မေးခွန်း အကြောင်းအရာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းကိုင်မြို့နယ်တွင် GSM, MPT တယ်လီဖုန်းတိုင်များ စိုက်ထူထားသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ယနေ့ထိတိုင် အများပြည်သူဆက်သွယ်အသုံးပြုခွင့် မရရှိသေး ပါကြောင်း၊ယခု မိုင်းကိုင်မြို့တွင် CDMA-450 တယ်လီဖုန်းလိုင်းများ တပ်ဆင်ထားရှိသော်လည်း အဆိုပါ ဖုန်းစက်ကို IP Star နှင့် ဂြိုလ်တုမှတစ်ဆင့် ဆက်သွယ်အသုံးပြုရသည့်အတွက် ဖုန်းခေါ်ဆို ရန်များစွာ ခက်ခဲလျက်ရှိပါကြောင်း၊လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် မဲဆန္ဒရှင်ပြည်သူများနှင့် အမြဲထိတွေ့ဆက်ဆံနိုင်ရန် ဖုန်းလိုင်းဆက်သွယ်မှု ခက်ခဲသည့် အတွက်ကြောင့် ပြည်သူ့ အသံ၊ ပြည်သူ့ဆန္ဒများကို ဖော်ထုတ်နိုင်ခြင်း မရှိသည့်အတွက် လွှတ်တော်၏ အားနည်းချက်များ ဖြစ်နေပါကြောင်း၊ထိုအားနည်းချက်များ ရှိနေခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ၊ပညာရေး ဆိုင်ရာ ၊စီးပွားရေးဆိုင်ရာ၊လူမှုရေးဆိုင်ရာများနှင့် ဌာနဆိုင်ရာဆက်သွယ်မှုများ အချက်အလက်ပေးပို့ခြင်း၊ရယူခြင်းများနှောင့်နှေးရပြီး ကမ္ဘာမှာ မြန်မာကို နောက်ကျကျန်စေခဲ့သည့် အဓိက အချက်ဖြစ်နေ ပါကြောင်း၊ယခုကဲ့သို့အရေးကြီးသည့် ဆက်သွယ်ရေး လိုအပ်ချက်သည် မိုင်းကိုင်မြို့တစ်ခုတည်း သာမဟုတ်ဘဲ လိုအပ်ချက်ရှိသည့် မြို့ရွာတိုင်းကို အမြန်ဖြည့်ဆည်းပေးရန်လည်း လိုအပ် ပါကြောင်း၊လွှတ်တော် အတွင်း ဆွေးနွေးမှတ်တမ်းတင် အတည်ပြုထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကဏ္ဍ၊လူမှုဘဝလုံခြုံရေး ကဏ္ဍနှင့် အခြားအရေးပါသည့် ဆွေးနွေးချက်များ ကို ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ အသိပေး နိုင်ခြင်းမရှိသည့်အတွက် ပြန်လည်ထိန်းကျောင်းခြင်း ကဏ္ဍလည်းမှေးမှိန်လျက် ရှိနေပါကြောင်း၊ E-Government နိုင်ငံအဖြစ် တည်ဆောက် ရာတွင် မြို့နယ်တိုင်းကောင်းမွန်သော ဖုန်းလိုင်းများ၊ Internet လိုင်းများ အသုံးပြုနိုင်သော အခြေအနေကို ဖန်တီးတည်ဆောက်ရန် အဓိက လိုအပ်လျက်ရှိပါကြောင်း၊ လက်ရှိ မိုင်းကိုင်မြို့နယ်တွင် ဖုန်းလိုင်းများ၊ Internet လိုင်းဆက်သွယ်မှု အသုံးမပြုနိုင်သည့်အတွက် ကမ္ဘာကြီးနှင့်သီးခြား ကင်းလွတ်၍ အဆက်အသွယ် ပြတ်တောက်နေသည့် မြို့တစ်မြို့အဖြစ် ရပ်တည် နေရပါကြောင်း၊
