(က - ဖုန်း တာဝါတိုင်ကို မန်တုံမြို့ပေါ် ရပ်ကွက် သို့ရွှေ့ပြောင်းပေးရန်နှင့်အခြားလူဦးရေ ထူထပ် သည့်ကျေးရွာအုပ်စုများတွင်ဖုန်းလိုင်းများတိုးချဲ့ပေး ရန်အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၂) ရက်မြောက်နေ့ (၂၈.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ

daw nan moeမန်တုံမြို့တွင် ရပ်ကွက် ၃ ခုနှင့် ကျေးရွာအုပ်စု ၂၉ ခုရှိသော်လည်း မြို့ပေါ်ရပ်ကွက် ၃ခုမှလွဲ၍ ကျန်လူနေထူထပ်သည့် ကျေးရွာအုပ်စုများတွင် ယခုအချိန်အထိ ဆက်သွယ်ရေးလိုင်း မရသေး ပါကြောင်း၊လမ်းပန်း ဆက်သွယ်ရေးခက်ခဲခြင်း၊နယ်မြေမအေးချမ်းခြင်းကြောင့် ရပ်ရေး၊ရွာရေး ကိစ္စများ ဆောင်ရွက်ခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်ခြင်းများတွင် ဖုန်းလိုင်းမရသည့်အတွက် အလွန်ခက်ခဲပြီး ယခုအချိန်ထိ စာပို့သည့် စနစ်ကိုသာ ကျင်‌့သုံး နေရသည့်အတွက် လုပ်ငန်းပြီးမြောက်မှု အလွန်နှေးကွေးပါကြောင်း။

မြို့ပြကြီးများတွင် e-Government ဟု ပြောနေချိန်တွင် မိမိတို့မြို့သည် ယခုချိန်အထိ ဖုန်းလိုင်းကောင်းရန် ကြိုးစားနေရဆဲဖြစ်ပါကြောင်း၊ မန်တုံမြို့နယ်ရှိ ဆက်သွယ်ရေးတာဝါတိုင်ကို ၂၀၀၇ ခုနှစ်တွင်  တည်ထောင်ပြီး နမ္မတူမြို့ တာဝါတိုင် Station မှတစ်ဆင့် ဆက်သွယ်၍ အသုံးပြုလျက်ရှိပါကြောင်း၊ယင်းသို့ ဆက်သွယ်ရေးစနစ်ကောင်းမွန်လာသဖြင့် ပြည်သူများ၏ လူမှုကိစ္စအဝဝ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေ၍ မြို့ပေါ် အတွင်း အော်ပရေတာလိုင်းများ ထပ်မံဖွင့်လှစ်ပေးပါရန်လည်း လိုအပ်နေပါကြောင်း၊သို့မှသာ မြို့နှင့်ကျေးရွာ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊မန်ပတ်ကျေးရွာတွင် စိုက်ထူထားသောတိုင်မှာ ဖုန်းလိုင်းအတွက် အသုံးပြုထားသော တာဝါတိုင် မဟုတ်ဘဲ ရုပ်သံလိုင်းအတွက် စလောင်းတိုင်ဖြစ် ၍ လေအနည်းငယ်တိုက်ခံရရုံဖြင့် လိုင်းများ ပြတ်တောက်သွားခဲ့ပြီး ဖုန်းလိုင်းများ ဆက်သွယ်ရာတွင်လည်း အခက်အခဲဖြစ်ပေါ်မှု မကြာခဏ ကြုံတွေ့နေရပါကြောင်း၊၂၀၀၇ ခုနှစ်တွင် တာဝါတိုင် စိုက်ထူရန် ဖောင်ဒေးရှင်းများ လုပ်ထားသော်လည်း ယခုအချိန်ထိ အကောင်အထည် မဖော်သေးပါကြောင်း၊နမ့်ဟိုင်း၊မိုင်းမော်အုပ်စု၊စိုင်းလိမ်အုပ်စု၊မန်ဆက်အုပ်စု၊လွယ်ကန်ရပ်ကွက်၊ မန်ပေါ့အုပ်စု စသည့် လူနေထူထပ်သည့် ကျေးရွာအုပ်စုတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ဖုန်းလိုင်းတိုးချဲ့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဖုန်းတာဝါတိုင်ကို မြို့ပေါ်ရပ်ကွက်ကို ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်
အဖြေ
ဖြေကြားချက် 

thant zin mgမန်တုံမြို့သည် ပထဝီဝင် အနေအထားအရ ချိုင့်ဝှမ်းအတွင်း တည်ရှိသည့်အတွက်ကြောင့် အဝေးဆက်သွယ်မှုစနစ်ရရှိရန် လားရှိုး(ဆင်တောင်)-နမ္မတူ မိုက္ကရိုဝေ့ဗ်စခန်း (ဂျပန်တောင်) မှ တဆင့် မန်တုံကို ဆက်သွယ်ရပါကြောင်း၊ မန်တုံမြို့အနီးရှိ မန်ပတ်မိုက္ကရိုဝေ့ဗ်စခန်း တည်ရှိရာနေရာမှ Line of Sight ကောင်းစွာရပါကြောင်း၊ ထို့ကြောင့် မန်တုံမြို့သည် ချိုင့်ဝှမ်းထဲတွင်ရှိနေ၍ Line of Sight ရသော မန်ပတ်ဆက်သွယ်ရေးစခန်းကို ရွေးချယ်ထားရသည့်အတွက် မန်တုံမြို့ပေါ်ရပ်ကွက်သို့ ပြောင်းရွှေ့ပေးနိုင်ခြင်းမရှိပါကြောင်း။

