောက်ရှိသည့်အတွက် ပေးနိုင်ပါကြောင်း၊သို့သော်လည်း အင်းစိန်မြို့နယ် မီးရထားခေါင်းစက်ရုံ အထွေထွေမန်နေဂျာနှင့် ဆွေးနွေးသည့်အခါ မီးရထားနယ်မြေအားလုံးတွင် လျှပ်စစ် ဓာတ်အားခြိုးခြံချွေတာ သုံးစွဲရေးနှင့်ပတ်သက်၍ ဝန်ထမ်းရပ်ကွက်များတွင် တစ်နေကုန် မီးမပေး ရန်နှင့် နေ့ခင်းဘက်မီးပိတ်ရန် လိုက်နာဆောင်ရွက်ရေး ဆိုသည့် ဦးဆောင်ညွှန်ကြားရေးမှူး၏ ၁၉-၁၁-၁၉၉၉ ရက်စွဲပါ ညွှန်ကြားချက်နှင့် ဝန်ထမ်းအိမ်ရာများ၊ သက်သာလုပ်ငန်းများ ဝန်အားလျော့ချရန် လျှပ်စစ်အင်ဂျင်နီယာ ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း၏ ၁၃-၂-၂၀၀၆ ရက်စွဲပါစာအရ ရုံးပိတ်ရက်မှအပ စက်ရုံအလုပ်ချိန်များတွင် ဓာတ်အား ဖြတ်တောက်ထားပြီး အလုပ်ချိန်ပြင်ပတွင် ဓာတ်အားပြန်ပေးရန် ညွှန်ကြားချက်များအရ ဆောင်ရွက် နေရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၄ နာရီ အချိန်ပြည်‌့မပေးနိုင်ပါကြောင်း၊ ယခုလက်ရှိ အနေအထားအရ YESC ပိုင် အိမ်သုံးမီတာများ တပ်ဆင်ပေးနေသည်မှာ ၁၈၅ ခန်းတပ်ဆင်ပြီး ၁၃၉ ခန်းဆက်လက် တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်းစိန်မီးရထားစက်ခေါင်းစက်ရုံ တစ်ခုတည်းသာမက မြန်မာ့မီးရထား အင်ဂျင်နီယာမှူး (လျှပ်စစ်ဌာန) က အောက်မြန်မာပြည်ရှိ သိမ်ဖြူမီးရထားဝင်း၊ မင်္ဂလာတောင်ညွန့်မီးရထားဝင်း၊ မလွှကုန်းစက်ဆန်းမီးရထားဝင်းတို့တွင်လည်း ၂၄ နာရီဓာတ်အား ဖြန့်ဖြူး ပေးထားခြင်းမရှိသေးပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝန်ကြီးဌာနအသီးသီး၏ အိမ်ရာများအားလုံးသည် လျှပ်စစ်မီးကို အပြည့်အဝခံစားရပါသော်လည်း အင်းစိန်မြို့နယ်တွင်းရှိ မီးရထား ခေါင်းစက်ရုံ ဝန်ထမ်းအိမ်ရာတွင် လျှပ်စစ်မီး အပြည့်အဝ မရရှိခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၃၈ တွင် နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်သည့် ဘာသာ၊ ရာထူး၊ အဆင်‌့အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊အမျိုးသမီး၊ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားခြင်းမရှိစေရဟု ပြဋ္ဌာန်းထားသည့်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုဆန့်ကျင်သကဲ့သို့ လူ့အခွင့်အရေးကိုလည်း နှစ်ပေါင်းများစွာ ချိုးဖောက်နေခြင်း ဖြစ် ပါကြောင်း၊ ထို့ကြောင့် အစိုးရသစ်လက်ထက်တွင် ပြောင်းလဲချိန်တန်ပြီဆိုသည့်အတိုင်း မည်သည့် အချိန်တွင် မီးအပြည့်အဝ ရရှိမည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်
အဖြေ
ဖြေကြားချက် 

