(ဂ)-မူလတန်းနှင့်မူလတန်းလွန်ကျောင်းများတွင်တွဲ ဖက်ဖွင့်လှစ်ထားသောမူကြိုတန်းများ၏ကုန်ကျစရိတ် ကိုပညာရေးဝန်ကြီးဌာနအနေဖြင့်ကျခံပေးပါရန်နှင့် ဝန်ထမ်းခန့်ပါကလည်းစေတနာလုပ်အားပေးဆရာ/ မတို့အားရွေးချယ်ခန့်ထားပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၃) ရက်မြောက်နေ့ (၃.၁၀.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u nyan heinယခင် အစိုးရလက်ထက်မှစ၍ ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ (UNICEF) အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှုအရ မူလတန်းကျောင်းနေအရွယ်မတိုင်မီ ကလေးများ၏ အခြေခံ ကျွမ်းကျင်မှု၊ ကိုယ်ကာယဖွံ့ဖြိုးမှု၊ စာရိတ္တဖွံ့ဖြိုးမှု၊ ရသခံစားမှု၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်မှုစသည့် အရည်အသွေးများနှင့် မူလတန်းသင်ယူမှုအခြေခံများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ၁၉၉၈-၁၉၉၉ ပညာသင်နှစ်မှစ၍ အခြေခံပညာမူလတန်းကျောင်းများတွင် မူလတန်းကြို (မူကြို)ကို ချိတ်ဆက်ဖွင့်လှစ် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာဦးစီးဌာန စာရင်းဇယားများအရ ၂၀၀၁-၂၀၀၂ ပညာသင်နှစ် တွင် မူလတန်းနှင့် မူလတန်းလွန်ကျောင်း ၄၉၆ ကျောင်းတွင် ကလေးဦးရေ ၁၃၀၆၀ ဦးကို အစပြု သင်ကြားပေးနိုင်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ ကျောင်းပေါင်း ၆၁၁၂ ကျောင်း၌ ကလေးဦးရေ ၁၃၇၇၆၆ ဦး အထိကို အောင်မြင်စွာ တိုးမြှင့် လေ့ကျင့်ပျိုးထောင် ပေးနိုင်မည်ဖြစ်ကြောင်း ဝမ်းမြောက် ဖွယ် တွေ့ရှိရပါကြောင်း။

သို့ရာတွင် ထိုမူကြိုဆရာဆရာမများသည် အစိုးရခန့် ဝန်ထမ်းများ မဟုတ်ကြပါကြောင်း၊ မိဘပြည်သူများမှ ထောက်ပံ့ကြေးသွင်းလျက် ခန့်အပ်ထားသော စေတနာလုပ်အားပေး ဆရာများသာ လျှင် ဖြစ်ပြီး ကလေးမိဘတစ်ဦးလျှင် တစ်လ ၁၀၀၀ ကျပ်၊ ၂၀၀၀ ကျပ်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် ၂၀၀၀၀ ကျပ်အထိ ထည့်ဝင်ကြရသဖြင့် စီးပွားရေးချောင်လည်သော မိဘများအနေဖြင့် ထိုထည့်ဝင်ငွေမှာ မထောင်းသာလှသော်လည်း စီးပွားရေး မပြေလည်သော ကလေးမိဘများအတွက် ကိုယ့်အားကိုယ်ကိုးထည့်ဝင်ငွေသည် ဝန်ထုပ်ဝန်ပိုးကြီးသဖွယ် ဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း။