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း) တွင် ဆက်သွယ်ရေး တယ်လီဖုန်းလိုင်းများကို မည်မျှတပ်ဆင် ဆောင်ရွက်ထားရှိပြီး မည်သည့်မြို့နယ်များက မည်ကဲ့သို့ဆက်သွယ်အသုံးပြုနိုင်ကြောင်းနှင့် မိုင်းကိုင် မြို့နယ်နှင့် ဒေသတွင်း ဆက်သွယ်ရေး တိုးတက်ကောင်းမွန်ရန် မည်သည့်ကာလတွင် မည်ကဲ့သို့ စီစဉ် ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ် ၂၁ မြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနှင့် အော်တို အိတ်ချိန်း ၃၂ ခု၊ ADSL (Internal) စခန်း ၁၈ ခု၊ GSM (2G နှင့် 3G) စခန်း ၂၃၈ ခု၊ CDMA-800 စခန်း ၅ ခု၊ CDMA-450 MHz စခန်း ၂၀ ကို မိုင်းကိုင်မြို့နယ်တွင် CDMA-450 MHz စခန်းတစ်ခုကို ၈-၁၁-၂၀၁၁ ရက်နေ့တွင် ဖွင့်လှစ်ထားရှိခဲ့ပြီး GSM (2G,3G) စခန်းတစ်ခုကို V-Sat ဂြိုလ်တုစနစ်ဖြင့် ချိတ်ဆက်ပြီး ၁၅-၈-၂၀၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၎င်းမှာ Digital မရရှိသည့်အတွက် IP Star ကိုသုံးခဲ့ရာ ၈ လပိုင်းမှ Inter-Sat ဂြိုလ်တုကို စာချုပ်ငှားရမ်းပြီး ဂြိုလ်တုနေရာကိုရောက်အောင် Migrate ပြုလုပ်ရပါကြောင်း၊ ၎င်း Migrate ဆက်သွယ်သည့်ကိစ္စသည် ၈ လပိုင်းတွင် ပြီးသွားသည့်အတွက်ကြောင့် အသင့်အတင့် ကောင်းသွားမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ် ၂၁ မြို့နယ်ရှိ အခြား International Operator တယ်လီနော နှင့် အူရီဒူး တို့၏ လုပ်ဆောင်ချက်များမှာ တယ်လီနောက GSM စခန်း ၁၉၂ ခု၊ အူရီဒူး မြန်မာလီမိတက်က GSM စခန်း ၈၁ ခု စုစုပေါင်း GSM စခန်း ၂၇၃ ခုကို တည်ဆောက်ထားပြီး မိုင်းကိုင်မြို့နယ်တွင် တယ်လီနောမြန်မာလီမိတက်က GSM စခန်း နှစ်ခု၊ အူရီဒူးမြန်မာလီမိတက်က GSM စခန်း နှစ်ခုကို စက်ပစ္စည်းတပ်ဆင်ရန်နှင့် အဝေးဆက်ကြောင်း ချိတ်ဆက်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊မိုင်းကိုင်မြို့နယ်တွင် တယ်လီနောက နှစ်ခု၊ အူရီဒူးက နှစ်ခုဖြစ်ပါကြောင်း၊ စက်ပစ္စည်းများ တပ်ဆင်ရန်နှင့် အဝေးဆက်ကြောင်းများ တပ်ဆင်ရန် ကျန်ရှိသေးပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ AIPA Audit ဆက်ကြောင်းကိုလည်း ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းပြီး မိုင်းကိုင်ကိုသွားရန်အတွက် မိမိတို့ ကြိုးစားနေပါကြောင်း၊SIM Card များများရောင်းရသည့်အတွက် စီးပွားရေးတွက်ခြေကိုက်ခြင်း၊လူဦးရေ ထူထပ်သည့် နေရာများတွင်သာ Operator အားလုံးက လုပ်ချင်ကြပါကြောင်း၊ယခုရပ်ဝေးဒေသများ၊နယ်စွန်နယ်ဖျားများကို သွားရန်အတွက်လည်း တွန်းအားပေး ဆောင် ရွက်နေရပါကြောင်း၊ Operator စာချုပ် အရ နှစ်နှစ်ခွဲနီးပါးခန့်ရှိပြီဖြစ်ပြီး သုံးနှစ်ပြည့် သည့်အခါ ၎င်းတို့၏ Commit Map အရ မပြည့်မီပါက Universal Service Fund ဟုခေါ်သည့် Total Revenue စုစုပေါင်း ဝင်ငွေပေါ်မှ Universal Service Fund (USF) နှစ်ရာခိုင်နှုန်းကို ရရှိအောင် တောင်းခံမည် ဖြစ်ပါကြောင်း၊ ယခုငါးနှစ်အတွင်း အစွန်အဖျားဒေသများအားလုံးကို ရောက်ရှိအောင် ကြိုးစားသွားနိုင်မည်ဟု ယုံကြည် ပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။
