မေးခွန်း အကြောင်းအရာ
နန်းယွန်းမြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၂၅၅၅.၇၂၀ မိုင်ခန့်ရှိပြီး မြို့နယ်အပါအဝင် မြို့ ၃ မြို့နှင့် ကျေးရွာပေါင်း ၁၇၀၀ ရှိပါကြောင်း၊ယနေ့အချိန်အထိ နန်းယွန်း၊ပန်ဆောင်နှင့် ဒုံဟီးမြို့ပေါ် တွင် CDMA-450 ဖုန်းလိုင်းကိုအသုံးပြုနိုင် တာဝါတိုင်များ ဆောက်လုပ် တည်ဆောက်ထားပြီး ဖြစ်သော်လည်း နန်းယွန်းနှင့် ပန်ဆောင်မြို့ပေါ်တစ်ဝိုက်တွင်သာ CDMA ဖုန်းကို အသုံးပြုနိုင် ပါကြောင်း၊ဒုံဟီးမြို့အပါအဝင် ကျေးရွာများတွင်လည်း ဖုန်းလိုင်း အသုံးပြုနိုင်ခြင်း မရှိသေးပါကြောင်း၊ထို့ကြောင့် လက်ရှိအချိန်အထိ ဌာနပိုင်းဆိုင်ရာ သတင်းပေးပို့မှုကို ဒုံဟီးမြို့ပေါ် ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပိုင် ကြေးနန်းကိုသာ အသုံးပြုရပါကြောင်း၊ ဒုံဟီးမြို့ပေါ်တွင် MPT တာဝါတိုင်စိုက်ထူထားပြီးဖြစ်သော်လည်း ယနေ့အချိန်အထိ ဖုန်းလိုင်း ချိတ်ဆက်တပ်ဆင်ထားခြင်း မရှိသေးသည့် အတွက် ပြည်သူများ၏ လူမှုစီးပွားရေးနှင့် အခြားဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြည်မကြီးထက် များစွာ နောက်ကျနေဆဲဖြစ်ပါကြောင်း။
ထို့အပြင် ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်နေမှုစသည့် အခြေအနေ အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ မပေးပို့နိုင်ခြင်း၊ မသိရှိနိုင်ခြင်းကြောင့် မပျက်စီးသင့်ဘဲ ပျက်စီးသွားသည့် လမ်းတံတား၊ လယ်ယာသီးနှံများနှင့် မသေသင့်ဘဲ သေဆုံးခဲ့ရသော အနာဂတ် ခေါင်းဆောင်ကောင်းသားသမီးများ များစွာ ကြုံတွေ့ခဲ့ရခြင်းများ ပြည်သူများ ဆက်လက်ကြုံတွေ့ ခံစားနေရပါကြောင်း၊ စက်တင်ဘာလ ပထမအပတ်မှစ၍ တံခါးကျေးရွာတွင် ဒေသခံပြည်သူ အများစု ချောင်းဆိုးပြီးဖျားနာနေကြပြီး ယနေ့အချိန်ထိ ၁၅ နှစ်အောက် ကလေးငယ်ပေါင်း ၅ ဦး အသက်ဆုံးရှုံးခဲ့လိုက်ရပါကြောင်း၊ သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနရှိ တာဝန်ရှိသူများက စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျေးရွာ၌ ကွင်းဆင်းပြီး ကုသပေးနေကြောင်းလည်း ကြားသိရပါကြောင်း၊ သတင်းအချက်အလက်များ အချိန်နှင့် တစ်ပြေးညီ မရရှိသည့်အတွက် စက်တင်ဘာလ ပထမပတ်မှစတင်၍ ရောဂါဖြစ်ပွား နေသော်လည်း ကုသခြင်းလုပ်ငန်းများကို လကုန်ပိုင်းမှသာ သွားရောက်ကုသပေးနေခြင်း ဖြစ်ပါကြောင်း၊ထို့ကြောင့် မလိုလားအပ်ဘဲ ဒေသခံပြည်သူများ အသက်ဆုံးရှုံးနေရခြင်း၊ သတင်း အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ မသိရှိနိုင်ခြင်းများ ထပ်မံမဖြစ်ပွားစေရန် အဓိကကျသော ဆက်သွယ်ရေးစနစ် ကောင်းမွန်လွှမ်းခြုံနိုင်ရန် အရေးတကြီးလိုအပ်နေပါသဖြင့် နန်းယွန်း၊ ပန်ဆောင်နှင့် ဒုံဟီးမြို့ပေါ်နှင့် ကျေးရွာများတွင် (GSM-3G) ဖုန်းလိုင်းများ ရရှိအသုံးပြုနိုင်ရန် မည်သည့်အချိန်တွင် ပြီးစီးအောင် ဆောင်ရွက်တပ်ဆင်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