လားရှိုး(ဆင်တောင်)-နမ္မတူ-မန်ပတ် မိုက်ခရိုဝေ့ဗ် ဆက်ကြောင်းကို သုံးပြီး CDMA ကို ဆက်ရခြင်းဖြစ်ပါကြောင်း၊CDMA-450 သည် Digital မရပါကြောင်း၊ဆက်သွယ်ရေး လိုင်းကောင်းစွာ မရသည့်အတွက် စလောင်းကြီးကို သုံးရခြင်းဖြစ်ပါကြောင်း၊ပထမ IP Star ကိုသုံးပြီး နောက်ပိုင်း အမေရိကန် Satellite ကို ပြောင်းသုံးပြီး Migrate လုပ်ထားပါကြောင်း၊ထို့ကြောင့် ယခင်က ဂြိုလ်တုဆက်ကြောင်းများကို သုံးသည့်အခါ Bandwidth သည် အနည်းငယ်သာ ရသည့်အတွက် ရာသီဥတု မကောင်းသည့် အချိန်တွင် ခဏခဏ ပြတ်တတ်ပါကြောင်း။

အခု အချိန်တွင် မန်တုံမြို့၌ Auto Exchange နှင့် GSM/UMTS မိုဘိုင်းဆက်သွယ်ရေးစခန်း ဆိုဒ်အမှတ် (SHN 00123) ကိုလည်း တည်ဆောက်ပြီး မိုဘိုင်းဝန်ဆောင်မှုများကို ပေးနေပြီဖြစ် ပါကြောင်း၊ ထို့အပြင် မန်တုံမြို့၌ ဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရန် လုံးတောင်ကျေးရွာ ဆိုဒ်အမှတ် (SHN 00296) ၌ စခန်းတစ်ခု၊ နောင်ရှမ်းကျေးရွာတွင် ဆိုဒ် အမှတ် (SHN 00281) ၌ စခန်းတစ်ခု စုစုပေါင်း GSM/UMTS စခန်း ၂ ခုကို တိုးချဲ့ဖွင့်လှစ်ရန်အတွက် မြေနေရာများ ရှာဖွေဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေနေရာရရှိသည့်အခါ တာဝါတိုင် တည်ဆောက်ခြင်း၊ စက်ပစ္စည်းများ တပ်ဆင်ခြင်း၊ အဝေးဆက်သွယ်မှုဆက်ကြောင်း ချိတ်ဆက်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ GSM/UMTS မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းများကို ၂၀၁၇ ခုနှစ် ဇူလိုင်တွင် စတင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။

မန်တုံမြို့‌ပေါ်တွင် ဖုန်းလိုင်းများ ပြတ်တောက်မှုမရှိစေရန်အတွက် မိုက်ခရိုဝေ့ဗ် ဆက်ကြောင်းနှင့် ဖိုက်ဘာ အဝေးဆက်သွယ်မှု ဆက်ကြောင်းများကိုလည်း ရရှိလာစေရန် ရာသီဥတု အခြေအနေ၊ မြေပြင်အနေအထား၊ လျှပ်စစ် ဓာတ်အား ရရှိနိုင်မှု အခြေအနေ စသည်တို့အပေါ် မူတည်ပြီး  ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

အခြား Operator များအနေဖြင့် Telenor သည် မန်တုံမြို့နယ်၌ ဆက်သွယ်ရေး တာဝါတိုင် ၂ ခု ဆောက်လုပ်ရန် ဆိုဒ်အမှတ် (SHN 0530) နှင့် (SH 0941) တို့တွင် တာဝါတိုင်တစ်တိုင်စီ တည်ဆောက်ပေးရန်အတွက် လျာထားပါကြောင်း၊ မြေနေရာရရှိပါက တာဝါတည်ဆောက်ခြင်းနှင့် စက်ပစ္စည်းတပ်ဆင်ခြင်း၊ အဝေးဆက်သွယ်မှုဆက်ကြောင်း ချိတ်ဆက်ခြင်းတို့ကိုလည်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ Ooredoo သည် မန်တုံမြို့နယ်တွင် မလုပ်နိုင်သေးပါကြောင်း၊ ယခု လောလောဆယ် လျာထားခြင်းမရှိသေးသော်လည်း ပေမဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်မှု တိုးချဲ့သည့်အချိန်တွင် ထည့်သွင်းဆောင်ရွက်သွားမည်ဟု သိရပါကြောင်း။

တအောင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊မန်တုံမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသော CDMA-450 စခန်း နှစ်ခုမှာ မန်ပတ်နှင့် မန်တုံတွင်ဖြစ်ပြီး မန်တုံတွင် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊လုံးတောင်ကျေး ရွာနှင့် နောင်ရှမ်းကျေးရွာတွင် မြေနေရာရှာဖွေလျက်ရှိပြီး မြေနေရာများ မြန်မြန်ဆန်ဆန် ရရှိရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများကို ကော်မတီဖွဲ့ပြီး ဗဟို၊ ပြည်ထောင်စုအစိုးရ၊တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကြားတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် မိမိတို့ အစည်းအဝေးလည်း ခေါ်ထားပြီးဖြစ်ပြီး မိမိတို့အနေဖြင့် တွန်းအားပေး ဆောင်ရွက်နေပါကြောင်း၊ဖွင့်လှစ်ပြီး နှစ်နေရာဖြစ်ပြီး မြေနေရာရှာရန်အတွက် လျာထားသည် မှာTelenor နှစ်နေရာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။