ထို ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းဖွင့်လှစ်ခြင်းသည် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မညီညွတ်သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) အခြေခံမူများ၏ ပုဒ်မ ၂၈ ပုဒ်မခွဲ(ဂ)တွင် နိုင်ငံတော်သည် အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ် ဖော်ဆောင်ရမည်ဟု ဖော်ပြထားပါကြောင်း၊ ထို့အပြင် ပုဒ်မ ၃၁ တွင်လည်း ပြည်သူများ အလုပ်လက်မဲ့ နည်းပါးစေရန် တတ်နိုင်သမျှ ဆောင်ရွက်မည်ဟု ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် ဤကောင်းမွန်သော Project ကို အခြေခံဥပဒေနှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်နိုင်ရေးအတွက် နိုင်ငံတော်အတွင်းရှိ မူလတန်းနှင့် မူလတန်းလွန်ကျောင်းများတွင် တွဲဖက်ဖွင့်လှစ်ထားသော မူကြိုတန်းများ၏ ကုန်ကျစရိတ်ကို ပညာရေးဝန်ကြီးဌာန အစိုးရစရိတ်ဖြင့် ကျခံပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက တရားဝင်ဝန်ထမ်းခန့်အပ်ပါကလည်း မူလကနဦး စေတနာလုပ်အားပေး ဆရာဆရာမတို့၏ အနစ်နာခံတာဝန်ယူခဲ့မှုကို ရွေးချယ်ခန့်အပ်မည့် အရည်အချင်းတစ်ရပ်အဖြစ် ထည့်သွင်းစဉ်းစားပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myo thein gyiပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများတွင် မူလတန်းကြိုကျောင်းများကို ၁၉၉၈-၁၉၉၉ ပညာသင်နှစ်မှစ၍ UNICEF နှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနလက်အောက်ရှိ မူကြိုကျောင်းပေါင်း ၉၉ ကျောင်း၊ ဆရာဆရာမ ၉၉ ဦး၊ မူကြိုကလေး ၁၄၃၁၅ ဦးရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်ရှိ ကျောင်းအခြေပြု မူကြိုကျောင်းပေါင်း ၅၄၅၇ ကျောင်း၊ မူကြိုဆရာဆရာမ ၈၅၄၃ ဦး၊ မူကြိုကလေးအရွယ် စုစုပေါင်း ၁၂၉၅၈၉ ဦးရှိပါကြောင်း၊ ထို့ကြောင့် သုံးနှစ်နှင့် လေးနှစ် အရွယ်ကလေးများအတွက် မူလတန်းကြိုသင် ရပ်ရွာခန့် ဆရာဆရာမများ၏ လစာငွေကို သက်ဆိုင်ရာကျောင်းများ၏ မူလတန်းကျောင်း ကြိုကော်မတီဝင်များနှင့် ရပ်ရွာမှ ရပ်မိရပ်ဖများ ပူးပေါင်း၍ စီစဉ်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် မူကြိုထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ ငါးနှစ်အရွယ် KG ကလေးများကို ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စတင်ပြီး KG သင်ရိုးအသစ်ဖြင့် စတင်သင်ကြား ပို့ချလျက်ရှိရာ လိုအပ်သော ဆရာဆရာမများကို ခန့်ထားပြီး စာသင်ခန်းများတွင်လည်း ကလေးများအား လိုအပ်သော အားကစားနှင့် ကစားနည်းများကို သင်ကြားပို့ချနေသည့် အတွက် ဒေသတိုင်းရှိ မူကြိုစာသင်ခန်းတိုင်းတွင် ကော်ဇောများ၊ ဖယောင်းပုဆိုးနှင့် ဂုန်နီကော်ဇောများ ခင်းပေးပြီး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

လက်ရှိရပ်ရွာမှ ခန့်ထားသော မူလတန်းကြို ပြင်ပ ဆရာဆရာမများကို အစိုးရဝန်ထမ်းများအဖြစ် ခန့်ထားပေးနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော မူဘောင်များနှင့် ကိုက်ညီမှသာ မိမိတို့အနေဖြင့် ဆရာဖြစ် သင်တန်းများ  ခေါ်ယူသည့်အချိန်တွင် လျှောက်ထားဆောင်ရွက်၍ ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ပညာရေးဝန်ကြီးဌာနဖြင့် မူကြိုထဲတွင် ပါဝင်သော KG တစ်ခုကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပြီးမှ ကျန် School Base Pre-School များကို ရပ်ရွာနှင့် ပေါင်းစပ်ပြီး ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။