နန်းယွန်းနှင့် ပန်ဆောင်တွင် ဆိုဒ်အမှတ်များတွင် လိုင်းအင်အား ၇၅၀ ပါသော CDMA-450 စခန်းတစ်ခုစီဖွင့်ပြီး မိုဘိုင်းဝန်ဆောင်မှု လုပ်ငန်းလုပ်ဆောင်ပါကြောင်း၊ Digital သုံးခွင့် မရပါကြောင်း၊ ဒုံဟီးမြို့တွင် တယ်လီဖုန်းလိုင်း ၄ လိုင်းပါသော MPT Satellite Terminal ယခင်က IP star ဂြိုလ်တုဖြစ်ပါကြောင်း၊ တယ်လီဖုန်းလိုင်းသည် Drop In ကကျင်းပြီး ၄ လိုင်းသာရသာ ဆက်သွယ်ရေးစခန်းတစ်ခုလည်း ရှိပါကြောင်း။
မေးခွန်းနှင့်စပ်လျဉ်း၍ ဒုံဟီးမြို့တွင် ရနိုင်ပါကြောင်း၊ ဒုံဟီးမြို့သည် မူလကတည်းက IP star ဂြိုလ်တုနှင့်လုပ်ပြီး ယခုအခါ Intel Set ဂြိုလ်တုနှင့် ဆက်သွယ်နိုင်ရန် တာဝါလည်း တည်ဆောက်ပြီးဖြစ်ပါကြောင်း၊ စက်ပစ္စည်း တပ်ဆင်ခြင်းနှင့် အဝေးဆက်သွယ်မှု စက်ကြောင်းများ ချိတ်ဆက်ခြင်းကို ၂၀၁၆ ဒီနှစ် ဒီဇင်ဘာလတွင် (3G-GSM) ရရှိမည်ဖြစ်ပါကြောင်း။
နန်းယွန်းနှင့် ပန်ဆောင်သည် CDMA-450 စခန်းတပ်ထားပါကြောင်း၊၎င်းတို့၏ တာဝါများသည် Guy Tower ဖြစ်ပြီး မကောင်းပါကြောင်း၊ နောက်ထပ် စက်ပစ္စည်း တပ်၍မရသဖြင့် တာဝါတိုင် အစားထိုးပြီး တည်ဆောက်ရမည်ဖြစ်သည့်အတွက် တာဝါပစ္စည်းများ၊ စက်ပစ္စည်းများ သယ်ယူရာတွင် အခက်အခဲရှိနေပါကြောင်း။
အခြားသော အူရီဒူး၊ တယ်လီနော အော်ပရေတာများကို မိမိတို့ တွန်းအားပေးနေပါကြောင်း၊ နန်းယွန်းနှင့် ပန်ဆောင်တို့သည် တင်ပြထားသည့်အတိုင်း အလွန်ဝေးပြီး လူဦးရေကျဲပါးသောကြောင့် ယင်းအော်ပရေတာများအနေဖြင့် ဟန်းဖုန်းများ၊ ဆင်းကဒ်များ အများအပြား ရောင်းရသည့်နေရာများကိုသာ ဦးစားပေးသဖြင့် မိမိတို့က အမြဲတမ်း တိုက်တွန်းနှိုးဆော် နေရပါကြောင်း။
နယ်စွန်နယ်ဖျားဒေသများအားလုံးကို ပေးနိုင်ရန် ယခုလောလောဆယ် Nation Wide Operator သည် Ooredoo ၊Telenor ၊MPT ၊4 Operator ဖြစ်လာမည့် အားလုံးကို တွန်းအားပေးနေပါကြောင်း၊ အော်ပရေတာများသည် ဆင်းကဒ်များများ ရောင်းနိုင်သည့် နေရာများကိုသာ ရောင်းချင်ကြသဖြင့် မိမိတို့က အမြဲတွန်းအားပေးနေပါကြောင်း၊ ယင်းတို့ မလုပ်နိုင်ပါက Universal Service Fund ပေးရမည်ဖြစ်ပြီး ၎င်းသည် ၂၀၁၈ ခုနှစ်မှ ရမည်ဖြစ်သည့် အတွက် ၂၀၁၈ ခုနှစ်တွင် Total Revenue စုစုပေါင်းဝင်ငွေ၏ နှစ်ရာခိုင်နှုန်း ရမည်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ကိုယ်တိုင်ဆောင်ရွက်၍ ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နောက်အကျဆုံး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလခန့်တွင် နယ်စွန်နယ်ဖျားဒေသအားလုံး ရရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