thant zin mgရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်အတွင်းရှိ မီးရထားစက်ခေါင်းရုံသည် ဒီဇယ်လျှပ်စစ် စက်ခေါင်းများကို ပြုပြင်ပေးပြီး ဝန်ထမ်း‌ပေါင်းများစွာ မှီတင်းနေထိုင်ကြသောနေရာ ဖြစ်ပါကြောင်း၊ ယခင်ကတည်းက ရထားဝန်ထမ်းအိမ်ရာများနှင့် စက်ရုံအလုပ်ရုံများကို တွဲထားခြင်းဖြစ်ပါကြောင်း၊ စက်ရုံအလုပ်ရုံဖွင့်သည့်အချိန်တွင် ဝန်ထမ်းအိမ်ရာများကို မီးပေးမည်ဆိုပါက စက်ရုံတွင် အလုပ် လုပ်မည့် တွင်ခုံများ၊လျှပ်စစ်ကိရိယာများ၊ မော်တာအလုပ်ရုံများတွင် လိုအပ်သည့် လျှပ်စစ်ဓာတ်အား အပြည့်အဝ မရရှိဘဲ Transformer များ ဗို့အားမနိုင်နင်းမှုများ ရှိလာနိုင်သည့် အတွက်ကြောင့် စက်ရုံအလုပ်ရုံ အချိန်တွင် ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊

စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင် နံနက် ၉း၀၀ မှ နေ့လယ် ၁၂း၀၀ နာရီအထိနှင့် ညပိုင်းအချိန်တွင် ၁၂ နာရီမှ ၄ နာရီအထိ ဖြတ်တောက်ပါကြောင်း၊ ရုံးဖွင့်ရက်ကိုလည်း နံနက် ၇ နာရီမှ ညနေ ၄ နာရီ ရုံးချိန်တစ်ချိန်လုံး ဖြတ်တောက်ပါကြောင်း၊ ညပိုင်းအချိန်တွင် ညသန်းခေါင်မှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ ဖြတ်တောက်ပါကြောင်း၊လွှတ်တော်ကိုယ်စားလှယ်ကြီး သွားရောက်ဆွေးနွေး ပြီးနောက် မိမိထံသို့ အစီရင်ခံသည့်အခါ စက်တင်ဘာလမှစပြီး ရုံးပိတ်ရက်နှင့်ရုံးဖွင့်ရက်များတွင် ညပိုင်းအချိန်များတွင် မီးမဖြတ်တောက်ရန် ပြောကြားထားပါကြောင်း၊ သို့သော်လည်း စက်ရုံ၊ အလုပ်ရုံနှင့် တွဲနေရသည့်အတွက်ကြောင့် ရုံးဖွင့်ရက်ရုံးချိန်တွင် နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ ဖြတ်တောက်မည့် အခြေအနေရှိပါကြောင်း၊

အဆိုပါဝန်ထမ်းအိမ်ရာတွင် Transformer တစ်လုံး တပ်ဆင်ပြီးစီးပါကြောင်း၊လက်ရှိ မီးရထားဝန်ထမ်း အိမ်ရာများနှင့် စက်ရုံများတွဲထားသည်မှာ Transformer နှစ်လုံး၊ သို့သော်လည်း ၎င်းကို ခွဲထုတ်မည်ဆိုပါက Transformer သုံးလုံးထပ်မံပြီး တပ်ရမည်ဖြစ်ပါကြောင်း၊၎င်း Transformer သုံးလုံးနှင့် လျှပ်စစ်မီးကြိုး ပေ ၂၃၁၁၀ အတွက် ခန့်မှန်းငွေ ၁၃၃ သန်းကုန်ကျမည်ဖြစ်ပါကြောင်း၊ အင်းစိန်စက်ခေါင်းစက်ရုံ နယ်မြေတွင် ဝန်ထမ်းအိမ်ခန်းပေါင်း ၁၆၂၀ မှာ ယခုအိမ်သုံးမီတာ ခွဲထုတ်နိုင်ရန်အတွက် အိမ်သုံးမီတာ ၄၂၄ လုံးကို ၂၀၁၅-၁၆ ခုနှစ်တွင် ကျပ် ၃၈ သန်းအကုန်ခံပြီး တပ်ဆင်ပြီးဖြစ်ပါကြောင်း၊သို့သော် ကျန်ရှိသည့် အိမ်ခန်းပေါင်း ၁၁၉၆ လုံးကို တပ်ဆင်ရန် ယခုလက်ရှိမီတာခ နှုန်းထားနှင့် ၂၃၉ သန်းကုန်မည် ဖြစ်ပါကြောင်း၊

ထို့ကြောင့် အင်းစိန်စက်ခေါင်းရုံနယ်မြေကို ၂၄ နာရီ လျှပ်စစ်မီးအပြည့်အဝပေးနိုင်ရန်အတွက် အင်းစိန်တစ်ခုတည်းဆိုလျှင် ၃၇၂ သန်း ထပ်မံကုန်ကျမည်ဖြစ်ပါကြောင်း၊ မလွှကုန်းဆည်စပ်၊ သိမ်ဖြူ၊ မင်္ဂလာတောင်ညွန့်တို့ရှိ ဝန်ထမ်းအိမ်ခန်းပေါင်း ၃၄၈၈ တွင် ၂၇၆ လုံး မီတာဘောက်ရှိပြီး ကျန်သည့် ၃၂၁၂ ကို မီတာဘောက် တပ်ဆင်ရန်အတွက် မီတာခအပြင် Transformer ၁၉ လုံးနှင့် ဆက်စပ် ပစ္စည်းများအတွက် ငွေကျပ်သန်းပေါင်း ၁၈၀၃.၄ သန်း ကုန်မည်ဖြစ်ပါကြောင်း၊

ဝန်ထမ်းအိမ်ရာများကို လခထဲကမှ သင့်လျော်သလို ဖြတ်တောက်ပြီး ကုန်ကျစရိတ်အားလုံး မီတာခစုစုပေါင်းကို မီးရထားရုံးချုပ် ငွေစာရင်းဌာနက ကုန်ကျခံလိုက်ပါကြောင်း၊ မီတာဘောက်ကိုလည်း ခွဲမထားပါကြောင်း၊ သတ်မှတ်ထားသည့်အတိုင်း မီးသုံးပွင့်ဆိုသုံးပွင်‌့၊ လေးနေရာဆို လေးနေရာ ပွိုင့်အလိုက် ပေးခြင်းဖြစ်ပါကြောင်း၊ ကိုလိုနီခေတ်ကတည်းက ဝန်ထမ်းများကို သက်သာအောင် စက်ရုံအလုပ်ရုံများနှင့် ဝန်ထမ်းအိမ်ရာများကို တွဲလိုက်ခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင်ရှိသော မီရထားဝန်ထမ်းအိမ်ရာများအားလုံးကို လျှပ်စစ်မီးအပြည့်အဝ ပေးမည်ဆိုပါက ကျပ်သန်းပေါင်း ၂၁၇၅ ကုန်မည်ဖြစ်ပါကြောင်း၊

စက်ခေါင်းများ ၊ တွဲများ၊ ပြင်ဆင်စရိတ်နှင့် ဝယ်ယူခများ ပါဝင်ခြင်းမရှိပါကြောင်း၊ ငွေလုံးငွေရင်းဖြင့် ဝယ်ယူသည့် တွဲများ၊ စက်ခေါင်းများကို ပြင်ဆင်သည့် စရိတ်သန်းပေါင်း ၃၄၀၀ ရှိပါကြောင်း၊ မိမိအနေဖြင့် YESC နှင့် ညှိနှိုင်းတင်ပြပြီး အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် နှစ်အလိုက် ထည့်သွင်းပြီး ဘဏ္ဍာငွေရရှိမှုပေါ် မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမောင်မောင်ဦး (အင်းစိန်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်

မိမိမေးမြန်းလိုသည်မှာ ၂၄ နာရီ မီးရရှိရန်အတွက် မည်သည့်နေ့မည်သည့် အချိန်တွင် ရရှိမည်ကို သိရှိလိုခြင်း ဖြစ်ပါကြောင်း၊ ယခုပြည်ထောင်စုဝန်ကြီး ဖြေသွားသည်မှာ ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် အရှုံးခံပြီးလုပ်သည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ အမြတ်ငွေမရမချင်း ဝန်ထမ်းများကို ဆောင်ရွက်မပေး နိုင်သည့် ပုံစံဖြစ်နေပါကြောင်း၊ ထို့ကြောင်‌့ မိမိအနေဖြင့် နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာပြီး ကိုလိုနီခေတ် ကတည်းကရှိသည့် ဌာနကြီးတစ်ခုသည် ယခုအချိန်ထိအစိုးရလက်ထက် အပြောင်းအလဲကို မည်ကဲ့သို့ လုပ်ဆောင်ပေးမည်နည်းကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်

မိမိ၏ တာဝန်ချိန်ငါးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်မည် ခုနကပြောသည့် သန်း ၃၅၀၀ နှင့် ၅၀၀၀ ကြား စက်မှုနှင့်လျှပ်စစ်၏ သာမန်အသုံးစရိတ်က သုံးနေသော်လည်း ရှုံးနေသည့်အတွက်ကြောင့် တစ်နှစ်ကို သန်း ၄၀၀၊ ၅၀၀ ခန့် အသုံးပြုရန်လိုသည့်အတွက် နောက်လေးနှစ်အတွင်း တက်နိုင်သမျှ ခွဲဝေပြီး ရရှိသုံးစွဲသွားမည်ဟု ရှင်းလင်းဖြေကြားသည်။